All News Local News

NLD ပါတီက အရေးယူလိုက်သည့် တိုင်း/ပြည်နယ်အစိုးရအဖွဲ့နှင့် လွှတ်တော်ပိုင်း အကြီးအကဲ ၁၂ ဦးထိရှိဟုဆို

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၅

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) ပါတီက အရေးယူထားသည့် တိုင်း/ပြည်နယ်အစိုးရအဖွဲ့ နှင့် လွှတ်တော်ပိုင်း အကြီးအကဲ ၁၂ ဦး ထိရှိလာပြီဖြစ်ကြောင်း NLD ၏ ဒုတိယဥက္ကဋ္ဌ ၂ ဒေါက်တာဇော်မြင့်မောင်က ပြောသည်။

ယမန်နေ့ NLD ဗဟိုကော်မတီ အစည်းအဝေးနှင့်ပတ်သက်သော သတင်းစာရှင်းလင်းပွဲတွင် ၎င်းက အထက်ပါအတိုင်းပြောဆိုခြင်းဖြစ်သည်။

“အချို့သော ပြည်နယ်တိုင်းအစိုးရ တာဝန်ခံများကို တိုင်ကြားမှုမှာ အပြစ်ရှိကြောင်း ထင်ရှား ပေါ်လွင်နေသောကြောင့် စစ်ဆေးရေးအဖွဲ့ ကို မဖွဲ့စည်းတော့ဘဲ တာဝန်မှ နုတ်ထွက် စေခဲ့ပါ တယ် ဆိုပြီးတော့ နိုင်ငံရေးအစီရင်ခံစာမှာ ရေးထားပါတယ်။ အချို့သော ပြည်နယ်အစိုးရ အဖွဲ့ဝင်များကို စုံစမ်းစစ်ဆေးချက်အရ နုတ်ဖြင့် သတိပေးခြင်း၊ စာဖြင့် သတိပေးခြင်း တာဝန်မှ ရပ်ဆိုင်းခြင်းတို့ကို ပြုလုပ်ခဲ့ပါတယ်” ဟု ဒေါက်တာဇော်မြင့်မောင်က ဆိုသည်။

တနင်္သာရီတိုင်းဝန်ကြီးချုပ် ဒေါက်တာဒေါ်လဲ့လဲ့မော်နှင့် တိုင်းအစိုးရအဖွဲ့ဝင် ဝန်ကြီးတချို့ ကို တိုင်ကြား မှုများနှင့်ပတ်သက်ပြီး အဂတိတိုက်ဖျက်ရေးကော်မရှင်က စုံစမ်းစစ်ဆေးမှုများ ပြုလုပ်နေပြီဖြစ်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) ၏ ပြောခွင့်ရပုဂ္ဂိုလ် ဒေါက်တာ မျိုးညွန့်က ပြောသည်။

“ကျနော်တို့က အမှုကို စစ်ဆေးဘဲရှိပါတယ်။ နောက် အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင် ကလည်း စစ်ဆေးနေပါတယ်။ အဲဒီကနေပြီးတော့ စစ်ဆေးပြီးပေါ်ပေါက်ချက်ကို မူတည်ပြီးတော့ စဉ်းစားမှာပါ” ဟု ဒေါက်တာမျိုးညွန့်က ဆိုသည်။

တနင်္သာရီတိုင်းဝန်ကြီးချုပ် ဒေါက်တာဒေါ်လဲ့လဲ့မော် ၊ တနင်္သာရီတိုင်း NLD ပါတီဥက္ကဋ္ဌ ဦးအောင်စိုးတို့ကို အဂတိလိုက်စားမှုနှင့်မသက်ဆိုင်သည့် သီးခြားတိုင်ကြားမှု တစ်ခုရှိနေပြီး ယင်းတိုင်ကြားမှုကို ပါတီစည်းကမ်းထိန်းသိမ်းရေးက စစ်ဆေးနေကြောင်း NLD ပါတီ၏ ဗဟိုအလုပ်အမှုဆောင် ဦးဉာဏ်ဝင်းက ဆိုသည်။

“တကယ်တမ်းကျတော့ ဒီဟာနဲ့မပတ်သက်တဲ့ တိုင်ကြားချက်လည်း ရှိတယ်။ အမှုတွဲ သီးသန့်စီရှိတယ်။ အဲဒီကောင်ကလည်း ဆက်သွားနေတယ်။ ပါတီစည်းကမ်းထိန်းသိမ်းရေးနဲ့ မပတ်သက်နဲ့ရင် ကျနော်တို့ မထိဘူး။ အဂတိနဲ့ပတ်သက်ရင် အဂတိကိုသွား” ဟု ဦးဉာဏ်ဝင်းက ဆိုသည်။

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

Related Posts