interview political news

“Confederation ကိစ္စတို့ ဘာတို့ကျ NCA နဲ့လည်း ဆန့်ကျင်ဘက် ဖြစ်နေတယ်”

တပ်မတော်ပြောခွင့်ရပုဂ္ဂိုလ်ဗိုလ်မှူးချုပ်ဇော်မင်းထွန်းနှင့်ဆက်သွယ်မေးမြန်းချက်

By သာလွန်ဇောင်းထက်(ရန်ကုန်ခေတ်သစ်)

ရခိုင်ပြည်နယ်တွင် တပ်မတော်နှင့် အေအေ ရခိုင်တပ်ဖွဲ့တို့အကြား တိုက်ပွဲများ ပြင်းထန်လျက်ရှိရာ တပ်မတော်ပြောခွင့်ရပုဂ္ဂိုလ် ဗိုလ်မှူးချုပ် ဇော်မင်းထွန်းကို ရန်ကုန်ခေတ်သစ်က ဆက်သွယ် မေးမြန်းထားပါသည်။

မေး ။ ။ မြောက်ဦးမှာ ဖေဖော်ဝါရီလ ၁၀ ရက်နေ့ တပ်မတော်ယာဉ်တန်း တိုက်ခိုက်တယ်ဆိုတဲ့အေအေ တပ်ဖွဲ့ ရဲ့ ထုတ်ပြန်ချက် ထွက်လာပါတယ်။ အဲဒီဖြစ်စဉ်အကြောင်း သိချင်လို့ပါ။

ဖြေ ။ ။ မနက် ၉ နာရီလောက်ကဖြစ်တယ်၊ ဖြစ်တဲ့အခါမှာတော့ ကျနော်တို့ ဒီ မြောက်ဦးဆိုတာထက် ကျောက်တော်နားလေးမှာပဲ။ ကျောက်တော်နားလေးမှာ ဖြစ်တယ်။ ဖြစ်တယ်ဆိုတော့ ကျနော်တို့ မိုင်းကွဲတာဖြစ်တယ်၊ ထိခိုက်ခံရမှု မရှိပါဘူး။ လူရော ပစ္စည်းတွေရော ထိခိုက်ခံရမှု မရှိပါဘူး။

မေး ။ ။ ခု တိုက်ပွဲဖြစ်တဲ့ဧရိယာက တဖြည်းဖြည်းနဲ့ ကျယ်လာတာပေါ့နော်။

ဖြေ ။ ။ အဲဒီနေရာက အရင် ဝန်ကြီးချုပ်ဦးညီပု မိုင်းခွဲခံသွားရတဲ့ မိုင်းခွဲတဲ့နေရာနဲ့ သိပ်မဝေးဘူး၊ ခုဖြစ်တဲ့နေရာနဲ့က။ နောက်ပြီးတော့ ၂၀၁၃-၁၄ လောက်မှာ အဲ့ဒီနားလေးတစ်ဝိုက်မှာ မိုင်းထောင်တာတို့၊ နည်းနည်း ထိတွေ့တိုက်ပွဲလေးတွေဖြစ်ပွားတာတော့ရှိတယ်။ ကျနော်ထင်တာတော့ သိပ်ပြီးတော့ ကျယ်ကျယ်ပြန့်ပြန့်မရှိဘူး။ ၂၀၁၃-၁၄ ထက် နည်းနည်းလေး ကျယ်လာတာပဲရှိတယ်၊ ကျယ်တာက နေရာပဲကျယ်လာတာ။ အရင်က ၂၀၁၃-၁၄ ဆို ကျနော်တို့ အရင် ဇန်နဝါရီလ ၄ ရက်နေ့မှာ တိုက်ခိုက်ခံရတဲ့ ကထိလတို့ ကုန်းကြီးတို့ အိုက်ပခန်းနားလေး တစ်ဝိုက်ပဲ လှုပ်ရှားမှုရှိတယ်။ အိုက်ပခန်းနားတောင်မရောက်ဘူး။ ခုနောက်ပိုင်း မင်းကြီးတောင်ရဲ့အရှေ့ဘက်ကပ်လျက်နေရာတွေကို နည်းနည်းရောက်လာတယ်။ ဟိုဘက် ကျောက်တော်ဘက် ဘာညာနဲ့ ပလက်ဝဘက်ကတော့ ၂၀၁၃-၁၄ သူတို့ လှုပ်ရှားခဲ့တာတွေက အဲဒါတွေက ရှိပြီးသား။ အဲဒီတုန်းကတော့ ကျနော်တို့က သတင်းသိရတာရယ် ထုတ်ပြန်မှုရယ်က သိပ်အဝှါမပြုသေးလို့သာ မသိကြသေးလို့သာ အာရုံစိုက်မှုနည်းလို့သာ၊ အဲဒီနေရာကြီးက ဖြစ်နေကျနေရာချည်းပဲ။ ထူးထူးခြားခြားဖြစ်နိုင်တာက ကျနော်တို့ အမ်းနဲ့ ကျောက်တော်ကြားမှာ ဖြစ်သွားတဲ့ဟာလေးတစ်ခုရှိတယ်။ အဲ့နားလေးတစ်ခုကတော့ နည်းနည်းကျယ်ပြန့်လာတဲ့သဘောရှိတယ်။

မေး ။ ။အေအေဘက်က ထုတ်ပြန်ချက်မှာ တပ်မတော်ဘက်က ၁၆ ဦးကျဆုံးတယ်ဆိုပြီး သူတို့ဘက်က အဲဒီလိုသတင်းတင်ထားတာလည်း တွေ့လို့လေ။

ဖြေ ။ ။ မရှိပါဘူးဗျ၊ မရှိဘူး။ ထိတွေ့တိုက်ပွဲဖြစ်ပွားတာတော့ရှိတယ်၊ ကျဆုံးဒဏ်ရာရ မရှိပါဘူး။

မေး ။ ။ အဲ့ဒါဆိုရင်တော့ အေအေကထုတ်ပြန်ထားတာ အမှားကြီးလို့ ဆိုလိုချင်တာလား။

ဖြေ ။ ။ မှန်တယ်၊ မှန်တယ်။

မေး ။ ။ နောက်ဆုံးအခြေအနေက အေအေနဲ့ ငြိမ်းချမ်းရေးဆွေးနွေးတဲ့ဟာတွေ အခြေအနေကရော ဘယ်လိုရှိလဲမသိဘူး၊ တပ်မတော်ဘက်ကရော ထုတ်ပြန်ထားတာဆိုတော့လေ။

ဖြေ ။ ။ ကျနော်တို့ကတော့ လမ်းကြောင်းဖွင့်ပေးထားတာပေါ့၊ ကျနော်တို့ ၂၁ ရက်နေ့ ထုတ်ပြန်ချက်မှာလည်း ပါပြီးသားပါ။ ပထမအပိုဒ်မှာကိုက အဖွဲ့အစည်းတွေသည် ငြိမ်းချမ်းရေးအတွက် လုပ်ချင်တယ်ဆိုရင် ဒါတွေနဲ့အညီ လုပ်ရမယ်၊ ဘယ်နေရာတွေမှာရပ်ရပ် မည်သည့်အဖွဲ့အစည်းကိုမဆိုကတော့ ညှိယူမယ်ပေါ့ဗျာ၊ မည်သည့်အဖွဲ့အစည်းကိုမဆို ဆွေးနွေးနိုင်ဖို့အတွက် NRPC နဲ့ပဲ ဆွေးနွေးမလား၊ တပ်မတော်ရဲ့ ရှေးဦးအဖွဲ့နဲ့ပဲ ဆွေးနွေးမလား ကျနော်တို့က ငြိမ်းချမ်းရေးကတော့ လမ်းဖွင့်ပေးထားပါတယ်ဗျ။ မူဝါဒတွေနဲ့ကိုက်ညီတဲ့ ဆွေးနွေးမှုတော့ ဖြစ်ရမှာပေါ့။ ခုနပြောသလို Confederation ကိစ္စတို့ ဘာတို့ကျ NCA နဲ့လည်း ဆန့်ကျင်ဘက် ဖြစ်နေတယ်။ အဲဒီလိုမျိုးဆွေးနွေးမှုမျိုးဆိုရင်လည်း သဘောထားပြောင်းလဲဖို့ လိုနေတယ်။ အဲဒါမှလည်း သတင်းနဲ့ပြန်ကြားရေးကော်မတီဥက္ကဋ္ဌ ဗိုလ်ချုပ်စိုးနိုင်ပြောသွားတာလည်း အဲဒါပဲ။

မေး ။ ။ အဲဒီတော့ အေအေက Confederation ဆိုတာကြီးကိုတော့ စွန့်လွှတ်ဖို့လိုတဲ့သဘောလား။

ဖြေ ။ ။ လိုတာပေါ့၊ လိုတာပေါ့။ NCA နဲ့အညီပဲ၊ NCA ထဲမှာပါတဲ့ဟာတွေအတိုင်းပဲ။ NCA ထဲမှာတော့ သူတို့အခွင့်အရေးတွေကို သူတို့လိုတာထက်တောင်မှ ကျနော်တို့ ပိုပေးထားတာပဲ။ ကျန်တဲ့အဖွဲ့တွေလည်း ဒီ NCA ဆိုတာ အားလုံးသိပြီးသားပါ။ EAO က ဆွဲတဲ့ဟာတွေပေါ့လေ။ EAO က ဦးစီးလုပ်ခဲ့တဲ့ဟာတွေပဲ။ ဒီတိုင်းဆွေးနွေးဖို့ လိုတာပေါ့။ ဒါတွေအတွက်က ကျနော်တို့က အမြဲတမ်းလမ်းဖွင့်ပေးထားပြီးသားပါ။

မေး ။ ။ မနေ့က ကျောက်တော်မှာ တောင်မီးကုလားရွာဘက်မှာ တိုက်ပွဲဖြစ်တာလည်း တစ်နာရီကြာတိုက်ပွဲဖြစ်တယ်လို့ပြောတယ် အေအေက ထုတ်ပြန်ထားတယ်။ အဲဒီမှာလည်း တပ်မတော်ဘက်ကနေ ထိခိုက်အကျအဆုံးများတယ်ဆိုပြီးတော့ ထုတ်ပြန်ထားတာရှိတယ်။ အဲဒီဟာကရော..။

ဖြေ ။ ။ ထိတွေ့မှုတော့ ရှိပါတယ်။ ကြီးကြီးကျယ်ကျယ်ထိတွေ့မှုကြီးတော့ မဟုတ်ပါဘူး။ ထိခိုက်ကျဆုံးမှုကလည်း သူတို့ရေးထားတဲ့အတိုင်းလည်း မဟုတ်ပါဘူး။

မေး ။ ။ ဒါဆို အေအေဘက်က ထုတ်ပြန်တဲ့ဟာတွေက အမှားတွေပဲဆိုတော့ စိတ်ဓာတ်စစ်ဆင်ရေးပုံစံနဲ့ လုပ်တဲ့သဘောလို့ ဆိုလိုချင်တာလား။

ဖြေ ။ ။ ဟုတ်ပါတယ်၊ ဟုတ်ပါတယ်။

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

khitthitnews.com

Related Posts

khitthitnews.com