All News Local News

၁၀ တန်းကျောင်းသား မောင်ဇော်ဇော်နိုင်ဌေးကို ဖမ်းဆီးနှိပ်စက်ခြင်းမရှိ၍ မိဘများကို တပ်မတော်က အမှုဖွင့်မည်ဟု ဗိုလ်မှူးချုပ်ဇော်မင်းထွန်းပြော

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၇

ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့၊ ပြည်တော်သာရပ်ကွက်နေ ၁၀ တန်းကျောင်းသား မောင်ဇော်နိုင်နိုင်ဌေးကို တပ်မတော်က ဖမ်းဆီးနှိပ်စက်ခြင်းမရှိဘဲ ဖမ်းဆီးနှိပ်စက်သည်ဟု ပြောဆိုသော မိဘများကို တပ်မတော်က အမှုဖွင့်မည်ဖြစ်ကြောင်း တပ်မတော်ပြောခွင့်ရပုဂ္ဂိုလ် ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ပြောသည်။

ဖေဖော်ဝါရီ ၂၁ ရက်နေ့ ၊ ညနေပိုင်း မောင်ဇော်နိုင်နိုင်ဌေးသည် ကောင်းကင်သစ် ဆီဆိုင်မှ ဆိုင်ကယ်ဆီထည့်ပြီး အပြန်တွင် ၃၇၅ တပ်ရင်းမှ စစ်သားများက ၎င်းကို သေနတ်ထောက်ပြီး ရိုက်နှက်ခဲ့ကြောင်း၊ ယင်းနောက် ဆိုင်ကယ်ကိုပါ စစ်ကားပေါ်တင်ပြီး ကန်စောက် ၅၃၉ တပ်ရင်းသို့ မောင်ဇော်နိုင်နိုင်ဌေးကို ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်း၊ မောင်ဇော်နိုင်နိုင်ဌေးက သူ့တွင်ပါလာသည့် တက္ကသိုလ်ဝင်တန်းဖြေဆိုခွင့် ကတ်ပြားကို စစ်ကားပေါ်ရောက်ရှိစဉ် ထုတ်ပြသော်လည်း ပြန်လွှတ်ပေးခြင်းမရှိဘဲ ဖမ်းဆီးခဲ့ကြောင်း၊ တပ်ရင်း ၅၃၉ နား အရောက်တွင် အရာရှိဟု ထင်ရသူကို တက္ကသိုလ်ဝင်တန်း ဖြေဆိုခွင့်ကတ်ပြား ထုတ်ပြသည့်အခါမှ လွှတ်ပေးခဲ့ကြောင်း ဖခင်ဖြစ်သူ ဦးရွှေစိန်ဦးက ပြောဆိုသည်။

ဗိုလ်မှူးချုပ်ဇော်မင်းထွန်းကမူ တပ်မတော်သားအယောင်ဆောင်၍ AA တပ်ဖွဲ့ က ဖမ်းဆီးမှုများရှိကြောင်း၊ မောင်ဇော်နိုင်နိုင်ဌေး ကိစ္စတွင် တပ်မတော်က ဖမ်းဆီးရိုက်နှက်မှု တစ်စုံတစ်ရာမရှိဘဲ AA က စစ်တပ်အယောင်ဆောင်၍ လုပ်ဆောင်သွားခြင်းခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

“အွန်လိုင်းပေါ်မှာလည်း ၁၀ တန်းကျောင်းသားတစ်ယောက်၊ အဲဒါနဲ့ပတ်သက်ပြီး တပ်မတော်ကလည်း တရားစွဲဖို့ လုပ်ထားတယ်။ ပြန်ပြီးတော့မှ ရဲစခန်းမှာ ပြန်ပြီးမေးလိုက်တဲ့အတွက်ကြောင့် အဲဒါကို သူ့ကို လက်နက်ကိုင်တပ်ဖွဲ့က ဖမ်းသွားတာ၊ တပ်က မဟုတ်ဘူး။ အဲဒါသေချာတယ်။ အဲဒါကို တပ်ကဖမ်းသွားတယ်ဆိုပြီး၊ စကားမပြောနိုင်တော့ဘူးဆိုပြီး ကြားနေတာရှိတယ်။ ရသေ့တောင်ဘက်မှာလည်း အဲဒီလိုပဲ တပ်ကနေ ပြီး ဖမ်းသွားပါတယ်ဆိုပြီးပြောတာ။ အမှန်တကယ်ကတော့ AA ဖမ်းသွားတဲ့ဟာပေါ့။ စစ်တပ်အယောင်ဆောင်ပြီး ဖမ်းသွားတဲ့ အဖြစ်အပျက်တွေရှိတယ်။ ကျနော်တို့ အခု သူ့မိဘတွေကိုတော့ အဲဒီထဲမှာ အမှုဖွင့်ထားတာရှိတယ်။ ပြန်အမှုဖွင့် ထားတာ” ဟု ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ပြောသည်။

သို့ရာတွင် ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက မည်သည့် ပုဒ်မဖြင့် မိဘများကို အမှုဖွင့်ထားသည်ကိုမူ အသေးစိတ် ထုတ်ဖော်ပြောဆိုခြင်းမရှိပေ။

မောင်ဇော်နိုင်နိုင်ဌေး၏ ဖခင်ဖြစ်သူ ဦးရွှေစိန်ဦးက တပ်ရင်း ၅၃၉ မှ တပ်မတော်သားအချို့ကို ရာဇသတ်ကြီး ပုဒ်မ ၃၅၂ ၊ ၃၄၂ ၊ ၃၂၅ ၊ ၁၁၄ တို့ဖြင့် ကျောက်တော်မြို့မရဲစခန်းတွင် ဖေဖော်ဝါရီ ၂၅ ရက်နေ့က အမှုဖွင့်ထားကြောင်း သိရှိရသည်။

တပ်မတော်က မောင်ဇော်နိုင်နိုင်ဌေး၏ ဖခင်ဖြစ်သူ ဦးရွှေစိန်ဦးနှင့် မှုခင်းသတင်းထောက် ကိုကျော်လှမြင့်တို့ကို နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅ (ခ) ဖြင့် အမှုဖွင့်မည် ဆိုသော သတင်းများ ထွက်ပေါ်လျက်ရှိသည်။

ပံုစာ – စစ်တွေဆေးရုံတွင် ဆေးကုသမှု ခံယူနေရသော ၁၀ တန်းကျောင်းသား မောင်ဇော်နိုင်နိုင်ဌေး။

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

khitthitnews.com

Related Posts

khitthitnews.com