All News Local News

အလုပ်သမားထုအတွက် အခြေအနေမကောင်းလာ၍ သုံးပွင့်ဆိုင်ဖြေရှင်းရေးယန္တရားတွင် ပါဝင်မှု CTUM ရပ်နား

ရန်ကုန်၊ ဖေဖော်ဝါရီ ၂

မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမား အဖွဲ့ချုပ်များအနေဖြင့် သုံးပွင့်ဆိုင်ယန္တရားတွင် တက် ကြွစွာ ပါဝင်ခဲ့သော်လည်း အလုပ်သမားထုအတွက် ပိုကောင်းမွန် သော အခြေအနေကို မဖန်တီးပေးနိုင်သဖြင့်အစိုးရ၊ အလုပ်ရှင်၊ အလုပ်သမား သုံးပွင့်ဆိုင်ဖြေရှင်းမှု ယန္တရားများ တွင် ပါဝင်နေမှုကို ယာယီရပ်ဆိုင်းထားကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမားသမဂ္ဂများအဖွဲ့ ချုပ် (CTUM) လက်ထောက် အထွေထွေ အတွင်းရေးမှူး ဒေါ်ဖြိုးစန္ဒာစိုး က ပြောသည်။

“ကျမတို့က အလုပ်သမားရေးရာနှင့် ပတ်သက်တဲ့အခြေအနေတွေ ပိုကောင်းလာဖို့ အစိုးရ၊ အလုပ်ရှင် ၊ အလုပ်သမား သုံးပွင့်ဆိုင်ယန္တရား မြန်မာနိုင်ငံမှာရှိပါတယ်။ အဲ့လို့ယန္တရားမှ ကျမတို့အလုပ်သမားအဖွဲ့ချုပ်တွေ တက်ကြွစွာပါဝင်ခဲ့တယ်။ အစည်းအဝေးပွဲတွေတစ်ကြိမ်မှ မပျက်ကွက်ခဲ့ဘူး။ အစည်းအဝေးတွေပုံမှန်တက်ခဲ့တယ်။အခြားခရီးစဉ်တွေရှိတယ်။ စည်းရုံးရေးလုပ်ငန်းစဉ်တွေ ရှိရင်တောင် ပစ်ချထားခဲ့ပြီး အစိုးရ၊အလုပ်ရှင် ၊အလုပ်သမားသုံးပွင့်ဆိုင်ယန္တရားစည်းဝေးမှုတွေကို ပုံမှန်တက်ပါတယ်။ သို့သော်လည်း ကျမတို့ တက်လာခဲ့တဲ့တလျှောက် ကာလမှ ကျမတို့အလုပ်သမားတွေအတွက် ပိုကောင်းတဲ့အနေအထားတစ်ခုကို မဖန်တီးပေးနိုင်ခဲ့ဘူး။ အခြေအနေက ပိုတောင်ဆိုးရွားလာသေးတယ်။ ဒါကြောင့် ကျမတို့က သုံးပွင့်ဆိုင် ယန္တရားကနေ ဆိုင်းငံ့ထားခြင်းဖြစ်တယ် ” ဟု CTUM လက်ထောက် အထွေထွေ အတွင်းရေးမှူး ဒေါ်ဖြိုးစန္ဒာစိုး ကပြောသည်။

အစိုးရပိုင်း၊ လွှတ်တော်ပိုင်း၏ တုံ့ပြန်မှုကို စောင့်ကြည့်၍ သုံးပွင့်ဆိုင် ယန္တရားတွင် ဆက်လက်ပါဝင်သင့် ၊ မသင့် ဆုံးဖြတ်သွားမည်ဖြစ်ကြောင်း ၊ တုံ့ပြန်မှု မရှိပါက အဖွဲ့ချုပ်အနေဖြင့် လုပ်ဆောင် သင့်သည်များ ကို ဆက်လက်လုပ်ဆောင် သွားမည် ဖြစ်ကြောင်း ၎င်းက ဆို သည်။

အစိုးရ၊ အလုပ်ရှင်၊ အလုပ်သမား သုံးပွင့်ဆိုင်ဖြေရှင်းမှုယန္တရားများ တွင် ပါဝင်နေမှုကို ဇန်နဝါရီလ ၂၅ ရက်နေ့မှ ဖေဖော်ဝါရီလ ၈ ရက်နေ့အထိ ၂ ပတ်ကြာ ယာယီရပ်ဆိုင်းထားမည် ဖြစ်ကြောင်း၊ ၂၀၁၉ ခုနှစ်၊ ဇန်နဝါရီ ၇ ရက်တွင် အလုပ်သမားသမဂ္ဂအဖွဲ့ချုပ် အစည်းအဝေးပြုလုပ်ခဲ့ပြီးနောက် အလုပ်သမား အဖွဲ့ချုပ်အနေ ဖြင့် အစိုးရ၏ သုံးပွင့်ဆိုင်ယန္တရားတွင် ပါဝင်နေမှုမှ ယာယီ နုတ် ထွက်ရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်ကြာင်း သိရှိရသည်။

လက်ရှိအချိန်တွင် မြန်မာနိုင်ငံတွင် ဥပဒေကို အကောင်အထည်ဖော်မှုအားနည်းမှု ရှိနေပြီး အလုပ်သမားဥပဒေများကို နိုင်ငံတကာစံနှုန်းနှင့်အညီ ပြင်ဆင်ရန် လိုအပ်နေကြောင်း ဒေါ်ဖြိုးစန္ဒာစိုး က ထောက်ပြပြောဆိုသည်။

” အဓိက က နံပါတ် ၁ အချက် က ဥပဒေအားနည်းတယ်။ နံပါတ် ၂ က အကောင်အထည်ဖော်မှု အားနည်းတယ်။ ကျမတို့နိုင်ငံမှာ ဥပဒေကို အကောင်အထည်ဖော်မှု အရာမှ အားနည်းတယ်။အဲ့တာ ဘာဖြစ်လဲဆိုတော့ ဥပဒေကအားနည်းတာဖြစ်လို့ ကျမတို့ကအလုပ်သမားအခွင့်အရေး ချိုးဖောက်ခံရလို့ သွားပြီး အမှုဖွင့်မယ်ဆိုကတည်းက ကျမတို့ရဲ့ ဥပဒေထဲမှာက အရှေ့အနောက်အပိတ်အဖွင့်တွေ နဲ့ အလုပ်သမားကဥပဒေပါအခွင့်အရေးတွေကို တကယ်ကျင့်သုံးလို့မရတဲ့အနေအထားတွေရှိတယ်။ သွားပြီးတိုင်ကြားရင်လည်း ထိရောက်စွာဖြေရှင်းမှု မရှိတာကို တွေ့လာရတယ်။ ဒါကြောင့် ကျမတို့က ဒီဥပဒေသည် အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာ စံနှုန်း (ILO)စံနှုန်းနဲ့အညီ ပြင်ဆင်ဖို့လိုလာပြီ။ ရင်းနှီးမြှပ်နှံမှု ပိုပိုများလာချိန် အလုပ်သမားအခွင့်အရေး ချိုးဖောက်ခံရတာ မဖြေရှင်းနိုင်ဘူးဆိုရင် နိုင်ငံအတွက်ဘာမှ ကျန်ခဲ့မှာမဟုတ်ဘူး။ ကျမတို့နိုင်ငံက ရင်းနှီးမြှပ်နှံမှုကို ဖိတ်ခေါ်သော်လည်း နိုင်ငံအတွက် အကျိုးရှိတဲ့ ရင်းနှီးမြှပ်နှံမှု ဖြစ်မှာမဟုတ်ဘူး ။ဒါကြောင့် အလုပ်သမားဥပဒေတွေကို အပြည်ပြည်ဆိုင်ရာ အလုပ်သမားစံနှုန်းနဲ့အညီ ပြင်ဖို့် လိုအပ်တယ်ဆိုတာကို အစိုးရနဲ့ ၊လွှတ်တော်ကိုယ်စားလှယ်များကို အလုပ်သမားအဖွဲ့ တွေရဲ့အသံကို ပြောပြထားပြီးသားဖြစ်တယ်” ဟု ၎င်းက ပြောဆိုသည်။

၂၀၁၁ ခုနှစ်တွင် အလုပ်သမားသမဂ္ဂများ စတင်ဖွဲ့စည်းခွင့် ရရှိခဲ့ကြပြီး ၂၀၁၇ ခုနှစ် နောက်ပိုင်းတွင် သမဂ္ဂ ဖြိုခွဲခံရ မှု၊ အလုပ်ဖြုတ်ခံရမှု များပြားလာ ကြောင်း၊ အလုပ်သမားဆိုင်ရာ ဥပဒေများဖြစ်သည့် ခွင့်ရက်နှင့် အလုပ်ပိတ်ရက် နည်းဥပဒေ၊ အလုပ်သမားရေးရာ အငြင်းပွားမှု ဖြေရှင်းရေး ဥပဒေ၊ အလုပ်သမား အဖွဲ့အစည်း ဥပဒေများက အလုပ်သမားများကို အကာအကွယ် ပေးနိုင်မှု နည်းပါးနေကြောင်း အလုပ်သမားသမဂ္ဂကိုယ်စားလှယ်များ၏ ပြောဆိုချက်အရ သိရသည်။

မြန်မာနိုင်ငံ စက်မှုလက်မှု နှင့် ဝန်ဆောင်မှုလုပ်ငန်းပေါင်းစုံ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် ၊ အထွေထွေ အတွင်းရေးမှူးချုပ် ၊ ဦးသက်နှင်းအောင်က ” အလုပ်သမားတွေက နိုင်ငံ၏ လူစွမ်းအားအရင်းအမြစ်ဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်က အမြဲပြောတယ်။ လူသားသယံဇာတက အရမ်းအရေးကြီးတယ်။ လူသားသယံဇာတက ပိုပြီးတော့ အဖိုးတန်တာမျိုးပေါ့ ။ကျနော်တို့ အဖိုးတန်လူသား သယံဇာတတွေကို စနစ်တကျ တည်ထောင်ပေးပါ။ စနစ်တကျအလုပ်လုပ်နိုင်ဖို့ ၊ အခွင့်အရေးတွေပေးပါ။ ကျနော်တို့အလုပ်သမားတွေရဲ့ ဘဝတွေကို လစ်လျူရှုမထားပါနဲ့ ။ အခုဆိုရင် အလုပ်ဖြုတ်ခံရတဲ့ အလုပ်သမားတွေက အင်မတန် ကြောက်ခန်းမလိ မြင့်တက်လာနေတယ်။ ကျနော်တို့ရဲ့ အလုပ်ခွင်တည်မြဲရေးကို အစိုးရက တာဝန်ယူပေးဖို့ တောင်းဆိုပါတယ် ” ဟု ၎င်းက ပြောဆိုသည်။

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

khitthitnews.com

Related Posts

khitthitnews.com