interview political news

“အတိုင်ပင်ခံကိုယ်တိုင်က ရခိုင့်တပ်မတော်ကို အမြစ်ပြတ်ချေမှုန်းဖို့အတွက် အမိန့်ပေးထားတာ။ ကျနော်တို့ဘက်ကလည်း ခုခံတိုက်ခိုက်တာကလွဲပြီး အခြားနည်းလမ်းမရှိဘူး”

By သာလွန်ဇောင်းထက်(ရန်ကုန်ခေတ်သစ်)

ရခိုင်တပ်မတော်ပြန်ကြားရေးတာဝန်ခံ ခိုင်သုခနှင့် ဆက်သွယ်မေးမြန်းချက်

ရခိုင်တပ်မတော် အေအေနှင့် တပ်မတော်အကြား တိုက်ပွဲများမှာ တဖြည်းဖြည်း အရှိန်အဟုန်မြင့်တက်လာနေပြီး တိုက်ပွဲဧရိယာမှာလည်း ကျယ်ပြန့်လာနေသည်။ ဒုက္ခသည်အရေအတွက် မြင့်တက်နေသည့်နည်းတူ နှစ်ဖက် အကျအဆုံးမှာလည်း တိုးလာနေသည်။ ရန်ကုန်ခေတ်သစ်က ရခိုင်တပ်မတော်ပြန်ကြားရေးတာဝန်ခံ ခိုင်သုခကို ဆက်သွယ်မေးမြန်းထားပါသည်။

မေး ။ ။ ရခိုင်တပ်မတော်နဲ့ အစိုးရတပ်မတော်ကြားမှ တိုက်ပွဲတွေက တောက်လျှောက်ဖြစ်နေတဲ့အခါကျတော့ ငြိမ်းချမ်းရေးအတွက် နှစ်ဖက်ဆွေးနွေးမှုက ဘယ်လိုရှိပါသလဲ။

ဖြေ ။ ။ အခုချိန်ထိတော့ ဘာမှထူးခြားမှုတော့မရှိသေးဘူးဗျ။

မေး ။ ။ အေအေအနေနဲ့ Confederation ဆိုတဲ့ဟာမျိုး ပြောတာဆိုထားတယ်။ အဲဒါကက NCA မှာ မပါဘူးဆိုပြီး အာဏာပိုင်တွေဘက်က ပြောတယ်။ အဲဒီလမ်းစဉ်နဲ့ဆိုရင် ငြိမ်းချမ်းရေးကမလွယ်ဘူးဆိုပြီး ပြောတာဆိုတာတွေလည်း ရှိတော့ အဲဒီအပေါ်မှာရော ဘယ်လိုမှတ်ချက်ပေးချင်ပါလဲ။

ဖြေ ။ ။ အခုချိန်ထိတော့ ကျနော်တို့ သိရသလောက်တော့ ဗမာ့တပ်မတော်နဲ့ ဗမာအစိုးရဘက်က သူတို့ဖြစ်ချင်တဲ့ ဖက်ဒရယ်ပုံစံက ဘယ်ပုံစံလဲဆိုတဲ့ဟာကို ဘာမှ သဲသဲကွဲကွဲ ပြည်သူသိအောင်၊ နိုင်ငံတကာသိအောင် ချပြတာမရှိသေးဘူး။ ကျနော်တို့ကတော့ ကျနော်တို့ရဲ့ အခြေအနေနဲ့ တိုင်းပြည်အတွက် ကျနော်တို့သိချင်တဲ့ဟာကို ကျနော်တို့က ပြောတဲ့ဟာဗျ။ ဒါပေမယ့် သူတို့ဘက်က ဘယ်လိုပုံစံမျိုးဖြစ်ချင်လဲဆိုတဲ့ဟာ ဒါ ရှင်းရှင်းလင်းလင်းတော့ ချပြဖို့လိုတာပေါ့။ ပြီးမှ ကျနော်တို့ကြားမှာ ဘယ်လိုညှိကြမလဲဆိုတာတော့ ဆက်ပြီးတော့ ညှိကြမယ်ပေါ့။

မေး ။ ။ အခု တိုက်ပွဲတွေက ပိုပြီးပြင်းထန်လာတဲ့အခါကျတော့ အခြေအနေက ပိုပြီး တင်းမာလာတာလား။

ဖြေ ။ ။ တိုက်ပွဲကတော့ အရင်ထက်တော့ ပိုပြီးကျယ်ပြန့်လာတာပေါ့။ ဗမာ့တပ်တော်ဘက်ကနေ ရခိုင်ဒေသတစ်ခုလုံးမှာ သူတို့ အင်အားတွေ အလုံးအရင်းနဲ့ ဖြစ်ပြီးတော့မှ ထိုးစစ်ဆင်နေတဲ့အခါကျတော့ တိုက်ပွဲကတော့ ပိုပြီးတော့ ကျယ်ပြန့်လာတာပေါ့။

မေး ။ ။ အေအေက ဖေဖော်ဝါရီလ ၁၀ ရက်နေ့က ထုတ်တဲ့ ထုတ်ပြန်ချက်ထဲမှာ ပလက်ဝတိုက်ပွဲမှာ တပ်မတော်ဘက်က ၁၆ ဦး ကျတယ်၊ နောက်ပြီး ကျောက်တော်တိုက်ပွဲမှာလည်း တပ်ဘက်က အကျအဆုံးများတယ်လို့ ပြောထားတယ်။အဲဒါနဲ့ပတ်သက်လို့။

ဖြေ ။ ။ ဟုတ်တယ်ဗျ ဟုတ်တယ်၊ ဖေဖော်ဝါရီလ ၄ ရက်နေ့က ပလက်ဝမြို့နယ် ဖအောတီရွာနဲ့ ရှန်တိန်ရွာကြားမှာဖြစ်တဲ့ တိုက်ပွဲမှာ ဗမာ့တပ်တော်ဘက်ကနေ ၁၆ ယောက် ကျဆုံးတယ်၊ နောက် အများအပြား ဒဏ်ရာရရှိတာရှိတယ်။ မနေ့က နေ့လယ် ၂ နာရီလောက်မှာ ကျောက်တော်မြို့နယ် တောင်မင်းကုလားရွာရဲ့ တောင်ဘက် ၁ ဒသမ ၅ ကီလိုမီတာ အကွာအဝေးမှာ ကျနော်တို့ ရခိုင့်တပ်တော်တွေရှိတဲ့နေရာကို အင်အား ၂၀၀ လောက်ရှိတဲ့ မြန်မာစစ်တပ်ရဲ့ တပ်မ (၂၂) လက်အောက်ခံ တပ်ရင်းတစ်ရင်းက ထိုးဖောက်ဝင်ရောက်လာတဲ့အတွက်ကြောင့်မို့လို့ ကျနော်တို့နဲ့ ထိတွေ့တိုက်ပွဲဖြစ်တာဗျ။ အဲဒီတိုက်ပွဲမှာ မြန်မာစစ်တပ်ဘက်ကတော့ အထိအခိုက် အကျအဆုံး များတယ်။ ကျနော်တို့ ရခိုင့်တပ်မတော်ဘက်ကလည်း ရဲဘော် ၁ ဦး တိုင်းပြည်နဲ့လူမျိုးအတွက် အသက်ပေးခဲ့ရတယ်။

မး ။ ။ အာဏာပိုင်တွေရဲ့ ထုတ်ပြန်ပြောဆိုချက်တွေမှာ ဒုက္ခသည်တွေကို အေအေက ဘင်္ဂလားဒေ့ရှ်ဘက်ကို ခေါ်သွားတယ်လို့ ဆိုထားတယ်။ အဲဒီအပေါ် ဘယ်လို တုံ့ပြန်ချင်ပါလဲ။

ဖြေ ။ ။ အဲဒါကတော့ သူတို့ရဲ့ကျူးလွန်ထားတဲ့ စစ်ရာဇဝတ်မှုတွေကို ဖုံးကွယ်ဖို့အတွက် မဟုတ်မမှန်တာတွေကို သူတို့ဘက်ကနေ ပြည်သူလိမ်ညာ၊ နိုင်ငံတကာကိုလိမ်ညာပြီး ထုတ်ပြန်တာဗျ။ အဲဒီမှာ ဘင်္ဂလာဒေ့ရှ်ဘက်ကို ဖြတ်ပြီးတော့ဝင်သွားတဲ့ စစ်ရှောင်ပြည်သူတွေကလည်း သူတို့ကြုံတွေ့ ခဲ့ရလဲဆိုတာကို သူတို့ သတင်းဌာနတွေကိုလည်း ပြောပြီးပြီ၊ နိုင်ငံတကာသိအောင်လည်း သူတို့ပြောပြီးပြီ။ ဆိုတော့ ဒီဟာက ရှင်းနေတဲ့ဥစ္စာ။ ကျနော်တို့ ပြောတိုင်းလည်း ပြီးတာမဟုတ်ဘူး။ အဲဒီပြည်သူတွေကို သွားပြီးတော့ မေးကြည့်ကြပါ။

ပြည်သူတွေ တကယ်ဘယ်လို ခံစားရသလဲဆိုတာ။ တစ်ခုသေချာတာကတော့ ဗမာ့တပ်မတော်နဲ့ ဗမာအစိုးရဘက်ကနေ အဲဒီလိုမျိုး အမှန်တရားကို ပွင့်ပွင့်လင်းလင်း သူတို့ဘက်ကနေ ဝန်ခံချပြတာမျိုးမရှိသမျှ အစိုးရတစ်ရပ်က Stability ပေါ့နော် နှေးမယ်လို့ ကျနော် အဲဒီလိုပဲမြင်တယ်။ အဲဒီတော့ အဲဒီလိုမျိုး တစ်လျှောက်လုံး လိမ်ညာလာတဲ့ကိစ္စတွေက ပြောမယ်ဆိုလို့ရှိရင် ပြည်သူနဲ့ တပ်မတော်ကြားမှာ ပိုပြီးတော့ဝေးသွားစေတယ်ဗျ။ သူတို့အပေါ်မှာ အယုံအကြည်ပိုပြီးတော့ ကင်းမဲ့လာလေလေ ပြန်ပြီးတော့ ရင်ကြားစေ့ရေး တည်ဆောက်တဲ့ ကိစ္စတွေရော၊ သူတို့ပြောနေတဲ့ အဲဒီ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးဆိုတာတွေလည်း ပိုပြီးတော့ နှေးသွားလိမ့်မယ်လို့ အဲဒီလိုပြောချင်တယ်။

မေး ။ ။ တပ်မတော်ရဲ့ သတင်းစာရှင်းလင်းပွဲမှာ အေအေ နဲ့ ရခိုင်က အာဆာ နဲ့ ပတ်သက်တဲ့ပုံစံမျိုး သူတို့ဘက်က အဲဒီလိုမျိုး ရှင်းလင်းပွဲတွေ လုပ်နေတဲ့အပေါ်မှာရော ဘယ်လိုမျိုးတုံ့ပြန်ချင်သလဲ။

ဖြေ ။ ။ အဲဒါကြောင့်မို့လို့ ကျနော်တို့ဘက်က အရင်ကတည်းက ထုတ်ပြန်ချက်ထုတ်ပြီး ရှင်းရှင်းလင်းလင်း ပြောထားပြီးသားပါ။ ကျနော်တို့က ဘယ်သူကရန်သူလဲ၊ ဘယ်သူက မိတ်ဆွေလည်း၊ ဘယ်သူက အကြမ်းဖက်သမားလဲဆိုတာကို ရခိုင့်တပ်မတော် အပါအဝင် ရခိုင်ပြည်သူတစ်ရပ်လုံးက နားလည်ပြီးသားကိစ္စဗျ နော်။

မေး ။ ။ လက်ရှိ အေအေက သတင်းပေးသူနဲ့ ရဲတပ်ဖွဲ့ကို သတိပေးစာထုတ်ထားတာ ဘာအတွက်လဲ

ဖြေ ။ ။ အဲဒါက ကျနော်တို့ လိုအပ်လို့ထုတ်ပြန်တာဗျ၊ အဲဒီ ကျနော်တို့ထုတ်ပြန်ချက်က ပြောမယ်ဆိုလို့ရှိရင် အခုလက်ရှိ ရဲတွေက သူတို့ရဲ့လုပ်ရမယ့် အဓိကတာဝန်ဖြစ်တဲ့ ပြည်သူကိုကာကွယ်ရမယ့်တာဝန်ကို မလုပ်ဘဲနဲ့ သူတို့ကနေပြီးတော့ ပြည်သူကိုဖိနှိပ်မိန့် ယန္တရားတစ်ခုလိုဖြစ်လာတယ် ဒီဟာနော်။ ခုနောက်ပိုင်းမှာဆိုလို့ရှိရင် ပိုပြီးတော့ ထင်ရှားလာတာပေါ့နော်။

အဲဒီ မြန်မာအစိုးရနဲ့ မြန်မာစစ်တပ်ရဲ့ ပြည်သူကိုဖိနှိပ်တဲ့ လက်ကိုင်တုတ်ဖြစ်လာပြီ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဆိုတာက။ ဒီဟာက မဖြစ်သင့်ဘူး၊ ရဲတွေကနေပြီးတော့ သူတို့ရဲ့ မူလတာဝန်ဖြစ်တဲ့ ပြည်သူ့လုံခြုံရေးကိစ္စတွေကိုပဲ သူတို့ ပြည်သူကိုကူညီ လုပ်ဆောင်ပေးဖို့သင့်တာပေါ့။ နောက်ပြီးတော့ ရဲတွေပဲမဟုတ်ပါဘူး၊ ရဲရော၊ လဝကရော၊ မီးသတ်တွေရော၊ အဲဒီ မီးသတ်တွေဆိုတာလည်း သူတို့ကို နိုင်ငံတော်က မီးသတ်ဖို့တာဝန်ပေးထားတာ မီးပဲသတ်ပါ နော်၊ ခုလိုသွားပြီးတော့ နှိပ်စက်ညှဉ်းပန်းမှုတွေမလုပ်နဲ့၊ ပြည်သူကိုဒုက္ခမပေးနဲ့၊ နောက်ပြီးတော့ လဝကတွေလည်း ဒီလိုပါပဲ၊ အဲဒီ သူတို့ရဲ့အဓိကတာဝန်ဖြစ်တဲ့ သူတို့နဲ့ဆိုင်တဲ့ကိစ္စလောက်ပဲလုပ်ပါ၊ တခြားဟာတွေဝင်ပြီးတော့ ကျနော်တို့ မလုပ်စေချင်ဘူး။ အခုဆိုလို့ရှိရင် ကျနော်တို့ သတိပေးချက်ထုတ်တာက နှစ်ခါရှိပြီဗျနော်။ နောက်ကျမှ ဘာဖြစ်တယ် ညာဖြစ်တယ် အဲ့ဒီလိုမျိုးပြောတာတော့ ကျနော်တို့က လက်ခံမှာမဟုတ်ဘူး။

မေး ။ ။အေအေက ပြောနေတဲ့အထဲမှာ တိုက်ပွဲနယ်မြေတွေ ကျယ်ပြန့်လာနိုင်တယ်ဆိုပြီးတော့လေ၊ ဘယ်လိုအတိုင်းအတာအထိ ကျယ်ပြန့်လာနိုင်လဲ။

ဖြေ ။ ။ ဒီဟာကတော့ တိုက်ပွဲကျယ်ပြန့်လာနိုင်တယ်ဆိုတာက ဗမာ့တပ်မတော်ဘက်ကနေ အင်အားအလုံးအရင်းနဲ့ ထိုးစစ်ဆင်ဖို့အတွက် လုပ်နေတာကို တွေ့ရတယ်ဗျ။ အခုလုပ်နေတဲ့ ထိုးစစ်ထက် ကြီးမားတဲ့ထိုးစစ်တွေလည်းလုပ်ဖို့ ဗမာ့တပ်တော်က ပြင်ဆင်နေတာတွေ တွေ့နေရတယ်။ အထူးသဖြင့်တော့ ချင်းပြည်နယ် မတူပီဘက်ကနေပြီးတော့မှ အင်အားအလုံးအရင်းနဲ့ဖြစ်နေတာရှိတယ်၊ နောက်ပြီးတော့ အမ်းနဲ့စစ်တွေကြား ကားလမ်းတစ်လျှောက်လုံးမှာလည်း သူတို့ဘက်ကနေ အင်အားအလုံးအရင်းနဲ့ ဖြစ်နေတာတွေရှိတယ်။ ဒါတွေကိုကြည့်လိုက်ခြင်အားဖြင့် ကျနော်တို့ကနေပြီးတော့ ဒါ ဗမာ့တပ်မတော်ရဲ့ထိုးစစ်ဟာ ပြင်းထန်လာနိုင်တယ်၊ အဲဒီလို ထိုးစစ်ပြင်းထန်လာရင် တိုက်ပွဲကလည်း ပိုပြီးတော့ ကျယ်ပြန့်လာပြီးတော့ ပိုပြီးတော့ပြင်းထန်လာနိုင်တဲ့ အနေအထားရှိတယ်။

မေး ။ ။ နောက်ဆုံး ငြိမ်းချမ်းရေးအလားအလာက ဘယ်လိုရှိမယ်ထင်လဲ၊ ၂၀၁၉ ထဲမှာ ဖြစ်နိုင်လား၊ ဒါမှမဟုတ် အလားအလာပေါ့လေ၊ ဘယ်လိုသုံးသပ်လဲ။

ဖြေ ။ ။ ငြိမ်းချမ်းရေးအလားအလာဆိုတဲ့ဥစ္စာက ဒီ ဗမာ့တပ်မတော်နဲ့ ဗမာအစိုးရအပေါ်မှာ မူတည်တယ်။ အထက်ကနေပြီးတော့ ခင်ဗျားတို့ကြားတဲ့အတိုင်း ဆိုရင်တော့ နိုင်ငံတော်အတိုင်ပင်ခံကိုယ်တိုင်က ကျနော်တို့ ရခိုင့်တပ်မတော်ကို အမြစ်ပြတ်ချေမှုန်းဖို့အတွက် သူကနေပြီးတော့ အမိန့်ပေးထားတာ။ ဆိုတော့ သူတို့ဘက်ကနေ ထိုးစစ်ဆင်ရင် ကျနော်တို့ဘက်ကလည်း ခုခံတိုက်ခိုက်တာကလွဲပြီး အခြားနည်းလမ်းမရှိဘူး။ အဲဒါကြောင့်မို့လို့ တကယ်ငြိမ်းချမ်းရေးရချင်လို့ရှိရင် အခုလက်ရှိ သူတို့ပြောနေတဲ့ အမြစ်ပြတ်ချေမှုန်းရေး ကြွေးကြော်ပြီးတော့ တိုက်နေတဲ့စစ်ဆင်ရေးတွေကို ရပ်တန့်ပြီးတော့မှ တကယ်ငြိမ်းချမ်းရေးအပေါ်မှာ သူတို့ ဒီ စေတနာအမှန် သဘောရိုးနဲ့တော့ လုပ်ဖို့တော့လိုတာပေါ့ဗျာ။ မဟုတ်ဘူးဆိုလို့ရှိရင်တော့ ဒီတိုက်ပွဲတွေက ထပ်ပြီးတော့ကျယ်ပြန့်လာဖို့ပဲ ရှိပါတယ်။

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

Related Posts