All News Local News

သရက်မြို့တွင် လူအုပ်စုကြီးနှစ်ခုအကြား ရန်ပွဲဖြစ်၊ ရဲတပ်ဖွဲ့ က ရော်ဘာကျဉ်ဖြင့် ပစ်ခတ်နှိမ်နင်း၍ ၂ ဦးထက်မနည်း ဒဏ်ရာရ

ရန်ကုန်၊ ဖေဖော်ဝါရီ ၁

မကွေးတိုင်းဒေသကြီး၊ သရက်မြို့နယ်တွင် ဖေဖော်ဝါရီ ၁ ရက်နေ့ ည ၇ နာရီခန့် က လူအုပ်စု နှစ်ခုအကြား ရန်ပွဲဖြစ်ပွားပြီး ရဲတပ်ဖွဲ့က ရော်ဘာကျည်ဖြင့် ပစ်ခတ်နှိမ်နင်းသဖြင့် ၂ ဦးထက်မနည်း ဒဏ်ရာရရှိသွားကြောင်း သရက်မြို့ခံ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဒေါ်အေးယုမော်က ပြောသည်။

သရက်မြို့နယ် ဒုအုပ်ချုပ်ရေးမှူး ဦးဟန်ဝင်းဇော်ကမူ ပစ်ခတ်နှိမ်နင်းရခြင်းမှာ နှစ်ဖက် အုပ်စုလိုက် အခြေအနေသည် စိုးရိမ်သည့်အခြေအနေရောက်ရှိလာ၍ ရဲတပ်ဖွဲ့က ပစ်ခတ်နှိမ်နင်းရခြင်း ဖြစ် ကြောင်း၊ နှစ်ဖက်စလုံးကို တရားဥပဒေအရ အရေးယူသွားမည်ဖြစ်ကြောင်း ရန်ကုန်ခေတ်သစ် သတင်းဌာနသို့ ပြောဆိုသည်။

သရက်မြို့ ၊ ရုံးပြင်ရပ်ကွက်၊ လမ်းမတော်လမ်းရှိ မရီနာ လက်ဖက်ရည် ဆိုင်ရှေ့တွင် ကားတစ်စီးရပ်နားထားစဉ် ဘောလုံးပွဲနိုင်၍ ပြန်လာသော ရေပေါ်ကျွန်းကျေးရွာသားတစ်ဦးက ယင်းကားကို လက်ဖြင့် ခေါက်ခဲ့ကြောင်း၊ ယင်းသို့ ခေါက်သည့်အတွက် ကားပိုင်ရှင်နှင့် အချင်းများကာ ပိုင်ရှင်က ရေပေါ်ကျွန်းရွာသားကို လက်သီးဖြင့် ထိုးခဲ့ကြောင်း၊ ထိုသို့ ရွာသားတစ်ဦး အထိုးခံရသည့် အတွက် ရေပေါ်ကျွန်း ရွာသားများက အုပ်စုလိုက် ပြန်တက်လာပြီး လက်သီးထိုးသူကို ထုတ်ပေးရန် တောင်းဆိုရာမှ နှစ်ဖက် အုပ်စုလိုက် ရန်ပွဲဖြစ်ပွားကြောင်း ၎င်းက ဆိုသည်။

“ထိုးလိုက်တဲ့ သူက မရီနာ လက်ဖက်ရည်ဆိုင်ပိုင်ရှင်ရဲ့ ယောက်ဖပါ။ သူက ရေပေါ်ကျွန်းရွာသားကို ထိုးလိုက်တော့ ရွာက အုပ်စုလိုက် တက်လာပြီး ထိုးတဲ့သူကို ထုတ်ပေးဖို့ ပြောရင်း အုပ်စုလိုက် ရန်ပွဲဖြစ်သွားတာ။ မရီနာလက်ဖက်ရည်ဆိုင်ပိုင်ရှင်ဘက်က အုပ်စုနဲ့ ရေပေါ်ကျွန်းရွာသားတွေက အုပ်စုပေါ့။ နှစ်ဖက်အုပ်စုလိုက်ဖြစ်တော့ နောက်ဆုံးရဲက ဝင်ထိန်းတယ်။ မရတော့ ရော်ဘာကျည်နဲ့ ပစ်တယ်လို့ သိထားပါတယ်။ လောလောဆယ် ဆေးရုံရောက်နေတာ ၂ ဦးပါ” ဟု တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါ်အေးယုမော်က ဆိုသည်။

ရော်ဘာကျည်ဖြင့် ပစ်ခတ်မှုကြောင့် အမျိုးသမီး ၁ ဦး၊ အမျိုးသား ၁ ဦး ဒဏ်ရာရရှိပြီး အမျိုးသားတစ်ဦးမှာ နှုတ်ခမ်းတွင်လည်းကောင်း၊ အမျိုးသမီး ၁ ဦးမှာ မျက်လုံးအောက်တွင်လည်းကောင်းဒဏ်ရာရရှိကြောင်း၊ ဒဏ်ရာရရှိသူများကို သရက်မြို့ဆေးရုံသို့ တင်ပို့ထားကြောင်း သိရှိရသည်။

“၂ ဦးကတော့ ဆေးရုံမှာ ကျမတို့လည်း သေချာကြည့်ပေးထားတယ်။ ဒါပေမယ့် အခုက မှောင်တော့ ဖြစ်စဉ် အသေးစိတ်ကိုတော့ မနက်မှပဲ မေးရမယ်။ အခုက အကြမ်းဖျဉ်းပဲသိထားတာ” ဟု ဒေါ်အေးယုမော်က ဆိုသည်။

ရော်ဘာကျည်ဆန်ဖြင့် ပစ်ခတ်မှုကြောင့် ရေပေါ်ကျွန်းကျေးရွာသားများလည်း ဒဏ်ရာရရှိထားပြီး သက်ဆိုင်ရာ ကျေးလက်ကျန်းမာရေးဌာနတွင် ဆေးဝါးကုသမှုခံယူနေကြောင်း သိရှိရသည်။

လတ်တလော သရက်မြို့တွင် အဓိကရုဏ်းများ ထပ်မံ မဖြစ်ပွားစေရန် ရဲတပ်ဖွဲ့က လုံခြုံရေး ယူထားကြောင်း သိရှိရသည်။

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

khitthitnews.com

Related Posts

khitthitnews.com