All News Local News

သရက်မြို့တွင်အဓိကရုဏ်းပုံစံ လူစုလူဝေး ဖြစ်စေသူများကို အမှုဖွင့်အရေးယူမည်

ရန်ကုန်၊ ဖေဖော်ဝါရီ ၂

မကွေးတိုင်းဒေသကြီး၊ သရက်မြို့ တွင် ယမန်နေ့ညပိုင်းက အဓိကရုဏ်းပုံစံ လူစုလူဝေး ဖြစ်စေသူများကို တရားဥပဒေအရ အမှုဖွင့်အရေးယူရန် ရှိကြောင်း သရက်မြို့နယ်ဒုအုပ်ချုပ်ရေးမှူးဦးဟန်ဝင်းဇော်က ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ပြောသည်။

“ဥပဒေအရ ကျနော်တို့ အမှုဖွင့်အရေးယူဖို့ ရှိပါတယ်” ဟု ၎င်းက ဆိုသည်။

မရီနာလက်ဖက်ဆိုင်ပိုင်ရှင်၏ ဆွေမျိုးများနှင့် ရေပေါ်ကျွန်းကျေးရွာသားများအကြား ဖြစ်ပွားခဲ့သော ရန်ပွဲကြောင့် နှစ်ဖက်လူအုပ်စုလိုက် အဓိကရုဏ်းပုံစံ ရန်ပွဲဖြစ်ပေါ်ခဲ့ရာ ရဲတပ်ဖွဲ့က ရော်ဘာကျည်ဆန်သုံးများ၍ ပစ်ခတ်နှိမ်နင်းလူစုခွဲခဲ့ရပြီး လူ ၂ ဦးအတွင်းလူနာအဖြစ် ကုသမှုခံယူနေရဆဲဖြစ်သည်။

သရက်မြို့ ခံ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်ဒေါ်အေးယုမော်ကမူ ရေပေါ်ကျွန်းကျေးရွာမှ ဒေသခံများနှင့်တေ့ွဆုံ၍ ဖြစ်စဉ် အသေးစိတ်မေးမြန်းကာ ကျေးရွာသားများ၏ဆန္ဒအတိုင်းဆောင်ရွက်ပေးရန် ရှိကြောင်း၊ လတ်တလော အမှုဖွင့်မည် မဖွင့်မည်ကို မပြောနိုင်သေးဟု ဆိုသည်။

“အခုမနက်တော့မြို့မှာ အေးအေးဆေးဆေးပါပဲ။ အမှုဖွင့် မဖွင့်ကတော့ သေချာမသိသေးဘူး။ ရေပေါ်ကျွန်းကျေးရွာသားတွေရဲ့ ဆန္ဒကိုလည်းမေးရဦးမယ်” ဟု ဒေါ်အေးယုမော်က ဆိုသည်။

ရဲတပ်ဖွဲ့၏ ပစ်ခတ်မှုကြောင့် အတွင်းလူနာအဖြစ် ကုသမှု ခံယူနေရသော အမျိုးသား ၁ ဦးနှင့် အမျိုးသမီး ၁ ဦးမှာလည်း စိုးရိမ်စရာမရှိသော်လည်း ရရှိသည့်ဒဏ်ရာကြောင့် ဆေးရုံတွင်ပင် ဆက်လက် ကုသမှု ခံယူနေရဆဲဖြစ်ကြောင်း သိရှိရသည်။

အခင်းဖြစ်ပွားရာ ရုံးရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးညီညီကမူ လက်ရှိ အခြေအနေတွင် ရဲတပ်ဖွဲ့နှင့်ဒေသဆိုင်ရာ ပူးပေါင်း၍ ဆောင်ရွက်ထားမှုကြောင့် အခြေအနေ အေးဆေးတည်ငြိမ်ကြောင်း၊ တရားဥပဒေအရ အရေးယူမှုများ ရှိနိုင်ကြောင်း ပြောဆိုသည်။

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

khitthitnews.com

Related Posts

khitthitnews.com