All News China Watch Local News

ရန်ကုန်မြို့သစ် စီမံကိန်းဟာ မြန်မာ့မြေပေါ်မှာ တရုတ်ပြည်အငယ်စားလေး ဖြစ်လာမလား

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၂

ရန်ကုန်တိုင်း အစိုးရ နှင့် တရုတ်နိုင်ငံ (China Communications and Construction Company ( CCCC) ကုမ္ပဏီ တို့ အကျိုးတူ ပူးပေါင်းဆောင်ရွက်မယ့် ရန်ကုန်မြို့သစ် စီမံကိန်းဟာ မြန်မာ့မြေပေါ်မှာ ပေါ်ထွန်းလာမယ့် တရုတ်ပြည်အငယ်စား ဖြစ်လာနိုင်တယ်လို့ လွှတ်တော်ကိုယ်စားလှယ်ဟောင်းလည်းဖြစ် ၊ ဥပဒေပညာရှင်လည်းဖြစ်၊ ရန်ကုန်စောင့်ကြည့် လေ့လာရေး အဖွဲ့ထူထောင်သူလည်းဖြစ်တဲ့ ဒေါက်တာ ဒေါ်ညိုညိုသင်းက ပြောပါတယ်။

ပွင့်လင်းမြင်သာမှုမရှိဘူးလို့ ဝေဖန်မှုများနေတဲ့ ဒီရန်ကုန်မြို့သစ်စီမံကိန်းကို ယခင် သမ္မတဦးသိန်းစိန်အစိုးရလက်ထက်ကတည်းက စတင် ရေးဆွဲခဲ့တာဖြစ်ပြီး NLD အစိုးရလက်ထက်မှာ အတည်ပြုဆောင်ရွက်ရင်တော့ NLD အနေနဲ့ သမိုင်းအတွက် ဖျက်မရတဲ့ အမည်းစက်ကြီး ဖြစ်လာနိုင်တယ်လို့လည်း သူက ဆိုပါတယ်။

“ဒီစီမံကိန်းကို လုပ်လိုက်မယ်ဆိုရင် အကြွေးထောက်ချောက် နစ်ရုံပင် မကဘူး ကျမတို့ရဲ့ ရန်ကုန်မြို့သစ်ကြီး၊ မြန်မာနိုင်ငံရဲ့ ပိုင်ဆိုင်မှု ၊ ရန်ကုန်မြို့သစ်ကြီးဟာ မြန်မာနိုင်ငံသားတွေ ပိုင်ဆိုင်တယ်လို့ ဘယ်လိုမှ ပြောလို့ မရတော့ဘူး။ ဒီနေရာမှာ နိုင်ငံခြားသား တရုတ်လူမျိုး လာရောက်ပြီးတော့ အခြေချနေထိုင်ပြီးတော့ ရန်ကုန်မြို့သစ်ဟာ တရုတ်ပြည်အငယ်စားလေးဖြစ်လာမယ်ပေါ့။ ဒါကတစ်ချက် ။ အများပြောနေကြသလိုပဲ အင်မတန်ကို ဆုံးရှုံးမှု ကြီးမားမယ်။ NLD အစိုးရလက်ထက်မှ ဒီစီမံကိန်းကို လက်မှတ်ထိုးမယ်ဆိုရင် ဒါက ဘယ်လိုမှ ဖျောက်ဖျက်လိုမရတဲ့ သမိုင်းတင်မယ့် အမည်းစက်ကြီး တစ်ခု ဖြစ်လိမ့်မယ်။ ဒါကြောင့်မို့ ဒါကို ကျမတို့က လုံးဝဆန့်ကျင်ကန့်ကွက်တယ်“ လို့ ဒေါက်တာ ဒေါ်ညိုညိုသင်းက ပြောပါတယ်။

ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ဖေဖော်ဝါရီ ၁၅ ရက်နေ့ ၊ ရန်ကုန်မြို့ တော် ခန်းမမှာ ကျင်းပတဲ့ ရန်ကုန်မြို့သစ် အပြီးသတ်အဆင့် Master Plan ဆွေးနွေးပွဲမှာ စီမံကိန်းက ရရှိမယ့် အကျိုးအမြတ်နဲ့ပတ်သက်ပြီး ရှင်းလင်းပြောဆိုမှုတွေ လုပ်ဆောင်ခဲ့ပါတယ်။

“ဒီစီမံကိန်းဟာ Master Plan ရေးဆွဲပြီးမှ အဲဒီဟာကို မီဒီယာတွေကို ရှင်းပြတာဟာ ပွင့်လင်းမြင်သာမှုလို့ ပြောလို့မရပါဘူး။ ဒီလိုမျိုး Master Plan ကို ဘာကြောင့်လုပ်ရသလဲ ဆိုတဲ့ နောက်ပိုင်းမှ အစိုးရအနေနဲ့ ဖြေပေးရမှာတွေ အများကြီးပဲရှိတယ်။ ဒီမြေဧက ၂ သောင်းနဲ့ ပတ်သက်ပြီး အစိုးရအနေနဲ့ ရှင်းရှင်းလင်းလင်းဖြေဖို့ လိုတယ်။ အခုကိစ္စမှာ အကျိုးအမြတ် ခွဲဝေမှုမှာပဲ လူတွေအာရုံစိုက်နေတဲ့အခါကျတော့ မြို့သစ်လုပ်မယ့် မြေဧက ၂ သောင်း ရဲ့ ရာဇဝင်သမိုင်းကြောင်းနဲ့ ပတ်သက်ပြီးတော့ ဒါတွေက မှေးမှိန်နေတဲ့အပိုင်းတွေမှာ ရှိနေတယ်။ ကျမတို့ မြန်မာနိုင်ငံရဲ့ မြေတွေကို နိုင်ငံခြားသားတွေရဲ့လက်ထဲ ဧကသောင်းချီပြီးတော့ အလကားလို ပေးပစ်တဲ့ စီမံကိန်းကို ရန်ကုန်မြို့နေပြည်သူတွေတော့ ဘယ်လိုမှ လက်သင့်မခံသင့်ဘူး။ တစ်တိုင်းပြည်လုံးကလည်း ဒီရန်ကုန်မြို့သစ်စီမံကိန်းကို ဝိုင်းဝန်းကန့်ကွက်ဖို့ လိုတယ်။ ဒါက ကျမပြောရဲတယ်။ ဒါက မြန်မာပြည်သူလူထုအတွက် လုံးဝအကျိုး မရှိပါဘူး။ လက်တစ်ဆုတ်စာ လက်ငါးချောင်း ၊ လက်ဆယ်ချောင်း လူတန်းစားအတွက်ပဲ၊ လက်ဆယ်ချောင်းပဲ ရှိတဲ့ လူပမာဏလောက်ပဲ အကျိုးရှိမယ့် စီမံကိန်း ဖြစ်တယ်။ ဆုံးရှုံးမှု အင်မတန်ကြီးတဲ့ စီမံကိန်းကြီး ဖြစ်တဲ့အတွက်ကြောင့်မို့ ဒီစီမံကိန်းက ရပ်ကို ရပ်သင့်တယ် “လို့ ဒေါက်တာ ဒေါ်ညိုညိုသင်းက ထောက်ပြပါတယ်။

ရန်ကုန်မြို့သစ်စီမံကိန်းမှာ ရန်ကုန်တိုင်းအစိုးရက မြေဈေးနှုန်း တစ်မီတာပတ်လည် ၁ ပေ ကို အမေရိကန် ဒေါ်လာ ၅ ဒေါ်လာနဲ့ သတ်မှတ်ပေးထားပြီး မြေဧက ၂ သောင်းကို စီမံကိန်းအတွက် အသုံးပြုမှာလည်းဖြစ်ပါတယ်။ မြေဧက နှစ်သောင်းကို အလွန်ချိုသာတဲ့ ဈေးနှုန်းနဲ့ တရုတ်ကုမ္ဗဏီကို လွှဲပေးမှာဖြစ်တာမို့ ပြည်သူတွေကြားမှာလည်း စိုးရိမ်မှုတွေ မြင့်တက်လာနေပါတယ်။

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့နယ် ၊ မဲဆန္ဒနယ် ( ၂) လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ဇေယျာက “ မြေဈေးက နည်းလွန်းတယ့်။ အဲဒါကလည်း ဦးသိမ်းဝေ ပြောသွားတယ်။ သီလဝါစက်မှုဇုန်ဈေးဆိုတော့။ သီလဝါစက်မှုဇုန်က စဖော်ထုတ်တာကြာပြီပဲ။ ဂျပန်ကိုလုပ်နေတာ။ အခုက ၂၀၁၉ ရောက်နေပြီလေ။ ဒီ တစ်မီတာပတ်လည် ၅ ဒေါ်လာ သတ်မှတ်မယ်ဆိုတာကြီးက ကြည့်မြင်တိုင် တစ်ဖက်ကမ်းက မြေကြီးကို ဒါ မဖြစ်သင့်ဘူူး။ အဲ့တာတွေကို ကျနော်တို့က ထောက်ပြတာပါ “လို့ ရန်ကုန်တိုင်းဒေသကြီး ၊ ဒဂုံမြို့နယ်၊ မဲဆန္ဒနယ် ( ၂) လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ဇေယျာက ပြောပါတယ်။

တရုတ်နိုင်ငံံက ချေးငွေနဲ့တည်ဆောက်မယ့် ဘတ်ဂျက်ပေါင်း ဒေါ်လာ ၅ ဘီလီယံ ကုန်ကျခံမယ် ရန်ကုန်မြို့သစ်စီမံကိန်းဟာ မြန်မာနိုင်ငံအတွက် အကျိုးအမြတ်တွေ အများကြီးပေါ်ထွန်းစေမယ့် စီမံကိန်းအဖြစ် တာဝန်ရှိသူတွေဘက်က အခိုင်အမာ ပြောဆိုနေပေမယ့် နောက်ထပ် မြစ်ဆုံနဲ့ ကျောက်ဖြူစီမံကိန်းတွေလို တရုတ်အကြွေး ထောင်ချောက်ထဲ ရောက်နိုင်တဲ့ ကိန်းဆိုက်နေတယ်လို့ မြန်မာ့ စီးပွားရေးလေ့လာ သုံးသပ်သူတွေနဲ့ လွှတ်တော်ကိုယ်စားလှယ်တွေက ထောက်ပြပြောဆိုသည်။

“မြစ်ဆုံကတော့ အရင်လက်မှတ်ထိုးပြီးသွားပြီလေ။ စာချုပ်ချုပ်ပြီးပြီ။ စာချုပ်တောင် ပြည်သူ့လူထုကို ချပြဖို့တောင် နည်းနည်းလေး အခက်အခဲဖြစ်နေတဲ့ အနေအထား ဖြစ်တယ်။ ဟိုဘက်က သဘောတူမှ ချပြမှာ။ အခု ရန်ကုန်မြေသစ်စီမံကိန်းက လက်မှတ်တောင် မထိုးသေးဘူး။ တော်သေးတာပေါ့ ။ လက်မှတ်မထိုးရသေးလို ကျနော်တို့က ထောက်ပြနေတာ။ အခု ပြည်သူ့အသံတွေက လက်မှတ်မထိုးခင် သူတို့ပြောနေတဲ့ Master Plan အတိုင်း သဘောတူ လက်မှတ်ထိုးသွားမှာ ကျနော်တို့က စိုးရိမ်နေတယ်။ လက်မှတ်မထိုးခင် ပြည်သူ့အသံ နားထောင်ပြီး ပြောနေတာ။ ဝေဖန်သံတွေ များလာမှာ လက်မှတ်မထိုးနိုင်မှာ ။ လက်မှတ်မထိုးနိုင်ဖို့ ဆုတောင်းနေတယ်”လို့ ရန်ကုန်တိုင်းဒေသကြီး ၊ ဒဂုံမြို့နယ် ၊ မဲဆန္ဒနယ် ( ၂) လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ဇေယျာက ပြောပါတယ်။
ရန်ကုန်မြို့သစ်စီမံကိန်းအတွက် ရန်ကုန်တိုင်းအစိုးရအဖွဲ့ က ၂၅ ရာခိုင်နှုန်း ၊ တရုတ်အစိုးရ ( China Communications and Construction Company ( CCCC) ကုမ္ပဏီ က ၇၅ ရာခိုင်နှုန်း နဲ့ အကျိုးအမြတ် ခွဲဝေရရှိမှာ ဖြစ်ပါတယ်။

ရန်ကုန်မြို့ သစ်စီမံကိန်းနဲ့ပတ်သက်ပြီး ရန်ကုန်တိုင်းလွှတ်တော်မှာ ဆွေးနွေးခွင့် မပြုခဲ့တဲ့အတွက် ဝေဖန်ထောက်ပြမှုတွေ လုပ်ခွင့်မရဘူးလို့ ရန်ကုန်တိုင်းလွှတ်တော် စီးပွားရေး၊ စီမံကိန်းနဲ့ဘဏ္ဍာရေးကော်မတီဥက္ကဋ္ဌ ဒေါ်စန္ဒာမင်းက ပြောပါတယ်။

အသေးစိတ်အချက်အလက်တွေနဲ့မှတ်ချက်တွေ ထပ်မံမေးမြန်းတဲ့အခါမှာတော့ သူက ဖြေဆိုဖို့ ငြင်းဆန်ပါတယ်။

ဖေဖေါ်ဝါရီလ ၁၅ ရက်နေ့ က ရန်ကုန် မြို့တော်ခန်းမမှာကျင်းပတဲ့ ရန်ကုန်မြို့သစ် အပြီးသတ်အဆင့် Master Plan ဆွေးနွေးပွဲမှာ ရန်ကုန်တိုင်း ဝန်ကြီးချုပ် ဦးဖြိုးမင်းသိမ်းက အကျိုးအမြတ်အများကြီးရမယ်လို့ ဆိုပါတယ်။

“အခုတည်ဆောက်မယ့် ဧရိယာ ၂၀,၀၀၀ နဲ့ တွက်မယ်ဆိုရင် ဧက ၁၆,၀၀၀ ဟာ နိုင်ငံတော်အစိုးရကနေ ရရှိမယ့် မြေဖြစ်ပါတယ်။ ဒီမြေပေါ်ကနေ ပေါ်ထွန်းလာမယ့် အကျိုးအမြတ်တွေ အများကြီးဟာ ရန်ကုန်မြို့ဟောင်းကို အများကြီးကယ်တင်သွားနိုင်မှာ ဖြစ်ပါတယ်။ ကျနော်တို့ ရဲ့ ဘတ်ဂျက်တွေ အများကြီးပေါ်လာမှာ ဖြစ်ပါတယ်။ တံတားတွေ၊ လမ်းတွေ၊ ဒါပေမယ့် ဒီဟာကို စနစ်တကျ စီမံခန့်ခွဲနိုင်ဖို့ လိုပါတယ်။ ”

ရန်ကုန်မြို့သစ်စီမံကိန်းကို အဓိက အကောင်အထည်ဖေါ်နေတဲ့ NYDC CEO ဦးသိမ်းေ၀ ခေါ် Serge Pun ကတော့ ဒီစီမံကိန်းအတွက် တရုတ်အစိုးရရဲ့ China Communication and Construction Company (CCCC) ကုမ္ပဏီကို လုပ်ကိုင်ခွင့်ပေးမှာဖြစ်ကြောင်းနဲ့ အကျိုးအမြတ် တွေ ခွဲဝေယူမယ့် ပုံစံတွေကို ရှင်းလင်းသွားပါတယ်။

“ကျနော်တို့က တပြားမှ မထုတ်ဘူး။ သို့သော် ကျနော်တို့က CCCC ဆောက်လုပ်ရေး လုပ်ရမယ့် နေရာတွေ၊ လမ်းတွေ၊ တံတားတွေ၊ ရေစက်တွေအတွက် မြေတွေထုတ်ပေးရမယ်။ မြေတွေထုတ်ပေးတဲ့ အခါမှာ ဒီမြေတွေကို ဈေးတွက်တာကို ကျနော်တို့ ဂျပန်နဲ့ ဖက်စပ်လုပ်တဲ့ သီလဝါစက်မှုဇုန်လိုမျိုး နိုင်ငံတော်အစိုးရ ခွင့်ပြုချက်အရ အဲဒီဈေးက 1 Square Meter ကို ၅ ေါ်လာနဲ့။ အဲဒီဈေးနဲ့ တွက်လို့ရှိရင် စောစောကပြောတဲ့ လုပ်ငန်းတွေ အကုန်လုံးလုပ်ဖို့ လိုအပ်တဲ့ မြေအကုန်လုံးတွက်လိုက်ရင် ကျနော်တို့ ထုတ်တဲ့ တန်ဖိုးက ဒေါ်လာ ၁၄၄ သန်း ပဲရှိတယ်။ သူတို့ ထုတ်တာက သန်း ၁၆၈၀ ရှိတယ်။ သူထုတ်တာနဲ့ ကျနော်တို့ထုတ်တာ ငွေသားမဟုတ်သော်လည်း တန်ဖိုး တခုရှိတဲ့ မြေထုတ်တော့ ကျနော်တို့ထုတ်တာက ၈ ရာခိုင်နှုန်း၊ သူထုတ်တာက ၉၂ ရာခိုင်နှုန်း။ သူတို့က ငွေသား၊ ကျနော်တို့ကမြေ။ ကျနော်တို့က ဈေးကွက်ပေးမယ့်သူ။ ကျနော်တို့က ၂၅ ရာခိုင်နှုန်းလိုချင်တယ်။ အဲဒီတော့ CCCC က ၉၂ရာခိုင်နှုန်းငွေ ထုတ်ပေမယ့် ၇၅ ရာခိုင်နှုန်းပဲ ပိုင်တယ်။ အဲဒီလိုဆိုတော့ မမျှတဘူး။ ကျနော်တို့ မျှတအောင်လုပ်တယ်။ ဘယ်လို လုပ်မလဲဆိုရင် လုပ်ငန်းခြောက်မျိုးကနေ သုံးမျိုးက ပိုက်ဆံရမယ်။ ကျနော်တို့သဘောတူထားတာက သူရဲ့ရင်းနှီးငွေရယ်။ အတိုးနှုန်း ၁၃ ရာခိုင်နှုန်း ရယ်၊ အတိုးနှုန်း အမြတ်ငွေ ပြန်မရခင်မှာ ၁၀၀ ဝင်လို့ရှိရင် သူတို့က ၉၅ ရာခိုင်နှုန်းယူ၊ ကျနော်တို့က ၅ ရာခိုင်နှုန်းပဲယူမယ်” လို့ ဦးသိမ်းဝေက ဆိုပါတယ်။

ပုံစာ-ရန်ကုန်မြို့သစ်စီမံကိန်းအကြောင်း ဖေဖော်ဝါရီလ ၁၅ ရက်နေ့က ရှင်းလင်းနေသည့် ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း။

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

khitthitnews.com

Related Posts

khitthitnews.com