All News Local News

ရတနာပုံတက္ကသိုလ်မှ ဒေါက်တာခင်သက်ကျော်ကိစ္စ ပညာရေးဝန်ကြီးဌာနသို့ လူ့အခွင့်အရေး စာပို့

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၁

ရတနာပုံတက္ကသိုလ်ရှေ့တွင် ၂၀၁၈ ခုနှစ် ဒီဇင်ဘာလ ၂၈ ရက်နေ့ ဖြစ်ပွားခဲ့သော ဆန္ဒပြပွဲ သတင်းရယူနေသည့် သတင်းသမားများကို ဟန့်တားခြိမ်းခြောက်ခဲ့သည့် ရတနာပုံတက္ကသိုလ်မှ ပါမောက္ခဒေါက်တာခင်သက်ကျော်ကို လိုအပ်သလို ဆောင်ရွက်ပေးနိုင်ရေး ပညာရေးဝန်ကြီးဌာနသို့ မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်က စာရေးသားပေးပို့ ကြောင်း သိရှိရသည်။

မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်မှ ဦးယုလွင်အောင်က “ပညာရေးနဲ့ ဆိုင်တာ ပညာရေးကို ပို့တာလေ။ သက်ဆိုင်ရာ ဝန်ကြီးဌာနဖြစ်တဲ့ ပညာရေးဝန်ကြီးဌာနကို ပြောထားတာပေါ့ ။ ဒါလေးကို ကြပ်မတ်ထားတဲ့ မူဝါဒလေးနဲ့ ကိုက်ညီအောင် လုပ်ပေးပါလို့ မေတ္တာရပ်ခံထားတယ်” ဟု ပြောသည်။

ရတနာပုံတက္ကသိုလ်မှ ဒေါက်တာခင်သက်ကျော်သည် သတင်းရယူနေသော သတင်းသမားများကို နှုတ်ဖြင့် စော်ကားခြင်း၊ ဆူပူအကြမ်းဖက်မှုဖြစ်စေရန် လှုံ့ဆော်သည့်သဘော သက်ရောက်နေခြင်း၊ သတင်းမီဒီယာသမားများ၏တာဝန်ကို ဟန့်တားခြိမ်းခြောက်ရာရောက်ခြင်းတို့ကြောင့် အရေးယူပေးရန် မြန်မာနိုင်ငံလူ့အခွင့်အရေးကော်မရှင်သို့ မြန်မာသတင်းသမားများ ကာကွယ်ရေးကော်မတီက တိုင်ကြားခဲ့ခြင်းဖြစ်သည်။

မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီကလည်း ရတနာပုံတက္ကသိုလ်မှ ပါမောက္ခဒေါက်တာ ဒေါ်ခင်သက်ကျော်သည် သတင်းသမားများအပေါ် ကျင့်ဝတ်နှင့်မညီ နှောင့်ယှက်ခဲ့သည်ဟု ကောက်ယူရမည်ဖြစ်ကြောင်း၊ စတုတ္ထမဏ္ဍိုင်အဖြစ် ရပ်တည်ကာကွယ်ပေးရမည့် သတင်းလွတ်လပ်ခွင့်ကို ဟန့်တားရာရောက်ခဲ့သည်ဟု ကောက်ယူရမည်ဖြစ်ကြောင်း ဖေဖော်ဝါရီလ ၈ ရက်နေ့က ကြေညာခဲ့သည်။

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

khitthitnews.com

Related Posts

khitthitnews.com