Local News political news

AA က ချင်းကျေးရွာနှင့် သံတောင်ရဲစခန်းကို ဝင်တိုက်၊ စခန်းမှူးအပါအဝင် ၄ ဦးကို ဖမ်းဆီးခေါ်ဆောင်သွား

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၂

ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်၊ ချင်းတိုင်းရင်းသားများနေထိုင်သည့် သံတောင်ကျေးရွာ၊ သံတောင်စခန်းအား ရက္ခိုင့်တပ်မတော် (AA) တပ်ဖွဲ့က ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး သံတောင်ရဲစခန်းမှူး ၊ ကျေးရွာအုပ်ချုပ်ရေးမှူးတစ်ယောက်နှင့် ရွာသားတစ်ယောက် စုစုပေါင်း ၄ ဦးကို ယနေ့နံနက် ၄ ခွဲ အချိန်ခန့်က ဖမ်းဆီးခေါ်ဆောင်သွားကြောင်း တပ်မတော်ပြောခွင့်ရပုဂ္ဂိုလ် ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ပြောသည်။

“ဒီမနက် ၄ နာရီလောက်က ဖြစ်သွားတာ။ မနက် ၄ နာရီက သံတောင်ရဲစခန်းကို လာပြီးလုပ်သွားတာ။ သူတို့ ရဲအုပ်နဲ့ ရွာသား သုံးယောက်ကို ခေါ်သွားတယ်။ လက်နက်အပ်စရာ ရှိတယ်ဆိုပြီး လိမ်ပြီး ခေါ်သွားတယ်” ဟု တပ်မတော်ပြောခွင့်ရပုဂ္ဂိုလ် ဗိုလ်မှူးဇော်မင်းထွန်းက ပြောသည်။

လက်ရှိတွင် စခန်းမှူး အသတ်ခံရခြင်းနှင့်ပတ်သက်ပြီး အတည်ပြု၍ မရသေးကြောင်း၊ ယခုအချိန်အထိ ပြန်မလွှတ်မပေးသေးကြောင်း ၎င်းက ပြောသည်။

“ရဲစခန်းကတော့ ဘာမှ မဖြစ်သေးဘူး။ ၄ နာရီက တစ်ခါပစ်တယ်။ ၈ နာရီ ၁၃ မိနစ်လောက် တစ်ခါပစ်တယ်။ ဖြစ်စဉ်အကြောင်းကတော့ ရဲစခန်းမှူး ၊ ရဲတပ်ကြပ် တစ်ယောက်၊ ရဲတပ်သားတစ်ယောက် လိုက်သွားတယ်၊ ဖမ်းထားလိုက်တယ်။ ရဲတပ်ကြပ်ကို ပြန်လွှတ်လိုက်တယ်။ ပြန်လွှတ်တဲ့အကြောင်းအရာက ရဲစခန်းကို ဝိုင်းထားပြီး လက်နက်ချဖို့ ပြောခိုင်းလိုက်တာ။ ရဲတပ်ကြပ်က ပြန်လည်ပြီး ပြောတယ်၊ လက်နက်မချဘူး၊ ခုခံတိုက်ခိုက်တယ်။ ဟိုက လက်နက်ကြီး လက်နက်ငယ်နဲ့ ပစ်တယ်၊ ၂ ကြိမ် ပစ်တာပေါ့၊ ရဲစခန်းကတော့ ကျသွားတယ်ဆိုတဲ့ သတင်းမရဘူး။ တပ်ကတော့ စစ်ကူ နယ်မြေရှင်းလင်းရေးအဖွဲ့ရောက်သွားပြီး နယ်မြေရှင်းလင်းနေတယ်” ဟု တပ်မတော်ပြောခွင့်ရပုဂ္ဂိုလ် ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ပြောသည်။

ရက္ခိုင့်တပ်မတော် (AA) တပ်ဖွဲ့ဝင်များသည် သံတောင်ရွာချောင်းကိုဖြတ်ကာ ရွာထဲသို့ ဝင်ရောက်ပစ်ခတ်ခြင်းဖြစ်ပြီး လက်ရှိတွင် ရွာသားများ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။

ရက္ခိုင့်တပ်မတော် (AA) ပြောခွင့်ရပုဂ္ဂိုလ် ခိုင်သုခအား သံတောင်ရဲစခန်း တိုက်ခိုက်ခံရခြင်းနှင့် ပတ်သက်ပြီး ဆက်သွယ်မေးမြန်းရာ ၎င်းထံ မည်သည့်သတင်းအချက်အလက် မရောက်ရှိသေးကြောင်း ပြန်လည်ဖြေကြားသည်။

“ကျနော်တို့ အဲ့ဒါနဲ့ ပတ်သက်ပြီး အတိအကျတော့ မပြောနိုင်သေးဘူး။ မသိသေးပါဘူး။ ဒီအခြေအနေကို ပြန်ပြီးမေးပြီးမှ ပြောပြလို့ရမယ်။ အခုထိ ဘာမှ ဘာမှ အတိအကျမသိရသေးဘူး၊ မပြောနိုင်သေးဘူး“ ဟု ခိုင်သုခ က ပြောသည်။

ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်အတွင်း ၂၀၁၅ ခုနှစ်မှ စတင်ကာ ရက္ခိုင့်တပ်မတော် (AA) နှင့် တပ်မတော်တို့အကြား တိုက်ပွဲဖြစ်ခဲ့သည်မှာ ယနေ့အချိန်ထိ တိုက်ပွဲအရှိန်အဟုန် ပြင်းထန်နေဆဲဖြစ်သည်။

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

Related Posts