Local News political news

မြောက်ဦးတွင် မီးရှို့ခံရထားသည့် လူအရိုးနှင့်ပြာများတွေ့၊ အရေအတွက်မသိသေးဟုပြော

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၃

ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ် ရန်အောင်ပြင်ကျေးရွာအနီးတွင် ဖေဖော်ဝါရီလ ၂၁ ရက် နေ့က မီးရှို့ခံထားရသည့် အလောင်းများ တွေ့ရှိရပြီး မီးရှို့ခံရလိုက်ရသည့် လူ အရေ အတွက်ကိုမူ မပြောနိုင်သေးဟု မြောက်ဦးမြို့နယ်၊ ပြည်နယ် လွှတ်တော် ကိုယ်စားလှယ် ဦးထွန်းသာစိန်က ပြောသည်။

” အဲဒါနဲ့ ပတ်သက်ပြီး ရပ်ကျေးအုပ်ချုပ်ရေးမှူးက အဲဒီနေရာကို သွားကြည့်ကြတယ်။ ဒီသတင်းကို ကျနော်ကို လှမ်းပြီး ပြောပါတယ်။ မှတ်တမ်းမှတ်ရာ၊ ဓါတ်ပုံတွေလည်း ကျနော့် ဆီကို ပေးပို့ထားပါတယ်။ အဲဒီလူတွေက ငါး ယောက်လား ၊ နှစ်ယောက်လား ၊ သုံးယောက် လား ဆိုတော့ အတိအကျတော့ မပြောနိုင်ဘူး။ ဒါပေမဲ့ မီးရှို့ထားတာတော့ ဟုတ်တယ် “ဟု ရခိုင်ပြည်နယ် ၊ မြောက်ဦးမြို့နယ်၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းသာစိန်က ပြောသည်။

မြောက်ဦးမြို့နယ်၊ရန်အောင်ပြင်ကျေးရွာသား ၁ ဦးနှင့် ကျောက်တော်ဘက်က ကျေးရွာသား ၁ ဦး ၊ ကျားနကန်ကျေးရွာသား ၄ ဦးတို့ မှာ ဖေဖော်ဝါရီလ ၁၉ ရက် နေ့တွင် ပျောက်ဆုံး လျက်ရှိနေသဖြင့် ယခုမီးရှို့ခံထားရသူများတွင် ပါ ၊ မပါ မသိရှိသေးကြောင်း သိရသည်။

” သူတို့က လူပျောက်သေမှုသေခင်းတို့နဲ့ အမှုမဖွင့်ရင်တော့ ရဲကလည်း အဲ့ဒီကိစ္စကို သွားကြည့်ချင်မှ ကြည့်မယ်။ ဒါပေမယ့် ကျနော်တို့လွှတ်တော်က မြောက်ဦးမြို့မှာလည်း လူပျောက်နေတဲ့ ကျေးရွာတွေ ရှိတယ်။ ကျော်တော်မြို့မှာလည်း လူပျောက်နေတာ ရှိ တယ်။ ကျနော်တို့ လွှတ်တော်ကိုယ်စားလှယ်တွေက ဒီရက်ပိုင်းအတွင်းမှ လူပျောက်နေတဲ့ မိသားစုဝင်တွေဆီ သွားရောက်ပြီး မေးမြန်းစုံစမ်းဖို့ရှိတယ် ” ဟု ဦးထွန်းသာစိန်က ပြောသည်။

လက်ရှိတွင် တပ်မတော်နှင့် ရက္ခိုင်တပ်မတော်တို့အကြားတိုက်ပွဲများ ကြောင့် ပြည်သူတွေ ထိခိုက်သေဆုံးများမှာ မဖြစ်သင့်ကြောင်း ရခိုင်ပြည်နယ် ၊ မြောက်ဦးမြို့နယ်၊ ပြည်နယ် လွှတ်တော် ကိုယ်စားလှယ် ဦးထွန်းသာစိန်က ပြောသည်။

ရခိုင်ပြည်နယ် ၊ မြောက်ဦးမြို့နယ်၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းသာစိန်က
“စစ်ပွဲဆိုတာက သူရည်ရွယ်ချက်နဲ့ သူ တိုက်ပွဲဝင်နေကြတာပဲ။ စစ်သားအချင်းချင်း တိုက်တာ ၊ ခိုက်တာ ၊ သေတာ ပြဿနာမရှိပါဘူး ၊ ဒါပေမဲ့ အပြစ်မဲ့တဲ့ အရပ်သားပြည်သူတွေ ကြားမှ နေပြီး ဘာမှ မဟုတ်ဘဲ မြေဇာပင် ဖြစ်ရတဲ့အဖြစ်မျိုး ကိုတော့ လွှတ်တော် ကိုယ်စားလှယ် တစ်ယောက်အနေနဲ့ မလိုချင်ပါဘူး “ဟု ၎င်းက ပြောသည်။

ရန်အောင်ပြင်ကျေးရွာအုပ်ချုပ်ရေးမှူး ဦးစိန်လှမောင်က မီးရှို့ခံထားရသူများသည် မည်သူမည်ဝါဖြစ်ကြောင်း စုံစမ်းနေဆဲဟုဆိုသည်။

“အလောင်းကို မီးရှှို့ခံထားရတာပဲ သိတယ်။ဘယ်သူမှန်းတော့ ကျနော်တို့လည်း မပြော တတ် ဘူး။ ကျနော်တို့ သွားကြည့်တော့ ပြာပဲကျန်တော့တယ်။ ဦးခေါင်းခွံပဲ ကျန်တော့ တယ်။ အကုန်လုံး က ပြာဖြစ်သွားပြီ။ မီးရှို့ခံထားရတဲ့ အလောင်းတွေက ဘယ်သူမှန်း ခွဲခြားလို့ မရဘူး လေ။ သက်ဆိုင်ရာကတော့ စစ်ဆေးတာတော့ မရှိသေးဘူး။ ပြောတော့ ပြောထား တာပေါ့။ ဒီအကြောင်း အရာကို ရှိတာကိုး ။ကျနော်တို့ဆီ တွေ့နေတယ်။ အကြောင်းတော့ ကြားထား တယ်။ ဒါပေမယ့် ဌာနဆိုင်ရာက လာပြီး စစ်ဆေးတာတော့ မရှိသေးဘူး ” ဟု ရန်အောင်ပြင်ကျေးရွာအုပ်ချုပ်ရေးမှူး ဦးစိန်လှမောင်က ပြောသည်။

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

khitthitnews.com

Related Posts

khitthitnews.com