All News Local News

မြေလွတ်မြေရိုင်းစီမံခန့်ခွဲဥပဒေသည် ချင်းရိုးရာ မြေယာစီမံခန့်ခွဲမှုဓလေ့ကို ဆန့်ကျင်ပြီး ဖိနှိပ်နေ

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၅

NLD အစိုးရနှင့် လွှတ်တော်က အတည်ပြု ပြင်ဆင်ထုတ်ပြန်လိုက်သည့် မြေလွတ်မြေလပ် မြေရိုင်းစီမံခန့်ခွဲမှု ဥပဒေသည် ချင်းရိုးရာ မြေယာစီမံခန့်ခွဲမှု ဓလေ့ကို ဆန့်ကျင်ပြီး ဖိနှိပ်သောဥပဒေဖြစ်ကြောင်း ချင်းမြေယာဆိုင်ရာကွန်ရက်(CLAN) မှ ဦးမန်ဇခုပ်က ပြောသည်။

ချင်းပြည်နယ်တွင် ဘိုးဘွားအစဉ်အဆက်အရကျင့်သုံးလာခဲ့သည့် မြေယာပိုင်ဆိုင်မှု စီမံခန့်ခွဲခြင်း ရှိပြီး ၂၀၁၈ ခုနှစ် မြေလွတ်မြေရိုင်းစီမံခန့်ခွဲမှုဥပဒေသည် နောက်မှ ပေါ်လာခြင်းဖြစ်ကြောင်း၊ အဆိုပါဥပဒေသည် ချင်းရိုးရာဓလေ့ မြေယာစီမံခန့်ခွဲမှုကို ဆန့်ကျင်နေပြီး ယင်းဥပဒေကြောင့် ပဋိပက္ခများပေါ်ပေါက်စေနိုင်ကြောင်း ၎င်းက ဆိုသည်။

“ချင်းပြည်နယ်မြေယာစီမံခန့်ခွဲမှုကို အသိအမှတ်မပြုဘဲ မနေတစ်နေ့ကပေါ်လာတဲ့ မြေလွတ်မြေလပ်မြေရိုင်းဥပဒေနဲ့ ကိုင်တွယ်မယ်ဆိုရင် ဒါက ချင်းပြည်နယ်မက မြန်မာနိုင်ငံတစ်နိုင်ငံလုံးမှာ ပြဿနာ ဖြစ်နိုင်တဲ့၊ ပဋိပက္ခ ဖြစ်စေနိုင်တဲ့ အချက်တွေရှိတယ်။ အဲဒီဥပဒေက ကျနော်တို့ရဲ့ တိုင်းရင်းသားတွေရဲ့ မတူကွဲပြားမှုကို ချိုးဖောက်တယ်။ ဒီမြေလွတ်မြေလပ်ဥပဒေက ဌာနေတိုင်းရင်းသားများရဲ့ အခွင့်အရေးတွေကို ချိုးဖောက်တဲ့ဥပဒေဖြစ်တယ်။ ဒါကို ကိုင်တွယ်ပြီ းကျနော်တို့ကို မြေလွတ်မြေလပ်ဥပဒေနဲ့ အနိုင့်ကျင်နေမယ်ဆိုရင် တော်တော်လေး အနာဂတ်မှာ ဆိုးရွားနိုင်တဲ့ အလားအလာ ရှိနိုင်တယ်။ပြီးတော့ ကျနော်တို့ ဓလေ့ထုံးတမ်းက စာရွက်စာတမ်းပေါ် မရှိပေမယ့် ကျနော်တို့ယနေ့အထိ ဘိုးဘွားစဉ်ဆက်အထိ ကျင့်သုံးလာတဲ့ ပြဿနာတစ်ခုမျှ မရှိဘူး။ အခုကျအစိုးရလက်ထက် ဒီ ဥပဒေကြောင့် ပြဿနာတွေရှိတယ်”ဟု ချင်းမြေယာဆိုင်ရာ ကွန်ရက် (CLAN) ဦးမန်ဇခုပ်က ပြောသည်။

ဖေဖော်ဝါရီ ၁၂ ရက်နေ့မှ ၁၃ ရက်အထိ စစ်ကိုင်းတိုင်း၊ ကလေးမြို့တွင် ချင်းမြေယာဆိုင်ရာကွန်ရက် ( Chin Land Affairs Network ) က မြေလွတ် ၊ မြေလပ် ၊ မြေရိုင်း များစီမံခန့်ခွဲရေး ဥပဒေ လေ့လာသုံးသပ် ခြင်းနှင့် အလုပ်အမှုဆောင်များဆွေးနွေးပွဲကို ကျင်းပခဲ့ပြီး ချင်းပြည်နယ်၊မြို့နယ် ( ၉) မြို့နယ်မှ ချင်းမြေယာဆိုင်ရာကွန်ရက်၏ ကိုယ်စားလှယ်များ တက်ရောက်လာကြသည်။ အဆိုပါ ဆွေးနွေးပွဲတွင် မြေလွတ် ၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေး ဥပဒေ ( ၂၀၁၈) အပေါ် ပြည်သူတို့၏ ရင်ဆိုင်ရမည့် အန္တရာယ်တို့ကို ဆွေးနွေးသုံးသပ်ခဲ့ကြောင်း သိရှိရသည်။

မြေလွတ်မြေရိုင်းဥပဒေသည် ချင်းပြည်နယ်၏ မြေယာစီမံခန့်ခွဲမှုဥပဒေနဲ့ မကိုက်ညီသည့်အပြင် ဘိုးဘွားစဉ်ဆက် လက်ဆင့်ကမ်းထိန်းသိမ်းလာသည့် ဘိုးဘွားပိုင်မြေယာများတွင် လုပ်ကိုင်နေသော ဌာနေတိုင်းရင်းသားများကို ပြစ်မှုကျူးလွန်သူများဖြစ်စေရန် ဖန်တီးသည်ကို ဆွေးနွေးပွဲက ထောက်ပြခဲ့သည်။

ဦးမန်ဇခုပ်က “အခုမြေလွတ် မြေလပ်နှင့်မြေရိုင်း ဥပဒေက ကျနော်တို့ချင်းလူမျိုးတွေရဲ့ မြေယာကိုရိုက်ချိုးဖဲ့နေသလို ဖြစ်နေတယ်။ ကျနော်တို့ချင်းပြည်နယ်မှ မြေလပ်မြေရိုင်းဥပဒေအရ အစိုးရဌာနတစ်ခု တစ်ခုရဲ့ ခွင့်ပြုချက်မရှိရင် လုပ်ပိုင်ခွင့်မရှိ ဆိုတဲ့ဟာမျိုးတွေ။ ချင်းပြည်နယ်မှ မြေယာလုပ်ကိုင်လို့ရတဲ့နေရာတွေက အစိုးရရဲ့ခွင့်ပြုချက်၊ ထုတ်ပြန်ချက်တို့ မရှိဘူးလေ။ ကျနော်တို့က မြေလွတ်မြေလပ် ဥပဒေအရ ပြစ်မှုကျူးလွန်သူတွေ ဖြစ်သွားတယ်လေ” ဟု ၎င်းကပြောသည်။

ချင်းပြည်နယ်အစိုးရ လမ်းပန်းဆက်သွယ်ရေး ဝန်ကြီး ဦးရွှေထီးယိုက ချင်းပြည်နယ်တွင် ဘိုးဘွားပိုင်မြေ မရှိဟု ပြောဆိုချက်ကိုလည်း လုံးဝကန့်ကွက်ကြောင်း ချင်းမြေယာဆိုင်ရာကွန်ရက်၏ အလုပ်ရုံဆွေးနွေးပွဲက ထောက်ပြထုတ်ပြန်ခဲ့သည်။

“သူကတော့ ချင်းပြည်နယ်မှ ဘိုးဘွားပိုင်မြေမရှိဘူးလို့ ပြောတယ်။ ကျနော်တို့ လက်ရှိစီမံခန့်ခွဲနေတဲ့ မြေယာတွေက ဘိုးဘွားမြေ မဟုတ်ရင် ဘာမြေဖြစ်မှာလဲ။ သူက ဘိုးဘွားမြေ မရှိဘူးဆိုတော့ ချင်းပြည်နယ် တစ်ပြည်နယ်လုံးကို သွားပြီးမှ သုတေသနတွေ လုပ်ပါလား။ အဲဒါကလည်း အထောက်အထားလည်းမရှိဘူး။ ဘလိုင်းကြီးနဲ့ ချင်းပြည်နယ်မှ ဘိုးဘွားပိုင် မရှိဘူးဆိုတော့ ဘယ်အချက်အပေါ် သူက ဘိုးဘွားပိုင်မရှိဘူး ပြောသလဲ။ သူက တစ်ပြည်နယ်လုံးနဲ့ပတ်သက်ပြီး ဘိုးဘွားမြေတွေကို သုတေသနလုပ်တာလား။ အဲ့ဒီလိုလုပ်ပြီး သုတေသနအချက်အရ ပြောတာလား။ အဲဒါတော့ ကျနော်တို့ မသိဘူးလေ” ဟု ဦးမာန်ဇခုပ်က ပြောသည်။

မြေလွတ်မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေးဗဟိုကော်မတီက၂၀၁၈ ခုနှစ် ၊ စက်တင်ဘာ ၃၀ ရက်စွဲပါ ထုတ်ပြန်ကြေညာချက်အရ လက်ရှိမြေလွတ် ၊ မြေလပ် ၊ မြေရိုင်း စီမံခန့်ခွဲမှု ဥပဒေထဲတွင် ပါရှိသော ဥပဒေပုဒ်မ (၂၂) ပုဒ်မခွဲ (ခ) အရ ဥပဒေအတည်ပြုပြဋ္ဌာန်းပြီး ခြောက်လအတွင်း သတ်မှတ်ချက်နှင့်အညီ မှတ်ပုံတင်ရမည်ဖြစ်ကြောင်း ၂၀၁၈ ခုနှစ်၊ အောက်တိုဘာလတွင် ကြေညာခဲ့သည်။

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

khitthitnews.com

Related Posts

khitthitnews.com