All News Local News

မောင်တောတွင် ဒိုင်းနက်လူမျိုး ၃ ဦး အသတ်ခံရ

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၈

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်၊ သဲချောင်းကျေးရွာအုပ်စု၊ သင်္ဘောလှကျေးရွာမှ ဒိုင်းနက် လူမျိုး ၃ ဦး အသတ်ခံရကြောင်း တပ်မတော်က သတင်းထုတ်ပြန်သည်။

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်၊ သဲချောင်းကျေးရွာအုပ်စု၊ သင်္ဘောလှကျေးရွာနေ ဒိုင်းနက် လူမျိုးများ ဖြစ်သည့် ဦးလှထွန်း အောင်(ဘ)ဦးထွီးလှဦး၊ ဦးချစ်ထွန်း(ဘ) ဦးမောင်ဘဦးနှင့် ဦးမောင်စိန်ထွန်း(ဘ) ဦးခေါင်အေကေတို့ သုံးဦးသည် ဖေဖော်ဝါရီ ၁၅ ရက် နံနက် ၈ နာရီခန့် တွင် ကဏန်းရှာရန် အတွက် ကွမ်းသီးပင် ကျေးရွာဟောင်းသို့ သွားရောက်ခဲ့ရာ ည ၁ဝ နာရီ ခန့်အထိ ပြန်လည်ရောက်ရှိလာခြင်း မရှိကြောင်း ၊ကျေးရွာအုပ်ချုပ်ရေးမှူး ဦးမောင်စိန်ထွန်း ၏ သတင်းပို့ချက်အရ လုံခြုံရေး တပ်ဖွဲ့ဝင်များက ဖေဖော်ဝါရီ ၁၆ ရက်တွင် ရွာသားများနှင့် ပူးပေါင်း၍ သွားရောက်ရှာဖွေမှုများ ဆောင်ရွက်ခဲ့ကြောင်း သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

မွန်းတည့် ၁၂ နာရီခန့်တွင် ကွမ်းသီးပင် ကျေးရွာဟောင်း၏ အရှေ့ဘက် မီတာ ၁ဝဝဝ ခန့်အကွာတွင် မသင်္ကာဖွယ် မြေကျင်းအသစ်အား တွေ့ရှိရသဖြင့် မောင်တောမြို့နယ် ပြည်သူ့ဆေးရုံမှ ဆရာဝန်များ၊ မြို့နယ်တရားသူကြီးနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ ပါဝင်သောအဖွဲ့ဖြင့် တူးဖော်ခဲ့ရာ ပျောက်ဆုံးနေသည့် ဒိုင်းနက်လူမျိုး သုံးဦး၏ ရုပ်အလောင်းများအား လည်ပင်းပြတ်ရှ ဒဏ်ရာများဖြင့် သေဆုံး နေသည်ကို တွေ့ရှိခဲ့ရကြောင်း၊ အဆိုပါဖြစ်စဉ်နှင့် ပတ်သက်၍ အဖြစ်မှန် ပေါ်ပေါက်ရေးအတွက် တောင်ပြိုယာ နယ်မြေရဲစခန်း၌ အမှုဖွင့် ဆောင်ရွက်လျက်ရှိကြောင်း တပ်မတော်သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

Related Posts