All News China Watch Local News

မဟာဗျူဟာကျနေရာတွင်ရှိနေ၍ တရုတ်ပိုးလမ်းမနှင့်ရပ်ဝန်းတွင် မြန်မာ ပါဝင်မည်ဟု ဒေါ်အောင်ဆန်းစုကြည် ပြော

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၉

မြန်မာနိုင်ငံသည် ပထဝီဝင်အနေအထားအရ မဟာဗျူဟာကျသည့်နေရာတွင်ရှိနေ၍ တရုတ်နိုင်ငံက ဆောင်ရွက်မည့် ရပ်ဝန်းနှင့်ပိုးလမ်းမစီမံကိန်း (Belt and Road Intiative-BRI) တွင် ပါဝင်မည်ဖြစ်ကြောင်း နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုသည်။

နေပြည်တော်တွင် ဖေဖော်ဝါရီလ ၁၈ ရက်နေ့က ပထမဆုံးအကြိမ် ကျင်းပသော ရပ်ဝန်းနှင့် ပိုးလမ်းမ စီမံကိန်း အကောင်အထည်ဖော်ဆောင်ရွက်ရေး ဦးဆောင်ကော်မတီ အစည်းအဝေးတွင် ဒေါ်အောင်ဆန်း စုကြည်က ပြောဆိုလိုက်ခြင်းဖြစ်သည်။
တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ ဦးဆောင် အကောင်အထည်ဖော်မည့် ရပ်ဝန်းနှင့်ပိုးလမ်းမစီမံကိန်းမှာ ကမ္ဘာ့ နိုင်ငံ ၆၀ ကျော် ပါဝင်ပတ်သက်လျက်ရှိပြီး အခြေခံအဆောက်အအုံ ဆက်သွယ်ရေးသာမက ကဏ္ဍပေါင်းစုံ ပူးပေါင်းဆောင်ရွက်မည့် ကျယ်ပြန့်သော အစီအစဉ် တစ်ခုဖြစ်ကြောင်း၊ မြန်မာနိုင်ငံသည် ပထဝီ အနေအထားအရရပ်ဝန်းနှင့် ပိုးလမ်းမစီမံကိန်းတွင် မဟာဗျူဟာကျသည့် နေရာ၌တည်ရှိနေသည့် အတွက် ပါဝင်ဆောင်ရွက်သွားရန် ရှိကြောင်း၊ ပူးပေါင်း ဆောင်ရွက်မှုများသည် မြန်မာနိုင်ငံအတွက်သာမက ဒေသအတွက် ကိုပါ အကျိုးဖြစ်ထွန်းစေမည့် အခွင့်အလမ်းများ ပေါ်ပေါက်လာစေနိုင်ကြောင်း၊ သို့သော် စီမံကိန်းများကိုဆောင်ရွက်ရာတွင် နှစ်ဦးနှစ်ဖက် အကျိုးစီးပွားအတွက် မျှမျှတတ ဖြစ်အောင် မဟာဗျူဟာနှင့် နည်းဗျူဟာများချမှတ်ဆောင်ရွက် သွားရန် လိုအပ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ဆိုသည်။

ဒေါ်အောင်ဆန်းစုကြည်က ရပ်ဝန်းနှင့်ပိုးလမ်းမစီမံကိန်းအား အကောင်အထည်ဖော်ဆောင် ရွက်ရာတွင်ငြိမ်းချမ်းစွာ အတူယှဉ်တွဲ နေထိုင်ရေးမူကြီး(၅)ရပ်နှင့်အညီ ဆောင်ရွက်သွားရန် လိုအပ်ချက်ကို အလေးပေး ပြောကြားလိုပါကြောင်း၊ စီမံကိန်းများကိုဆောင်ရွက်ရာတွင် ပြည်သူများ အတွက် ရေတိုအကျိုးဖြစ်ထွန်းရေးသာမက ရေရှည်အကျိုးကိုပါ ရှုထောင့် အမျိုးမျိုးက လေ့လာစိစစ် ဆောင်ရွက်သွားရန် လိုအပ်ကြောင်း၊ ရပ်ဝန်းနှင့် ပိုးလမ်းမ စီမံကိန်း အောက်တွင် ဆောင်ရွက်မည့် စီမံကိန်းများသည် မိမိတို့နိုင်ငံ၏ အမျိုးသား စီမံကိန်းများ၊ မူဝါဒများ၊ ပြည်တွင်းလုပ်ထုံးလုပ်နည်းများနှင့် လိုက်လျောညီထွေမှုရှိရန် လိုအပ်ကြောင်း ပြောဆိုသည်။

ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်သော ရပ်ဝန်းနှင့်ပိုးလမ်းစီမံကိန်း အကောင်အထည်ဖော်ရေး ကော်မတီကို လွန်ခဲ့သောနှစ်အတွင်းတွင် ဖွဲ့စည်းခဲ့ခြင်းဖြစ်ပြီး အစိုးရဝန်ကြီးများသာမက ပြည်နယ်/တိုင်းဒေသကြီး ဝန်ကြီးချုပ်များနှင့် ဝန်ကြီးအပါအဝင် ဌာနဆိုင်ရာ ပေါင်းစုံပါဝင်သော အလွန်ကြီးမားကျယ်ပြန့်သော ကော်မတီကြီးတစ်ခုဖြစ်သည်။

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

khitthitnews.com

Related Posts

khitthitnews.com