All News Local News

ဗိုလ်ချုပ်ကြေးရုပ် ဖယ်ရှားရေး သပိတ်မှောက်၍ တရားစွဲခံရသည့် ကရင်နီလူငယ် အရေအတွက် ၅၅ ဦး အထိရှိလာ

ရန်ကုန်၊ ဖေဖော်ဝါရီ ၈

ကယားပြည်နယ်၊ လွိုင်ကော်မြို့ ၊ ကန္တာဟေဝန်ပန်းခြံတွင် ဗိုလ်ချုပ်ကြေးရုပ်ထားရှိမှုကို ဖယ်ရှားပေးရေးအတွက် သပိတ်မှောက် တောင်းဆို ဆန္ဒပြသူများကို အာဏာပိုင်များက တရားစွဲဆိုမှုများ ဆောင်ရွက်နေပြီး တရားစွဲဆိုခံရသည့် ကရင်နီလူငယ်အရေအတွက်သည် ၅၅ ဦး အထိ ရှိလာပြီဖြစ်ကြောင်း သိရှိရသည်။

ဗိုလ်ချုပ်ကြေးရုပ်မထားရှိခင်ကပင် ကရင်နီလူငယ်များက ကန့်ကွက်ခဲ့ကြပြီး ယမန်နှစ်အတွင်း ကန့်ကွက်ခဲ့ကြသော ကရင်နီလူငယ်များကို ပုဒ်မ ၅၀၅ (ခ) နိုင်ငံတော်အကြည်ညိုပျက်စေမှု၊ ငြိမ်းစုစီ ဥပဒေ ပုဒ်မ ၁၉ ချိုးဖောက်မှုဖြင့် အရေးယူခဲ့ကြောင်း၊ ဗိုလ်ချုပ်ကြေးရုပ်ထားရှိချိန် ၂၀၁၉ ခုနှစ်
ဇန်နဝါရီလမှစတင်၍ ဆန္ဒပြမှုများ ဆက်တိုက်ဆိုသလို လုပ်ဆောင်ခဲ့ပြီး ဖမ်းဆီးတရားစွဲခံရသူ ၅၅ ဦး ရှိလာခြင်းဖြစ်ကြောင်း ဆန္ဒပြသူများက ဆိုကြသည်။

ယနေ့ နံနက်ပိုင်းတွင် ကယား NLD ရုံးရှေ့ရှိ ဒုတိယအကြိမ် ပြန်လည်ဖွင့်လှစ်သော သပိတ်စခန်းကို ဒုတိယအကြိမ် ထပ်မံဖြိုခွင်းခဲ့ပြီး ကရင်နီလူငယ် ၁၀ ဦး ဖမ်းဆီးခံထားရကာ ပုဒ်မ ၁၉ ဖြင့် ထပ်မံ တရားစွဲခံထားရကြောင်း သိရှိရသည်။

ကရင်နီပြည်လူငယ်အင်အားစုမှ ခေါင်းဆောင်တစ်ဦးဖြစ်သူ ခွန်သောမတ်စ်က “ကျနော်တို့ သပိတ်ကို ဖြိုခွင်းခံရတာ ဒါနဲ့ဆိုရင် ၃ ကြိမ်မြောက် ရှိသွားပြီ။ အခုသပိတ်စခန်းဧရိယာကို ရဲတွေအားလုံးက ပိတ်ထားတယ်။ လုံခြုံရေးအပြည့်နဲ့ ကျနော်တို့ သွားလို့မရဘူး။ အခု ကျနော်တို့ သပိတ်ကို ခဏလေး ပုံစံမျိုးနဲ့ နားထားတယ်” ဟု ပြောသည်။

ကရင်နီလူငယ်များ တောင်းဆိုနေသည့် တောင်းဆိုချက်များကို ညှိနှိုင်းမှုမရှိဘဲ ဖြိုခွင်းနေမှုသည် ပြဿနာကို ပြီးဆုံးသွားရန်မရှိဘဲ နောက်ဆက်တွဲပြဿနာများ ပေါ်ပေါက်လာမည်ဟု ဆိုသည်။

“ဗိုလ်ချုပ်ရဲ့ကတိကဝတ်တွေ အကောင်အထည်ဖော် လုပ်ငန်းစဉ်တွေ အများကြီးရှိတယ်။ အဲဒါတွေကို တစ်ခုမှ အကောင်အထည်မဖော်ဘဲ ရုပ်တုကို ဇွတ်အတင်းတင်တယ်ဆိုတာတော့ ဒါက တစ်ခုခုကြောင့် ၊ ဒါမဟုတ် နိုင်ငံရေးပုံရိပ် တည်ဆောက်ချင်တာပဲဖြစ်ဖြစ်၊ အကျိုးအမြတ်တည်ဆောက်ချင်တာ၊ ကုန်ကုန်ပြောရင် ၂၀၂၀ ရွေးကောက်ပွဲ စည်းရုံးရေးလုပ်ချင်တာတို့ အများကြီးအတွက်ကြောင့်ပေါ့။ အဲဒါကြောင့်မို့ ဗိုလ်ချုပ်ကြေးရုပ်ကို ကန့်ကွက်ချင်တာ ဖြစ်တယ်” ဟု ခွန်သောမတ်စ်က ဆိုသည်။

ကယားပြည်နယ်တွင် ဗိုလ်ချုပ်ကြေးရုပ် ထားရှိခြင်းကို ကယားပြည်နယ်အစိုးရ၏ အစီအစဉ်ဖြင့် ဆောင်ရွက်ခြင်းဖြစ်ပြီး သုံးစွဲသည့် ငွေကြေးပမာဏ သိန်း ၁၀၀၀ ကျော်သည် ဥပဒေနှင့်မညီဆိုသော ဝေဖန်မှုများလည်း ထွက်ပေါ်လျက်ရှိကာ ကယားပြည်နယ်အစိုးရက တစ်စုံတစ်ရာ ရှင်းလင်းခြင်းမရှိသေးပေ။

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

Related Posts