All News Local News

ဗိုလ်ချုပ်ကြေးရုပ်ဖယ်ရှားရေး သပိတ်စခန်း ဖြိုခွင်းခံရပြီး ကရင်နီလူငယ်တွေ အဖမ်းခံရတဲ့ အပေါ် KySDP က ဘာပြောလဲ

ကယားပြည်နယ် ဒီမိုကရက်တစ်ပါတီ(KySDP) ပါတီမှ စိုင်းနိုင်နိုင်ထွေးနှင့် ဆက်သွယ်မေးမြန်းချက်

By နန့်အိသူ/ရန်ကုန်ခေတ်သစ်

ကယားပြည်နယ် ဒီမိုကရက်တစ်ပါတီက ဗိုလ်ချုပ်ကြေးရုပ် လွိုင်ကော်မြို့ရှိ ပန်းခြံတွင် လာရောက်ထားမှုအပေါ် ကန့်ကွက်သော စာတစ်စောင်ကို NLD ဗဟိုနှင့် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ထံပေးပို့လိုက်သည်။ ယင်းအခြေအနေအပါအဝင် ကရင်နီလူငယ်များ ဖမ်းဆီးခံရမှုအပေါ် စိုင်းနိုင်နိုင်ထွေးထံ ရန်ကုန်ခေတ်သစ်က ဆက်သွယ်မေးမြန်းထားပါသည်။

မေး ။ ။ ဗိုလ်ချုပ်ကြေးရုပ်ကို ကန့်ကွက်တဲ့ ထုတ်ပြန်ချက်မှာ ပါဝင်တဲ့ ကရင်နီ နဲ့ ပတ်သက်တဲ့ သမိုင်းကြောင်းအပေါ် သုံးသပ်ရေးသားထားတဲ့အကြောင်းအရင်းက ဘာကြောင့်လဲ။

ဖြေ ။ ။ ဒါကသမိုင်းကြောင်း ဖြစ်တည်မှု တစ်ခုပါ။ ကတိကဝတ်ဆိုတာ ပင်လုံကတိကဝတ်ရှိတယ်။ ဗိုလ်ချုပ်ရဲ့ ပြောဆိုသွားတဲ့အရာက အဲ့ဒီခေတ်ကာလမှ ဖြစ်နေတဲ့ ဖဆပလ၊ နိုင်ငံရေးဖြစ်စဉ်တွေထဲမှ ပါလာတာ ကတိကဝတ်တစ်ခုဖြစ်ပါတယ်။ ဒါကို ဗိုလ်ချုပ်အောင်ဆန်းက ဖဆပလ အဖွဲ့ကို လာရောက်ဆွေးနွေးတယ်လို့ ဒီလို့ ယေဘုယျ သိရတယ်။ သူကတိကဝတ်က ဘယ်အပေါ်အခြေခံပြီး ဖြစ်လာတယ်ဆိုတာက ပင်လုံအပေါ်မှာ အခြေခံပြီး ဒီလိုအနေအထားဖြစ်လာတဲ့အတွက် ဒီကတိကဝတ်ကို အကောင်အထည်ဖော်စေလို့ ဆန္ဒတစ်ခု ဦးစွာ ဖြစ်ပေါ်လာတယ်။ လွတ်လပ်ရေးကာလမှာ ကျနော်တို့ မပါခဲ့ပေမယ့် လွတ်လပ်ရေးကာလနောက်ပိုင်း ဗမာပြည်မနှင့် ပူးပေါင်းခဲ့ခြင်း ဖြစ်ပါတယ်။ ဒါက သမိုင်းကြောင်း ဖြစ်တည်မှုပါ။ အဲ့ဒါကြောင့်မို့ သမိုင်းရှိတာနဲ့အညီ ဆိုတဲ့ဟာ လက်ရှိနိုင်ငံရေး ဖြစ်စဉ်နဲ့ မတူပါဘူး။ ဗိုလ်ချုပ် ဖြစ်စဉ်နဲ့ဆိုရင် ကျနော်တို့ သိထားရမယ့်အချက်ဖြစ်ပါတယ်။

မေး ။ ။ ကရင်နီပြည် လူငယ်အင်အားစုတွေကို တရားစွဲဆိုနေတာက လက်ရှိ ဖော်ဆောင်နေတဲ့ နိုင်ငံရေးတည်ငြိမ်ရေးကို ထိခိုက်စေတဲ့ဆိုတာက ဘာကိုဆိုလိုပါသလဲ။

ဖြေ ။ ။ အစိုးရတစ်ရပ်အနေနဲ့ အဓိက လုပ်ရမယ့်အရာက တာဝန်ရှိပါတယ်။ အုပ်ချုပ်ရေး၊ တရားစီရင်ရေး၊ ဥပဒေပြုရေး မှာ အုပ်ချုပ်ရေး မဏ္ဍိုင်က တရားဥပဒေစိုးမိုးရေးနဲ့ ဥပဒေတွေကို အကောင်အထည်ဖော်ဖို့ က အုပ်ချုပ်ရေးမဏ္ဍိုင်က အဓိက လုပ်ရတာပါ။ ဒီအုပ်ချုပ်ရေးကဏ္ဍမှ ဖြစ်ပေါ်လာတဲ့ တရားဥပဒေစိုးမိုးရေးဆိုတဲ့ ကိစ္စရပ်က ကျနော်တို့နဲ့ အစိုးရ ထိပ်တိုက်တွေ့တွေ့နေတဲ့အနေအထားတွေ ဖြစ်ပေါ်နေပါတယ်။ ဒီထိပ်တိုက်တွေ့ရာကနေ တရားဥပဒေစိုးမိုးရေးကို ဆောင်ရွက်ရင် မတည်ငြိမ်မှုကို ဖြစ်ပေါ်စေတာက အစိုးရနဲ့ လူထု တွေ့ဆုံမှု ကြား ၊ နှစ်ခုကြားမှ မပြေလည်မှုကြောင့် ဖြစ်ပေါ်လာတဲ့ တည်ငြိမ်အေးချမ်းမှုကို ထိခိုက်စေတဲ့ အကြောင်းအရာဖြစ်ပါတယ်။ အဓိက အစိုးရရဲ့ ထိန်းကြောင်းမှုပုံစံ တည်ငြိမ်မှုမရှိလို့ သူတို့ဖန်တီးလာတဲ့ ကိစ္စရပ်တိုင်း သမိုင်းကြောင်းဆိုင်ရာ ကိစ္စရပ်တွေကို ထည့်သွင်းမစဉ်းစားခြင်းမရှိဘဲ သူတိုရဲ့ နိုင်ငံရေးပါတီ အာဏာရလာတဲ့ အနေအထားအပေါ်မှာပဲ ဆုံးဖြတ်နေတာ တွေ့ရတယ်။ ကျနော်တို့က ငြိမ်းချမ်းရေးလုပ်ငန်းစဉ်၊ နိုင်ငံရေး ဆွေးနွေးရေးအနေအထားတွေက အနာဂတ်ဖယ်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးမှာ ကျနော်တို့က ဒီအချက်တွေကိုပါ ထည့်သွင်းစဉ်းစားပြီး ပြောနေရတဲ့အတွက် တည်ငြိမ်အေးချမ်းရေးနှင့် ငြိမ်းချမ်းရေးကို ထိခိုက်စေတယ်လို့ ဒါကို သုံးသပ်တာ ဖြစ်တယ်။

မေး ။ ။ ကရင်နီ ပြည်လူငယ်အင်အားစုတွေကို ပုဒ်မ ၅၀၅(ခ) နဲ့ တရားစွဲဆိုနေတဲ့အပေါ် သုံးသပ်ချက်အမြင်သဘောထား သိချင်ပါတယ်။။

ဖြေ ။ ။ ပုဒ်မ ၅၀၅ (ခ)က ကိုလိုနီခေတ် လက်ကျန်ဥပဒေ ဖြစ်ပါတယ်။ နောက်တစ်ခုက အခုစွဲဆိုထားတဲ့ ပုဒ်မ ၅၀၅(ခ) က လူငယ်တွေကို စွဲဆိုထားတာ ဖြစ်ပြီးတော့ နိုင်ငံတော် အကြည်ညိုပျက်စေမှုဆိုတာနဲ့ စာရင် ကျနော်တို့က လက်ရှိ ဒီမိုကရက်တစ်အစိုးရစနစ်မှာ လုံးဝ မကျင့်သုံးအပ်တဲ့ ဥပဒေ တစ်ခု ဖြစ်ပါတယ်။ ဒါကို အစိုးရအနေနဲ့ လူထုနဲ့ ထိပ်တိုက် တရားစွဲဆိုမှုပြုလုပ်တာက တရားဥပဒေစိုးမိုးရေးကို ဆောင်ရွက်နေတဲ့ အုပ်ချုပ်ရေးအဖွဲ့အစည်းတွေ မညီညွတ်မှု ဖြစ်တယ်။ တရားစီရင်ရေးကဏ္ဍကို ပြောလိုခြင်း မဟုတ်ပါဘူး။ ပုဒ်မ ၅၀၅ (ခ) နဲ့ စွပ်စွဲထားတဲ့ လူတွေကို ဒီအမှုကို ရုပ်သိမ်းပေးဖို့က တရားဥပဒေစိုးမိုးရေးကို တာဝန်ယူတဲ့ အုပ်ချုပ်ရေးကဏ္ဍက လုပ်ရမှာဖြစ်ပါတယ်။ ဒီဥပဒေသည် လက်ရှိဒီမိုကရေစီစနစ်မှာ လုံးဝမကိုက်ညီတော့တဲ့ ကျင့်ထုံးတစ်ခုဖြစ်သည်။

မေး ။ ။ လက်ရှိအခြေအနေအပေါ်မှာ ကယားပြည်နယ် ဒီမိုကရက်တစ်ပါတီရဲ့ ရပ်တည်ချက်ကို ရှင်းရှင်းလင်းလင်းသိပါရစေ။

အဓိက ဆုံးဖြတ်ချတ်ချတဲ့ အစိုးရ အပိုင်း။ အစိုးရပိုင်းက ဆုံးဖြတ်ချတဲ့ ယန္တရားတွေက ပြီးပြည်စုံခြင်း မရှိဘူး။ ဆုံးဖြတ်ချက်တွေက တရားဥပဒေစိုးမိုးရေးနှင့် လူထုကို ကာကွယ်ပေးတဲ့ နိုင်ငံရေးလမ်းစဉ် ၊ အုပ်ချုပ်ရေးလမ်းစဉ် ပျက်ယွင်းနေတယ်လို့ ပြောတာပါ ။ နောက်တစ်ခုက အဓိက ပြောချင်တာက ကျနော်တို့ NLD ဗဟို ပြောလိုခြင်းဖြစ်ပါတယ်။ သူတို့ရဲ့ အစိုးရတစ်ရပ်က တည်ဆောက်ထားတဲ့ ယန္တရားထဲမှာ ဗဟိုက အဓိကကျတဲ့အရာကို ဖြေရှင်းပေးရမှာ ဖြစ်ပါတယ်။ သူတို့ ပါတီဝင်တွေ အစိုးရဖြစ်ပေါ်မှုကို ဘာမျှ ထိန်းချုပ်မှုမရှိတဲ့အတွက် တာဝန်မဲ့နေတယ်လို့ ကျနော်တို့က ခံစားရတယ်။ ဒါကြောင့် ပါတီအနေနဲ့ ဒီကိစ္စကို ပြေလည်အောင်ဆောင်ရွက်မှသာလျှင် ဒီကိစ္စက လက်ရှိဆုံးဖြတ်ချက်နေတဲ့ ယန္တရားက လက်ရှိ ကယားပြည်နယ် NLD အစိုးရနဲ့ NLD ဗဟိုလက်ထဲမှာ ရှိတာဖြစ်ပါတယ်။ ဒီ ယန္တရားကို အသုံးချပြီး အချိန်ပေးနိုင်တဲ့ အနေအထား၊ တရားဥပဒေစိုးမိုးရေးနဲ့ လက်ရှိ တည်ဆောက်ထားတဲ့ အစိုးရအဖွဲ့ ယန္တရားတွေရဲ့ နိုင်ငံရေးအတွေးအမြင်တွေကို ဒီထက်ပိုပြီးကောင်းမွန်တဲ့ အစိုးရတစ်ရပ် ဖြစ်အောင် ဒီလိုပဲထိန်းကျောင်းရမှာ ဖြစ်တယ်။ အဲဒီတော့ ဗဟို ကနေ ဒီကိစ္စကို ဆုံးဖြတ်ချက် ပေးမှာ ၊ လာပြီး ဆုံးဖြတ်မှာ သာလျှင် ဒီအနေအထားတွေကို ပြီးမြောက်နိုင်မှာ ဖြစ်တယ်။ ဒါကြောင့် အဓိက တာဝန်အရှိဆုံး ပုဂ္ဂိုလ်သည် NLD ဗဟို ဖြစ်ပါတယ်။ ဒီကိစ္စကို သူတို့ကိုယ်တိုင် ဖြေရှင်းမှာ သာလျှင် ပြည့်စုံတဲ့အနေအထားတစ်ရပ်ဖြစ်မှာပါ ။ ပြောချင်တာက သူတို့လူတွေရဲ့ အုပ်ချုပ်မှုဆိုင်ရာ အနေအထား တစ်ရပ် ၊ တရားဥပဒေ စိုးမိုးမှုအနေအထားတွေ တည်ဆောက်မှု ပျက်ယွင်းနေတာကိုး ညွှန်းဆိုခြင်း ဖြစ်ပါတယ်။

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

khitthitnews.com

Related Posts

khitthitnews.com