All News Local News

ဗိုလ်ချုပ်ကြေးရုပ်ကို ကန့်ကွက်ခြင်းသည် နိုင်ငံရေးအမြတ်ထုတ်ပြီး NLD ကိုတိုက်ခိုက်ခြင်းဟုဆို

ရန်ကုန်၊ ဖေဖော်ဝါရီ ၅

ကယားပြည်နယ် ၊ လွိုင်ကော်မြို ၊ ကန္ဒာဟေဝန်ပန်းခြံအတွင်း ဗိုလ်ချုပ်ကြေးရုပ် ဖယ်ရှားရေးအတွက် သပိတ်စခန်းဖွင့်လှစ်တောင်းဆိုနေသည့် ကရင်နီ ပြည်လူငယ်အင်အားစုများသည် နိုင်ငံရေး အမြတ်ထုတ်ပြီး နိုင်ငံရေးအရ NLD ပါတီကို တိုက်ခိုက်သည့်ပုံစံဖြစ်နေကြောင်း ကယား ပြည်နယ် NLD ဥက္ကဋ္ဌ ဦးသောင်းဌေးက ပြောဆိုလိုက်သည်။

ကယားပြည်နယ် NLD ပါတီ ဥက္ကဋ္ဌနှင့် ကရင်နီပြည်သူ့လူငယ်အင်အားစုများ ဖေဖော်ဝါရီလ ၄ ရက်နေ့ ညနေပိုင်းက တွေ့ဆုံ ဆွေးနွေးရာ ထူးခြားမှု မရှိဘဲ ဆွေးနွေးပွဲ အဆုံးသတ်သွားကြောင်း သပိတ်ဆန္ဒပြ ခေါင်းဆောင် ကိုဒီးဒီး က ပြောသည်။

“ ကယားပြည်နယ် NLD ပါတီ ဥက္ကဋ္ဌ သွားတွေ့တော့ သူက အဓိက က ကျနော်တို့က စာပေးတာပေါ့။ သူရဲ့ ပုဂ္ဂလိကအနေနဲ့ ပေးတယ်လို့ သူပြောတယ်။ အဓိကကတော့ သပိတ်ကို NLD ရုံးရှေ့မှ မဖွင့်ဖို့ ၊ အဲလို လုပ်တာက ပါတီပုံရိပ် ကျစေတယ်။ ဒါ က နိုင်ငံရေးနဲ့ အမြတ်ထုတ်တဲ့ ပုံစံမျိုး ဖြစ်နေတယ်လို့ သူက ပြောဆိုတယ် “ ဟု ကိုဒီးဒီးက ပြောသည်။

ကရင်နီ ပြည်လူငယ်အင်အားစုအနေဖြင့် တောင်းဆိုချက်များ မရမချင်း သပိတ်ကို ဆက်လက်ပြုလုပ်သွားမည်ဖြစ်ပြီး ကယားပြည်နယ် ဝန်ကြီးချုပ်ကို အရေးယူပေးရန် တောင်းဆိုခဲ့ကြောင်း ကရင်နီ ပြည်လူငယ်အင်းအားစု က ကိုဒီးဒီးက ပြောသည်။

“ကျနော်တို့က သပိတ်ဆက်လက်ဖွင့်မှာပါ ။ ဘာဖြစ်လဲဆိုတော့ ကျနော်တို့က သူကို ပြန်ပြီး ပြောလိုက်ပါတယ်။ ဒီဗိုလ်ချုပ်ကြေးရုပ် ပြဿနာက NLD အပေါ်မှာ တာဝန်အများကြီး ရှိတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒီကြေးရုပ်ကို အစပြုတာက ဦးအယ်ဖောင်းရှို ဖြစ်တယ်။ ဦးအယ်ဖောင်းရှို က NLD ပါတီဝင်အနေနဲ့ ဝန်ကြီးချုပ် ဖြစ်လာတဲ့အတွက် ပါတီကနေ ထိန်းကြောင်းဖို့ ၊ အရေးယူဖို့ တာဝန်ရှိတယ်။ ဒေါ်အောင်ဆန်းစုကြည် မဲဆွယ်တုန်းက ပြောခဲ့တယ်။ ပါတီကို ကြည့်ပြီး မဲထည့်ပါ။ ကျမတို့ ကြည့်ထိန်းပါမယ်ဆိုတဲ့ စကားအရာပေါ့။ ဆိုတော့ NLD မှ တာဝန်ရှိတယ်။ ဒီအတွက်ကြောင့် ဒါကို ပြောဆိုခဲ့ပါတယ် “ ဟု ကိုဒီးဒီးက ပြောသည်။

ပြည်သူ့ ဆန္ဒမပါဘဲ ဗိုလ်ချုပ်ကြေးရုပ်စိုက်ထူခြင်းနှင့်ပတ်သက်ပြီး NLD၏ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် NLDပါတီပြောရေးဆိုခွင့်ရှိသူ ဒေါက်တာမျိုးညွှန့်အား တွေ့ဆုံခွင့်ရရန် ကယားပြည်နယ် NLD ရုံးရှေ့တွင် ၂၀၁၉ ဇန်နဝါရီလ ၂ ရက်နေ့က စတင်ကာ ဆန္ဒပြတောင်းဆိုနေခြင်းဖြစ်သည်။

ကရင်နီ ပြည်လူငယ်အင်အားစုမှ ကိုရီးရယ် ကတော့ “ ဒီဗိုလ်ချုပ်အောင်ဆန်း ကြေးရုပ်နဲ့ ပတ်သက်ပြီးတော့ စဖျက်တာက ကယားပြည်နယ်အစိုးရက စဖျက်တာ ။ ကယားပြည်နယ်အစိုးရကတော့ NLD ပါတီကနေ လာတာလေ။ ပါတီကလည်း ကယားပြည်နယ်အစိုးရနဲ့ တစ်စုံတစ်ရာ ပတ်သက်ဆက်နွယ်မှု ရှိနေတယ်။ အဲ့တာကြောင့် သူတို့က ကျနော်တို့ကို ညှိနှိုင်းတဲ့အထိ စောင့်မယ်။ ပါတီဝင်အနေနဲ့လည်း ပါတီ ဆုံးဖြတ်ပိုင်ခွင့် ရှိသူတစ်ယောက်အနေနဲ့ ဒီအပေါ်မှ တာဝန်ခံပြီး ဖြေရှင်းပေးဖို့ လိုတယ်။ ဖြေရှင်းပေးတဲ့အထိ ဆက်စောင့်နေမယ်။ ဆိုတော့ ကျနော်တို့ဘက်က ပြင်ဆင်မှုတွေကတော့ ဒီမှ မရမချင်း တော့ သပိတ်ကို ဆက်ပြီးတော့ ထိုင်မယ်။ ကျနော်တို့ တောင်းဆိုထားတဲ့ ဗိုလ်ချုပ်ကြေးရုပ် ဖယ်ရှားရေး ကို ရအောင် တော့ ညှိနှိုင်းမှု တစ်စုံတစ်ရာ ပြေလည်အောင် ထိုင်သွားမှာ ဖြစ်တယ်။ ဒါက ကျနော်တို့ ဆက်လုပ်မယ့် လုပ်ငန်းစဉ် ဖြစ်တယ် “ ဟု ၎င်းက ပြောဆိုသည်။

ကယားပြည်နယ်၊ လွိုင်ကော်တွင်ထားရှိသည့် ဗိုလ်ချုပ်ကြေးရုပ်ကို ဖယ်ရှားပေးရန် တောင်းဆိုသည့် လူငယ် ၂၀ ဦးမှာ ငြိမ်းစုစီ ဥပဒေ ပုဒ်မ ၁၉ ချိုးဖောက်မှုဖြင့်လည်း အာဏာပိုင်များက တရားစွဲဆိုထားသည်။

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

Related Posts