All News interview

“ဗိုလ်ချုပ်ကိုမုန်းလို့မဟုတ်ဘူး၊ ဒီလူငယ်တွေက ဗိုလ်ချုပ်ကို သူတို့ထက်တောင် ချစ်မြတ်နိုးပြီးတော့ တကယ့်အကျပ်အတည်းကာလမှာတောင် ဖော်ဆောင်ခဲ့ကြတဲ့သူတွေဖြစ်တယ်”

By အောင်သက်ဝိုင်း(ရန်ကုန်ခေတ်သစ်)

ကရင်နီပြည်လူငယ်အင်အားစု သပိတ်ကော်မတီမှ ဦးကျော်ထင်အောင်နှင့်ဆက်သွယ်မေးမြန်းချက်

ကယားပြည်နယ်၊ လွိုင်ကော်မြို့ ကန္တာဟေဝန်ပန်းခြံတွင် ဗိုလ်ချုပ်ကြေးရုပ်ထားရှိရာမှ ကယားပြည်နယ်အစိုးရနှင့် ကရင်နီပြည်လူငယ်များအကြား တင်းမာမှုဖြစ်ပြီး ဗိုလ်ချုပ်ကြေးရုပ်ဖယ်ရှားရေး လှုပ်ရှားမှုများ ပေါ်ပေါက်လာခဲ့သည်။ ယင်းသို့ ပေါ်ပေါက်လာပြီးနောက် ကယားပြည်နယ်အစိုးရက ကရင်နီပြည်လူငယ်များ၏ သပိတ်စခန်းများကို ဖြိုခွင်းမှုများ လုပ်ဆောင်ခဲ့ပြီး ကရင်နီပြည်လူငယ်များကလည်း ဗိုလ်ချုပ်ကြေးရုပ်ဖယ်ရှားရေးနှင့် ကယားပြည်နယ်ဝန်ကြီးချုပ် ဦးအယ်ဖောင်ရှို နုတ်ထွက်ပေးရေး ဆက်တိုက်တောင်းဆိုလာသည်။ ဖေဖော်ဝါရီလ ၁၂ ရက်နေ့တွင် ကရင်နီပြည် လူငယ်ထောင်ပေါင်းများစွာ လမ်းပေါ်ထွက်လာကြပြီး သပိတ်မှောက်ကြရာမှ နှစ်ဖက် တင်းမာပြီး ရဲတပ်ဖွဲ့ကလည်း ပစ်ခတ် ဖြိုခွင်းခဲ့သည်။ နောက်ဆုံး နှစ်ဖက်ညှိနှိုင်းရန် သဘောတူညီခဲ့ပြီး သဘောတူညီမှုအရ ယာယီ ဆန္ဒပြမှုများကို ၁လတာ ရပ်ဆိုင်းထားခဲ့သည်။ ကရင်နီပြည်လူငယ်အင်အားစုမှ ကိုကျော်ထင်အောင်ကို ရန်ကုန်ခေတ်သစ်က ဆက်သွယ်မေးမြန်းထားပါသည်။

မေး ။ ။ မနေ့က ညှိနှိုင်းဆွေးနွေးမှုမှာ အဓိက အစိုးရနဲ့ဆွေးနွေးတာလား၊ ကြေးရုပ်ဖြစ်မြောက်ရေးကော်မတီနဲ့ ဆွေးနွေးတာလား။

ဖြေ ။ ။ အစိုးရနဲ့ဆွေးနွေးပါတယ်။ ဒါပေမယ့် အစိုးရ ဝန်ကြီးချုပ်နဲ့ စီမံဘဏ္ဍာဝန်ကြီးတို့ကတော့ ခေါင်းရှောင်ပါတယ်။ သူတို့ရဲ့ ကြေးရုပ်တုဖြစ်မြောက်ရေး ကော်မတီက ရုပ်သိမ်းပြီးသားဖြစ်သွားပြီပေါ့။ အဲဒီအတွက်ကြောင့်မို့ သူတို့နဲ့မသက်ဆိုင်တော့ဘူး၊ အဲဒီအတွက်ကြောင့်မို့လို့ကို ရုပ်တူဖြစ်မြောက်ရေးကော်မတီနဲ့သာလျှင် ဆွေးနွေးပါစေ၊ လုံးဝကိုရပ်ခံအတွက်ကြောင့်မို့လို့ ပြည်သူပြည်သူချင်းတိုက်တဲ့ အနေအထားမျိုးဖြစ်တယ်။ သူတို့ခေါင်းရှောင်တယ်ဆိုတာကိုတော့ တစ်ဖက်လှည့်ပြတာပဲဖြစ်တယ်ပေါ့။ လက်ရှိအချိန်အထိ ကြေးရုပ်တုဖြစ်မြောက်ရေးကော်မတီစာရင်းကိုလည်း သူတို့ကိုယ်တိုင်လည်း မပေးသလို သူတို့ကိုယ်တိုင်လည်း ထုတ်ပြန်ထားခြင်းမရှိဘူး။ ဆက်သွယ်ရမယ့်လူတွေလည်း မရှိသေးဘူး။ အဲဒီအတွက်ကြောင့်မို့ လူငယ်အင်အားစု သပိတ်ကော်မတီအနေနဲ့ကတော့ Statement ထုတ်ပြန်ပြီးတော့မှကို ဒီအပေါ်မှာ တောင်းဆိုသွားဖို့တွေတော့ ရှိလာပါမယ်။

မေး ။ ။ ညှိနှိုင်းသဘောတူညီချက်မှာ ကန့်ကွက်တာတွေ အားလုံးကိုတော့ တစ်လ ရပ်ဆိုင်းထားမယ်ဆိုတာနဲ့ပတ်သက်လို့ ဘယ်လိုလှုပ်ရှားမှုတွေကို ရပ်ဆိုင်းမှာပါလဲ။

ဖြေ ။ ။ ဒီနေ့ ကျနော်ပြုလုပ်မယ့် ဗိုလ်ချုပ်အောင်ဆန်းမွေးနေ့အထိမ်းအမှတ် အနေနဲ့ ဗိုလ်ချုပ်ပြောစကားတွေ၊ ဗိုလ်ချုပ်ပေးခဲ့တဲ့ ကတိတွေ၊ ဗိုလ်ချုပ်နဲ့ ကရင်နီပြည်နယ် ဖက်ဒရယ် ကိစ္စ ပြောဆိုတွေနဲ့ ပတ်သက်တဲ့ ဟောပြောဆွေးနွေးမှုကိုတော့ ဒီကနေ့ ရပ်ဆိုင်းထားသေးတယ်၊ မနက်ဖြန် တရားရုံးသွားတဲ့အချိန်မှာ တရားစွဲခံရတဲ့လူတွေကို ဝန်းရံလုပ်ဆောင်ဖို့အတွက် ဆန္ဒဖော်ထုတ် စီတန်းလှည့်လည်ပြီးတော့မှ တရားရုံးကိုပို့ဆောင်တဲ့ပွဲကိုလည်း ကျနော်တို့ ရပ်ဆိုင်းထားပေးမယ်ပေါ့။ နောက် ရှေ့ဆက်ဆန္ဒဖော်ထုတ်မယ့်ကိစ္စတွေကိုလည်း ကျနော်တို့ ရပ်ဆိုင်းထားပေးမယ်၊ အဲ့ဒါကြောင့်မို့လို့ အမြန်ဆုံး အမှုရုပ်သိမ်းပေးဖို့ လုပ်ဆောင်ပေးဖို့နဲ့ သူတို့ ဖြစ်မြောက်ရေးကော်မတီက လူတွေ ခေါ်ပြပြီးတော့မှ အမြန်ဆုံးတွေ့ဆုံဖို့ကတော့ လိုအပ်ပါလိမ့်မယ်။
မေး ။ ။ ကြေးရုပ်တုဖြစ်မြောက်ရေးကော်မတီဆိုတာက ဒါက အဓိက ကယားပြည်နယ်အစိုးရအဖွဲ့က ခေါင်းရှောင်တဲ့သဘောလို့ပြောတယ်။ အဲဒီကော်မတီက ဘယ်သူတွေက အဓိကပါနေလဲ။

ဖြေ ။ ။ ဟုတ်ကဲ့၊ အဲဒီမှာကတော့ NLD ပါတီဝင် တချို့ရယ်၊ ပရဟိတအဖွဲ့တွေထဲက သူတို့နဲ့ရင်းနှီးတဲ့သူတွေက ဖွဲ့ထားတယ်ဆိုတာကိုတော့ ကျနော်တို့သိထားရတယ်။ ဒါပေမယ့် List အနေနဲ့ သူတို့မထုတ်တာတွေရှိတယ်ပေါ့။ အခုအချိန်မှာတော့ ပရဟိတအဖွဲ့တွေနဲ့ သူတို့က နိုင်ငံရေးကြားထဲ ညပ်သွားပြီဆိုတာ သူတို့သိလာတယ်။ သူတို့ နဂိုတုန်းက ဒါတွေကိုမသိဘူး၊ ခိုင်းလို့လုပ်ရတာပါဆိုတဲ့ အနေအထားမျိုးလေးတွေ ဖြစ်လာတယ်၊ အစိုးရက အခု ခေါင်းရှောင်ပြီးတော့မှ သူတို့တွေကို ဒါ တရားခံလုပ်တယ်ဆိုတဲ့အသံမျိုးတွေကတော့ ထွက်လာတဲ့ အနေအထားတစ်ရပ်အရဆိုရင် သူတို့ ဖြစ်မြောက်ရေးကော်မတီရဲ့စာရင်းကိုတော့ ဘယ်လိုထုတ်ပြန်မယ်ဆိုတာပဲ ကျနော်တို့ စောင့်ကြည့်ရမယ်ခင်ဗျ။

မေး ။ ။ ဒီ ဗိုလ်ချုပ်ကြေးရုပ် ပန်းခြံထဲထိ ရောက်လာတဲ့ အဓိကတရားခံက ကယားဝန်ကြီးချုပ်နဲ့ ကယားပြည်နယ်အစိုးရလို့ ပြောခဲ့တာကရော ဘယ်လိုဖြစ်သွားပြီလဲ။

ဖြေ ။ ။ ၂၀၁၈ ဖေဖော်ဝါရီ ၁ ရက်ကတည်းက ပြည်နယ်အစိုးရရဲ့ မတည်ရန်ပုံငွေ သိန်း ၅၀၀ နဲ့ ကြေးရုပ်သွန်းလုပ်မယ်၊ သူတာဝန်ယူစဉ်ကာလမှာ ရုပ်တုကို တည်ထားလိုတယ်ဆိုတဲ့ အစည်းအဝေးမှတ်တမ်း သက်သေတွေ ရှိခဲ့တယ်။ သူတို့အစိုးရဦးဆောင်ပြီးတော့ စီမံဘဏ္ဍာဝန်ကြီးအပါအဝင် ရုပ်တုဖြစ်မြောက်ရေးကော်မတီနဲ့ ဖွဲ့ခဲ့တဲ့သက်သေတွေရှိတယ်။ သို့သော် အခုလိုမျိုးအချိန်အခါမှ တာဝန်ယူမှု တာဝန်ခံမှုမရှိဘူး၊ ခေါင်းရှောင်ပြီးတော့မှ လုပ်ဆောင်သွားတယ်။

နုတ်ထွက်ဖို့ကိစ္စလိုဟာမျိုးဆိုရင်လည်း သူ့အနေနဲ့ တာဝန်မရှိတဲ့အတွက်ကြောင့်မို့လို့ သူတို့နဲ့မသက်ဆိုင်တဲ့အတွက်ကြောင့် သူတို့အနေနဲ့တော့ မနုတ်ထွက်နိုင်ဘူး၊ ဒါပေမယ့် သမ္မတကနေပြီးတော့မှ ဆုံးဖြတ်မယ်ဆိုရင်တော့ သမ္မတရဲ့ဆုံးဖြတ်ချက်သာလျှင်ဖြစ်ပါတယ် ဆိုတာမျိုးကိုတော့ သူတို့ မနေ့ကအစည်းအဝေးအတွင်းမှာ Informal ပြောတဲ့ အနေအထားမျိုးပေါ့နော်၊ တကယ်တမ်းတော့ Formal ပါပဲ။

သို့သော် ဘာတွေလဲဆိုတော့ Live လွှင့်ခွင့်မရှိ၊ မီဒီယာတွေကိုလည်း ပေးမဝင်၊ မနေ့က ပေးဝင် ညှိနှိုင်းပေးပေမယ့်လည်း အစမှာလေးပဲ ဓာတ်ပုံရိုက်ခွင့်လေး ခဏပေးလိုက်ပြီးတာနဲ့ကို အပြင်ကိုပဲထွက်ခိုင်းတဲ့ အနေအထားတစ်ရပ်အရ တချို့သောကိစ္စရပ်တွေကိုတော့ သူတို့တွေအနေနဲ့ လိုအပ်ရင်ငြင်းချက်ထုတ်နိုင်ဖို့အတွက် တာဝန်ယူမှု တာဝန်ခံမှုပိုင်းဆိုင်ရာနဲ့ သူတို့ရဲ့ နိုင်ငံရေးနားမလည်မှု၊ ဒီအပေါ်မှာ သူတို့ရဲ့ဆန္ဒနဲ့ လုပ်ဆောင်မှုတွေကို အများမသိအောင်ကိုတော့ ထိမ်ချန်ထားတဲ့ပုံစံမျိုးတွေကတော့ တော်တော်များများ လုပ်ဆောင်သွားတာကို တွေ့ရတယ်။

မေး ။ ။ ကယားဝန်ကြီးချုပ် နုတ်ထွက်ရေးနဲ့ ကယားစီမံဘဏ္ဍာဝန်ကြီး ဦးမောင်မောင် နုတ်ထွက်ရေး တောင်းဆိုချက်က ဘယ်လိုဖြစ်သွားပြီလဲဗျ။

ဖြေ ။ ။ ဟုတ်ကဲ့၊ အဲဒါကတော့ သူတို့က သူတို့နဲ့မသက်ဆိုင်ဘူးလို့ပြောတယ်။ သမ္မတကပဲ ဆုံးဖြတ်လိမ့်မယ်လို့ ပြောတဲ့အတွက်ကြောင့်မို့လို့ အခုလိုကိစ္စရပ်တွေရဲ့ မူလအစတရားခံဖြစ်တဲ့ ဝန်ကြီးချုပ်နဲ့ စီမံဘဏ္ဍာဝန်ကြီးရဲ့ လုပ်ဆောင်မှုတွေ၊ ပရဟိတကိုလက်ကမ်းတဲ့သူတွေနဲ့ ပြည်နယ်ရဲ့ အရှုပ်အထွေးရန်ပုံငွေ၊ ပြည်နယ်လမ်းဦးစီးကနေ လမ်းအတွက်သုံးရမယ့်ငွေတွေကို အစိုးရဲ့ဖိအားကြောင့်မို့လို့ လွှတ်တော်ဘတ်ဂျက်ဆီကို လွှဲပြောင်းရတာတွေ၊ သိန်း ၁၀၀ ထက် တင်ဒါမခေါ်ဘဲလုပ်ဆောင်မှုကြောင့် နိုင်ငံတော်သမ္မတရုံး ညွှန်ကြားချက် ၁/၂၀၀၇ ချိုးဖောက်မှု အဂတိနဲ့ငြိမယ့်ကိစ္စတွေကိုတော့ ဒါ ကျနော်တို့အနေနဲ့ သမ္မတကို အိတ်ဖွင့်ပေးစာ ပေးပို့သွားပါ့မယ်ခင်ဗျ။

မေး ။ ။ နှစ်ဖက် သဘောတူညီချက်ထဲမှာ နံပါတ်(င) ကြေးရုပ်ဖြစ်မြောက်ရေးကော်မတီနဲ့ ကန့်ကွက်သူအဖွဲ့တို့က တစ်လအတွင်းမှာ သဘောတူညီမှုတွေ အကောင်အထည်ဖော်မယ်ဆိုတော့ ကြေးရုပ်ကို ရွှေ့ပေးဖို့လား၊ ညှိရဦးမှာလား၊ ဘယ်လိုမျိုးလဲဆရာ။

ဖြေ ။ ။ ဖြစ်မြောက်ရေးကော်မတီနဲ့ ညှိနှိုင်းတဲ့အချိန်မှာကို ကျနော်တို့ နဂိုမူလတောင်းဆိုတာက ပြည်သူပိုင်ပန်းခြံထဲမှာ တည်ထားလိုတယ်ဆိုရင် တစ်ပြည်နယ်လုံး မဲပုံးထောင်ဆိုတဲ့အနေအထားကို ပြည်နယ်အစိုးရအဖွဲ့က လက်မခံဘူး၊ ပရဟိတအဖွဲ့နဲ့ ညှိနှိုင်းပြီးတော့မှပဲ ဒါကို ပြောဆိုလုပ်ကိုင်မှာပေါ့။ အဲဒါဆိုတော့ ရုပ်တုတည်ထားလိုတယ်ဆိုရင်တော့ ကျနော်တို့ လူငယ်ကိုယ်စားလှယ်တွေက တစ်ထစ်လျှော့ပေးတာကတော့ ဗိုလ်ချုပ်ရဲ့ ကတိကဝတ်တွေကို ဘယ်လိုဖော်ဆောင်မလဲ၊ ဗိုလ်ချုပ်ရဲ့ ပေးထားခဲ့ ပြောထားခဲ့တဲ့ စကားတွေကို ဘယ်လိုအစီအစဉ်တွေ ချမှတ်မလဲ၊ အဲဒီလိုချမှတ်ပြီးတော့မှ ဖော်ဆောင်မယ်ဆိုရင်တော့ အဲဒီကတိစကားတွေကို အဲဒီရုပ်တု အုတ်ခုံမှာ ထည့်သွင်းပြီးတော့မှကို လုပ်ဆောင်ဖို့ဆိုတဲ့ဟာမျိုး တစ်ခု၊ အဲဒီလိုမျိုးမှ မဟုတ်ဘူးဆိုရင်တော့ သူတို့အနေနဲ့ ဂုဏ်သိက္ခာရှိစွာနဲ့ NLD ရုံးသော်လည်းကောင်း၊ ပရဟိတရုံးသော်လည်းကောင်း ရွှေ့ပြောင်းထားဖို့ဆိုတဲ့ နှစ်လိုင်းပေါ့နော်၊ တစ်ခါတည်းကို ဒါကတော့ ဆွေးနွေးမယ့် ရလဒ်နှစ်ခုကိုရော အဖြစ်နိုင်ဆုံးနှစ်ခုကိုတော့ ကြိုတင်ပြီးတော့မှကို သဘောတူညှိနှိုင်းစာချုပ်ထဲမှာ ထည့်ထားတယ်ပေါ့။ အဲဒါဆိုတော့ သူတို့ကတိကို စာလောက်လေးတင်မဟုတ်ဘဲနဲ့ ဗိုလ်ချုပ်ပြောခဲ့တဲ့ ကရင်နီအုပ်ချုပ်ရေးအတိုင်း ကရင်နီအုပ်ချုပ်တို့၊ ပင်လုံစာချုပ်ရဲ့ကတိတွေတေို့၊ ဒီ အပေါ်တွေမှာကို သူတို့စီမံချက်တွေ ဘယ်လိုလုပ်ရမလဲဆိုတာ ပရဟိတအဆင့်ကတော့ ဆုံးဖြတ်နိုင်မယ်လို့ မထင်ပါဘူး။ တကယ်တမ်း အဲဒီအပေါ်မှာဆိုရင် ပြည်နယ်အစိုးရတင်မဟုတ်ဘူး NLD ဗဟိုပါ ဒီအပေါ်မှာတော့ တာဝန်ယူရတော့မှာဖြစ်ပါတယ်။ ဘာလို့လဲဆိုတော့ လက်ရှိအာဏာရပါတီတစ်ရပ်အနေနဲ့ ဒီလိုမျိုး တည်ထားမယ်၊ ဒီလိုစာသားသွင်းမယ်ဆိုရင် ဒါကိုမှ အကောင်အထည်မဖော်နိုင်ဘူးဆိုရင် သူတို့ပဲ အရှက်ရ၊ သိက္ခာကျစရာဖြစ်လိမ့်မယ့် အနေအထားပါခင်ဗျ။ အဲဒါကြောင့်မို့လို့ ဒီနှစ်ခုထဲက တစ်ခုကို သူတို့ရွေးချယ်ရလိမ့်မယ်။

မေး ။ ။ သဘောတူညီချက်ကရော လက်တွေ့ဖြစ်လာနိုင်ဖို့အခြေအနေရှိလား။ တကယ်လို့ အဲဒီထဲကအတိုင်း ဖြစ်မလာဘူးဆိုရင် ဘယ်လိုလုပ်ကြမလဲ။

ဖြေ ။ ။ ကျနော်တို့ကတော့ လေးစားသောအားဖြင့် တစ်လဆိုတဲ့အချိန်အတွင်းမှာကို ကျနော်တို့ဘက်က ကတိတည်ပြီးတော့ စောင့်ကြည့်မယ်၊ တကယ်လို့ သူတို့က ညှိနှိုင်းမှုတွေလည်း မလုပ်လာဘူး၊ အမျိုးမျိုး အချိန်ကြာနေမယ်ဆိုရင်တော့ ကျနော်တို့ ဒါ တစ်လဆိုတဲ့အချိန်အတွင်းမှာ အော်တိုရွှေ့ပြောင်းပေးရမှာပေါ့။ အဲ့ဒီလိုမျိုးမှ မရွှေ့ပြောင်းပေးဘူးဆိုရင်တော့ ဒီထက်ကြီးမားပြင်းထန်တဲ့ သပိတ်တွေ၊ တောင်းဆိုမှုတွေ၊ လူထုတွေရဲ့ ဆုံးဖြတ်ချက်အရ ရုပ်တုကို လုံး၀ ပြည်နယ်အတွင်းမှာ မထားတော့မယ့်အဆင့်ထိပါ ဖြစ်သွားနိုင်ပါတယ်။ အဲဒါဆိုတော့ တစ်လအတွင်းမှာမှ သူတို့တွေက ညှိနှိုင်းမှုကို အလေးမထားရင်တော့ ဂုဏ်သိက္ခာရှိစွာနဲ့ ဗိုလ်ချုပ်ရုပ်တုက ရွှေ့ပြောင်းမှုနဲ့ သူတို့ ပြည်နယ်အတွင်းက သူတို့ ရုံးတစ်ရုံးရုံးမှာ မရှိတော့အခြေအနေအထိတောင် ဖြစ်သွားနိုင်တဲ့ အနေအထားပါခင်ဗျ။

မေး ။ ။ အခု လိုင်းပေါ်မှာလည်း ဝေဖန်နေကြတယ်၊ ဒီလိုမျိုး လွတ်လပ်ရေးဖခင်ကို ဝေဖန်တယ်ပေါ့၊ စော်ကားတယ် စသည်ဖြင့်ပေါ့လေ လော်ဘီတွေဘက်ကနေပြီးတော့ အုံနဲ့ကျင်းနဲ့ကို ပြန်တိုက်နေတာတွေရှိတော့လေ ဒီကြေးရုပ်တုကို အဓိကဖယ်ရှားတဲ့ အကြောင်းအရင်းက ဘာလဲ။

ဖြေ ။ ။ ကျနော်တို့ ဗိုလ်ချုပ်အောင်ဆန်းရဲ့ ပြောကြားခဲ့တဲ့ ကတိစကားတွေ၊ ပင်လုံရဲ့ ကတိကဝတ်တွေနဲ့ လက်ရှိငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်နေဆဲကာလ ကျနော်တို့ပြည်နယ်မှာရှိနေတဲ့ တိုင်းရင်းသားလက်နက်ကိုင်ဖြစ်တဲ့ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (NKPP) ကလည်း NCA လက်မှတ်ရေးထိုးနိုင်ဖို့ ကြိုးပမ်းနေဆဲကာလမှာ ဒီလိုမျိုးပယ်ထားခြင်းက မဖြစ်သင့်ကြောင်း၊ အချိန်မတန်သေးကြောင်းကို ဒါ ၂၀၁၈ ဇူလိုင်လမှာ ပြည်နယ်မှာရှိနေတဲ့ အဖွဲ့အစည်းအသီးသီး၊ တိုင်းရင်းသားလက်နက်ကိုင်များ အပါအဝင် စာပေယဉ်ကျေးမှုကော်မတီတွေ၊ ဌာနေတိုင်းရင်းသား အမျိုးသားကော်မတီ အရပ်ဘက်တွေအားလုံးက ထုတ်ပြန်ချက်တွေနဲ့ ပြောဆိုခဲ့တဲ့သက်သေရှိပါတယ်။ အဲဒီအတွက်ကြောင့်မို့လို့ ကျနော်တို့တွေ ဗိုလ်ချုပ်ကိုမုန်းလို့မဟုတ်ဘူး၊ ဒီလူငယ်တွေက ဗိုလ်ချုပ်ကို သူတို့ထက်တောင် ချစ်မြတ်နိုးပြီးတော့ တကယ့်အကျပ်အတည်းကာလမှာတောင် ဖော်ဆောင်ခဲ့ကြတဲ့သူတွေဖြစ်တယ်။ အချိန်မတန်သေးလို့သာလျှင် ဒါ တားဆီးရခြင်းဖြစ်တယ်၊ လုပ်ဆောင်မှုပုံစံကလည်း တစ်ဦးတစ်ယောက်တည်း အတ္တမာနနဲ့လုပ်ဆောင်တာပဲဖြစ်ပြီး အများပြည်သူသဘောထားဆန္ဒ မရယူဘူး၊ အများပြည်သူပန်းခြံမှာကိုလည်း သူတစ်ဦးတည်းပိုင်ပန်းခြံပုံစံနဲ့ စတင်ဖော်ဆောင်ခဲ့တဲ့ အနေအထားရယ်၊ ပြည်နယ်ရဲ့ ရန်ပုံငွေတွေကို တလွဲအသုံးချမှု၊ ပြည်နယ်သူ ပြည်နယ်သားတွေ နစ်နာခဲ့ရမှုကြောင့်မို့လိုသာလျှင် ဒီလို ကန့်ကွက်ဆန္ဒဖော်ထုတ်မှုပွဲကြီးတွေ ဖြစ်လာရခြင်းဖြစ်တယ်။ အဲဒီအတွက်ကြောင့်မို့လို့ ကျနော်တို့ကတော့ လော်ဘီတွေကိုတော့ တစ်ခုချင်း မရှင်းနိုင်ပေမယ့် ကျနော်တို့တွေရဲ့ သဘောထားကတော့ ဒီအတိုင်းပါပဲခင်ဗျ။

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

khitthitnews.com

Related Posts

khitthitnews.com