All News Local News

ဖွဲ့စည်းပုံပြင်ရေး ကော်မတီဖွဲ့ရန် အရေးကြီးအဆို ကြံ့ခိုင်ရေး ကန့်ကွက်သော်လည်း တိုင်းရင်းသားများက NLD ပါတီဘက်မှ ရပ်တည်ထောက်ခံ

ရန်ကုန်၊ ဖေဖော်ဝါရီ ၅

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ဆင်ရေး ကော်မတီဖွဲ့စည်းရန် အမျိုးသားလွှတ်တော်အမတ် ဦးအောင်ကြည်ညွန့် တင်သွင်းသည့် အရေးကြီးအဆိုကို ယနေ့ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် ကြံ့ခိုင်ရေးပါတီက ကန့်ကွက်ဆွေးနွေးသော်လည်း တိုင်းရင်းသားပါတီများက NLD ပါတီဘက်မှ ရပ်တည်၍ ထောက်ခံဆွေးနွေးခဲ့ကြသည်။

ကြံ့ခိုင်ရေးပါတီမှ ဦးမောင်မြင့်က ဦးအောင်ကြည်ညွန့် တင်သွင်းသည့် အရေးကြီးအဆိုအပေါ် နာယက၏ ရပ်တည်ချက်နှင့်ပတ်သက်၍ မေးခွန်းထုတ်လိုက်ပြီး အဆိုထောက်ခံသူများကို မိုက်ပေးကြောင်း၊ Live ပြသနေချိန် ဟေမာနေဝင်းသီချင်းထုတ်လွှင့်မှုက ပွင့်လင်းမြင်သာမှုကို ထိခိုက်စေကြောင်း၊ ဦးအောင်ကြည်ညွန့်၏ အဆိုသည် လုပ်ထုံးလုပ်နည်းနှင့်မညီကြောင်း ကန့်ကွက်ဆွေးနွေးသည်။

“ဦးအောင်ကြည်ညွန့် တင်သွင်းသွားတဲ့ အရေးကြီးအဆိုနဲ့ ပတ်သက်ပြီး ဗိုလ်ချုပ်သန်းစိုးက ကန့်ကွက်တင်ပြတယ်။ နာယကက မိုက်မပေးပါဘူး။ ဒေါက်တာမြတ်ဉာဏစိုးက ထောက်ခံတင်ပြတော့ မိုက်ပေးတယ်။ ကျွန်တော့်ကိုတော့ တင်ပြခွင့်တောင် မပေးခဲ့ပါဘူး။ ဒါကိုပြန်ကြည့်ရင် နာယကကြီးက အဆိုကို ထောက်ခံမှ မိုက်ပေးတာလား။ Live ပြနေတာကို ရပ်ပြီး ဟေမာနေဝင်းသီချင်း ပြသပေးတာကတော့ လွှတ်တော်ကြီးရဲ့ ပွင့်လင်းမြင်သာမှုကို များစွာထိခိုက်စေပါတယ်” ဟု ဦးမောင်မြင့်က ပြောဆိုသည်။

ကြံ့ခိုင်ရေးပါတီမှ ဦးသောင်းအေးကလည်း ယခုအရေးကြီးအဆိုသည် ဥပဒေလုပ်ထုံးနှင့်လုပ်နည်းနှင့် ညီ၊ မညီ ဖွဲ့စည်းပုံ အခြေခံဥပဒေခုံရုံး၏ အဆုံးအဖြတ်ခံယူသင့်ကြောင်း ပြောဆိုသည်။

ကြံ့ခိုင်ရေးပါတီမှ အမတ်များက NLD အရေးကြီးအဆိုကို ကန့်ကွက်ဆွေးနွေးသော်လည်း တိုင်းရင်းသားပါတီမှ လွှတ်တော်ကိုယ်စားလှယ်များက NLD ပါတီ၏ ဖွဲ့စည်းပုံ ပြင်ဆင်ရေး ကော်မတီဖွဲ့ရန် အဆိုထောက်ခံဆွေးနွေးကြသည်။

” မြန်မာ့အနာဂတ်ကို ပြုပြင်ပြောင်းလဲဖို့ ရှေးရှုတဲ့အနေနဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ဖို့လိုအပ်ကြောင်း အားလုံးက လက်ခံထားကြပါတယ်။ အခြေခံဥပဒေပြင်ဆင်ရေးလုပ်ငန်းစဉ်ဟာ စိန်ခေါ်မှုနဲ့ အခက်အခဲများစွာရှိပြီး အချိန်ပေးဆောင်ရွက်ရကြောင်း ပထမအကြိမ် အခြေခံဥပဒေပြင်ဆင်ရေးလုပ်ငန်းများအရ သိရပါတယ်။ ဒီလိုလွယ်လွယ်နဲ့မရတဲ့ အခွင့်အရေးဖြစ်တဲ့အတွက်ကြောင့် တိုင်းရင်းသားပြည်သူများအားလုံးဟာ အကျိုးရှိပြီး ထိရောက်တဲ့ ပြင်ဆင်မှုဖြစ်စေဖို့ လွှတ်တော်မှာ ရောက်နေတဲ့ ကိုယ်စားလှယ်များအားလုံးက နှလုံးသားကြီးကြီး၊ စေတနာကြီးကြီးနဲ့ ပူးပေါင်းပါဝင်ဖို့လိုပါတယ်။ တကယ်လို့ ပြုပြင်ပြောင်းလဲရေးမှာ ဦးဆောင်ပါဝင်ရမယ့် ပုဂ္ဂိုလ်တွေက သဘောထားတင်းမာတဲ့ အနေအထားဖြစ်မယ်ဆိုရင် နိုင်ငံရဲ့ အချုပ်အခြာအာဏာ သက်ဆင်းရာဖြစ်တဲ့ နိုင်ငံသားများ တိုင်းရင်းသား ပြည်သူများကို စိတ်ပျက်စေမှာပဲဖြစ်သလို ယုံကြည်ကိုးစားမှုကို ထိခိုက်စေမှာအမှန်ပဲ ဖြစ်ပါတယ်” ဟု ရခိုင်တိုင်းရင်းသူ အမျိုးသားလွှတ်တော်လွှတ်တော်ကိုယ်စားလှယ် ဒေါ်ထုမေက ပြောသည်။

ရှမ်းတိုင်းရင်းသားလွှတ်တော်အမတ်များ၊ ချင်းတိုင်းရင်းသား လွှတ်တော်အမတ်များကလည်း NLD ၏ ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ဆင်ရေး ကော်မတီဖွဲ့စည်းရန်အဆိုကို ထောက်ခံကြသည်။ အလားတူ NLD လွှတ်တော်အမတ်အများစုကလည်း အရေးကြီးအဆိုကို ထောက်ခံဆွေးကြေသည်။

မအူပင်မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးစိန်ဝင်းကမူ ပြင်ဆင်ရန် ခက်ခဲသော ဖွဲ့စည်းပုံအခြေခံဥပဒေကို အသစ်ရေးဆွဲသင့်သည်ဟု ထောက်ပြသည်။

တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်များကမူ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး ကော်မတီ ဖွဲ့စည်းရန် အတွက် တစ်စုံတစ်ရာ ပြောဆိုခြင်းမရှိဘဲ နှုတ်ဆိတ်နေခဲ့ကြသည်။

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

khitthitnews.com

Related Posts

khitthitnews.com