interview political news

“ပြည်နယ်နဲ့တိုင်း အစိုးရအဖွဲ့ တွေ စာဖတ်ဖို့လိုတယ်ဗျ။ စာဖတ်ဖို့ဆိုတာလည်း အပြောလွယ် သလောက် လက်တွေ့ မှာတော့ ခက်တယ်”

By သာလွန်ဇောင်းထက် (ရန်ကုန်ခေတ်သစ်)

ချင်းပြည်နယ်အစိုးရ စည်ပင် ၊ လျှပ်စစ်နှင့် စက်မှုလက်မှုဝန်ကြီးဟောင်း ဆလိုင်းအိုက်ဇက်ခင်နှင့်တွေ့ဆုံခြင်း အပိုင်း ၁

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည် ပြည်နယ်/တိုင်းဒေသကြီးများသို့ သွားရောက်ပြီး လူထုနှင့်တွေ့ဆုံပွဲများပြုလုပ်လျက်ရှိရာ တိုင်းဒေသကြီး/ပြည်နယ်အစိုးရများအပေါ် ပြည်သူလူထု၏ မကျေနပ်မှုများကို ပြည်သူများက ထုတ်ဖော်လျက်ရှိသည်။ ဒေါ်အောင်ဆန်းစုကြည်ကလည်း ပြည်နယ် နှင့်တိုင်းဒေသကြီးအစိုးရ ယခုထက်ပိုမို အလုပ်လုပ်ရန် လိုအပ်ကြောင်း ထောက်ပြလျက်ရှိသည်။ ချင်းပြည်နယ်အစိုးရဝန်ကြီးဟောင်း တစ်ဦးဖြစ်ခဲ့သည့် ဆလိုင်းအိုက်ဇက်ခင်ကို ရန်ကုန်ခေတ်သစ်က တွေ့ဆုံမေးမြန်းထားပါသည်။

မေး ။ ။ ကိုယ်တိုင်က ချင်းပြည်နယ်အစိုးရမှာ အစိုးရဝန်ကြီးဟောင်းတစ်ယောက်အနေနဲ့ တာဝန် ထမ်းဆောင်ခဲ့တော့ အခုလက်ရှိ ကျနော်တို့ရဲ့နိုင်ငံရေးအခြေအနေ ပြည်နယ်အစိုးရတွေနဲ့ ဗဟိုအစိုးရ တွေရဲ့ အာဏာခွဲဝေမှုပေါ့နော်၊ အဲဒီရဲ့အနေအထားက ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေရဲ့ အောက်မှာ ဖယ်ဒရယ်စနစ်ကို ထူထောင်နိုင်တဲ့အနေအထားရှိလား၊ ဖယ်ဒရယ်ရဲ့ အနှစ်သာရတွေ ရနိုင်တဲ့ အနေအထားရှိလား ဆရာ။

ဖြေ ။ ။ ကျနော်တို့ လက်ရှိ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအောက်မှာပေါ့လေ ပြည်နယ်နဲ့တိုင်းအစိုးရ အဖွဲ့ဆိုပြီးတော့ ပေါ်ပေါက်လာတာပေါ့။ သို့သော်လည်းပဲ တကယ့်တကယ် အနှစ်သာရပိုင်းမှာ ပြောတဲ့အခါကျရင် ပြည်နယ်နဲ့တိုင်းဒေသကြီးအစိုးရအဖွဲ့ရဲ့ လုပ်ပိုင်ခွင့်နဲ့ ပြည်ထောင်စုဝန်ကြီးဌာနများရဲ့ လုပ်ပိုင်ခွင့်က သိပ်ပြီးတော့ ရှင်းရှင်းလင်းလင်းမရှိဘူး။ တစ်ဖက်လည်း ကျနော်တို့တွေက ပြည်နယ်နဲ့ တိုင်း အစိုးရအဖွဲ့များအနေနဲ့ပေါ့လေ လွန်ခဲ့တဲ့ ၅ နှစ်မှာတော့ မပြောတတ်ဘူး။

ခု နောက်အစိုးရ စတာဝန်ယူတဲ့အချိန်မှာ တော်တော်များများ ပြည်နယ်နဲ့တိုင်း ဝန်ကြီးချုပ်တွေက အားကောင်း မောင်းသန်နဲ့ ကိုယ်တာဝန်ယူရတဲ့ ပြည်နယ်နဲ့တိုင်းမှာ အလုပ်လုပ်ဖို့ ကြိုးစားတယ် ပေါ့လေ။ သို့သော်လည်းပဲ ပထမသုံးလေးလမှာကို ထိတွေ့မှုက တောက်လျှောက်ဖြစ်လာတာပဲ။ ပြည်နယ်နဲ့တိုင်း ဝန်ကြီးချုပ်တွေ၊ ပြည်နယ်နဲ့တိုင်း အစိုးရအဖွဲ့တွေက အားကောင်းမောင်းသန်နဲ့ လုပ်ဖို့ကြိုးစားလေလေ ဒီ ပြည်ထောင်စုအစိုးရအဖွဲ့နဲ့၊ ပြည်ထောင်စုအစိုးရအဖွဲ့လို့ ပြောတဲ့အခါ သက်ဆိုင်ရာဝန်ကြီးဌာနများပေါ့လေ သက်ဆိုင်ရာဝန်ကြီးဌာနများရဲ့ ဗျူရိုကရက်တစ် ယန္တရားနဲ့ တိုက်ရိုက် ထိတွေ့မှု ဖြစ်လာတော့တာပဲ။ တကယ့်တကယ် ဒီ ပြည်နယ်နဲ့တိုင်းအစိုးရအဖွဲ့ ဝန်ကြီးချုပ် တွေကို သူတို့ ပရိုတိုကောလ်အရ ပြည်ထောင်စုဝန်ကြီးအဆင့်ပေးထားတယ်၊ စီလိုက်ရင်တော့ ဝန်ကြီးချုပ်တွေကို ရှေ့ကထားတယ်၊ သို့သော်လည်းပဲ တကယ့်တကယ် လုပ်ပိုင်ခွင့်ကျရင် သက်ဆိုင်ရာပြည်ထောင်စုဝန်ကြီးဌာနရဲ့ ကွပ်ကဲမှုအောက်မှာရှိတဲ့ ဦးစီးဌာနတွေ၊ လုပ်ငန်းတွေကို သက်ဆိုင်ရာဝန်ကြီးဌာနဝန်ကြီးရဲ့ ညွှန်ကြားချက်အမိန့်မရှိဘဲနဲ့ သူတို့က လုပ်လို့မရဘူး။

မေး ။ ။ အဲဒါက ဖွဲ့စည်းပုံအခြေခံဥပဒေထဲမှာ တားဆီးထားတာလား၊ ဒါမှမဟုတ် လုပ်နေရင်းနဲ့ အခြေအနေအရ ဖြစ်လာတဲ့အခြေအနေလား။

ဖြေ ။ ။ တကယ့်တကယ်တော့ ဒီ ဖွဲ့စည်းပုံအခြေခံဥပဒေထဲမှာက အဲဒီလောက်အထိ ရေးထား တယ်လို့ မတွေ့ရဘူး။ ဖွဲ့စည်းပုံအခြေခံဥပဒေထဲမှာတော့ အတိုင်းအတာတစ်ခုအထိ ပြည်နယ်နဲ့တိုင်း အစိုးရအဖွဲ့များကို လုပ်ပိုင်ခွင့်ပေးထားတဲ့ ကိစ္စမျိုးရှိတယ်။ သို့သော်လည်းပဲ သက်ဆိုင်ရာ ဝန်ကြီးဌာနများရဲ့ ဥပဒေပေါ့၊ သက်ဆိုင်ရာဝန်ကြီးဌာနများ တိုက်ရိုက်ကျင့်သုံးရတဲ့ ဥပဒေ တွေထဲမှာဆိုရင် ပြည်နယ်နဲ့တိုင်းအစိုးရအဖွဲ့ရဲ့ လုပ်ပိုင်ခွင့်အခန်းကဏ္ဍနဲ့ပတ်သက်ပြီးတော့ ကျယ်ကျယ်ပြန့်ပြန့် ရေးမထားဘူး။ ဦးစီးဌာနတွေက တိုက်ရိုက်ကွပ်ကဲတဲ့စနစ်ကို သွားနေ တာဖြစ်တဲ့အတွက်ကြောင့်မို့လို့ ပြည်နယ်နဲ့တိုင်းအစိုးရရဲ့ အခန်းကဏ္ဍက ဒီဥပဒေထဲမှာ မှေးမှိန်နေတယ်။ အဲဒါကြောင့် ကျနော့်အနေနဲ့ ပြောလို့ရတာက ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ အတိုင်းအတာတစ်ခုအထိ ပြည်နယ်နဲ့တိုင်းဒေသကြီး အစိုးရအဖွဲ့များကို လုပ်ပိုင်ခွင့်အပ်ပေးတယ်လို့ ပြောလို့ ပါးစပ်ထဲမှာ ပြောချင်တာတောင်မှ ဝန်ကြီးဌာနများကျင့်သုံးတဲ့ ဥပဒေများရဲ့ လုပ်ပိုင်ခွင့်က ပြည်နယ်နဲ့တိုင်းအစိုးရအဖွဲ့ လုပ်ပိုင်ခွင့်ထက် များနေတာ တွေ့ရပါတယ်။

မေး ။ ။ အဲဒီတော့ ဖွဲ့စည်းပုံအခြေခံဥပဒေထဲမှာ ရှင်းရှင်းလင်းလင်းရေးထားတာ သိပ်ပြီးတော့ မတွေ့ရဘူးပေါ့။ ဒါပေမယ့် NLD အစိုးရရဲ့ မူဝါဒကရော ဗဟိုဦးစီးစနစ်နဲ့ပဲ ဆက်သွား နေတာ မဟုတ်ဘူးလား၊ တကယ် ပြည်နယ်နဲ့တိုင်းဒေသကြီးတွေကို လုပ်ပိုင်ခွင့် ပြန်ပြီးတော့ ခွဲခြားတာ မျိုးမဟုတ်ဘဲနဲ့ သူကိုယ်တိုင်ကရော ဗဟိုဦးစီးစနစ် ကျင့်သုံးတယ်ဆိုတဲ့ နိုင်ငံရေးလောက ရဲ့ဝေဖန်ချက်တွေက အရမ်းများတာကို။

ဖြေ ။ ။ တစ်ခုတော့ပေါ့နော်၊ ကျနော်တို့အနေနဲ့ပြောရမယ်ဆိုရင် နိုင်ငံရေးလောကရဲ့ ဝေဖန်မှု အရတော့ ဗဟိုဦးစီးစနစ်ကျင့်သုံးတယ်လို့ မြင်တယ်ပေါ့လေ။ သူ့အထဲမှာ ကျနော်တို့ တကယ် ဝင်လာတဲ့အခါမှာ အခုလက်ရှိ ဖွဲ့စည်းမှုအရဆိုရင် NLD ပါတီရဲ့ အဓိကကေဒါ တော်တော် များများ ပေါ့နော် တကယ့် ပါတီ နောက်ခံအင်အား နဲ့ တက်လာတဲ့လူ တော်တော်များများက ပြည်နယ်နဲ့ တိုင်းအစိုးရအဖွဲ့ကို ရောက်သွားတယ်။ ပြည်ထောင်စုအစိုးရအဖွဲ့မှာကျတော့ နည်းနည်းပဲရောက်တယ်။ ပြီးတော့ အရင် ဗျူရိုကရက်တွေပေါ့နော် အဲဒါတွေပါမယ်၊ ပြီးတော့ ပြင်ပက တိုက်ရိုက်ခန့် တဲ့ပုဂ္ဂိုလ် တွေပါလာတာပေါ့။ ကျနော်တို့က ပြည်နယ်နဲ့တိုင်းအစိုးရထဲကို အစိုးရအဖွဲ့ဝင်အနေနဲ့ ရောက်သွား ပေမယ့် ကျနော်တို့ ခုကိုင်ရတာဌာနက အကုန်လုံးက ပြည်ထောင်စု ဝန်ကြီးဌာန အောက်မှာ တိုက်ရိုက်ရှိလိမ့်မယ်။ ဦးစီးဌာနတွေ၊ လုပ်ငန်းတွေဖြစ်တယ်။ စည်ပင်သာယာရေး အဖွဲ့ကလွဲရင် ကျန်တာအားလုံးက သူ့ရဲ့ကွပ်ကဲမှုလမ်းကြောင်းတစ်ခုလုံးက ပြည်ထောင်စုက တိုက်ရိုက်ဆင်းလာတာ။ အဲဒီတော့ ကျနော်တို့က ဘာနဲ့တူလဲဆိုရင် လမ်းကြောင်းတစ်ခုလုံး အပေါ်အောက်၊ အထက်အောက် စီးဆင်းမှုရှိနေတဲ့ လမ်းကြောင်းတစ်ခုမှာ ကျနော်တို့ ကြားဝင်ပြီးတော့ သွားပြီးတော့ ယန္တရားသွားကိုင်တဲ့သဘောရှိတယ်။

အဲဒီအချိန်မှာ ဌာနတွေရဲ့စိန်ခေါ်မှုက ဘာရှိလဲဆိုရင် သက်ဆိုင်ရာဝန်ကြီးဌာနမူဝါဒ၊ ဦးစီးဌာနညွှန်ကြားချက်၊ လုပ်ထုံးလုပ်နည်း ဒါကတစ်ခု။ နောက် သူနဲ့အနီးကပ်ဆက်ဆံရတဲ့ ပြည်နယ်နဲ့တိုင်း အစိုးရအဖွဲ့တွေရဲ့ ညွှန်ကြားချက်၊ ဒီနှစ်ခု။ အဲဒီတော့ ဒီနှစ်ခုမှာ ပြည်နယ်နဲ့ တိုင်းအဆင့် ဦးစီးဌာနများ၊ လုပ်ငန်းများအနေနဲ့ သူတို့ ဘယ်သူ့စကား ပိုပြီးတော့အလေးထား မလဲဆိုတဲ့အချက်။ တစ်ဖက်က ဝန်ကြီးဌာနတွေက စာနဲ့ပေနဲ့၊ လုပ်ထုံးလုပ်နည်းနဲ့ ဥပဒေနဲ့၊ တစ်ဖက်ကလည်း ပြည်နယ်နဲ့တိုင်းအစိုးရဆိုတာ တော်လှန်ရေးသမား တွေနဲ့ ဖွဲ့ထားတာ။ ဒီနိုင်ငံရေးသမားတွေက သူတို့လုပ်ချင်တာရှိတယ်။

ပြည်သူအတွက် လုပ်ပေးမယ်ဆိုတဲ့ တွန်းတွန်းတိုက်တိုက်၊ ဒီနှစ်ခုတွန်းတိုက်မှုက ဘယ်သူ့ဆီမှာသွားဖြစ်လဲဆိုတော့ ပြည်နယ်နဲ့တိုင်းအဆင့် ဌာနဆိုင်ရာအကြီးအကဲတွေ၊ ဌာနဆိုင်ရာတွေမှာ သွားဖြစ်တယ်။ အဲဒီအချိန်မှာ သူတို့က အစောပိုင်းမှာ ညှိနှိုင်းပြီးတော့ ဆောင်ရွက်ပေမယ့် ဒီ ပြည်နယ်နဲ့တိုင်း အစိုးရအဖွဲ့ရဲ့စကားကို တစ်ဖက်က နားထောင်တဲ့အချိန်မှာ ဝန်ကြီးဌာန ဦးစီးဌာနရဲ့ ညွှန်ကြားချက်၊ လုပ်ထုံးလုပ်နည်းနဲ့မကိုက်တဲ့ ကျော်လွန်ပြီး လုပ်ရမယ့်ကိစ္စတွေရှိတယ်။ တစ်ဖက်က ဝန်ကြီးဌာနရဲ့ ညွှန်ကြားချက်၊ လုပ်ထုံးလုပ်နည်းနဲ့ ဒါကိုပဲအခြေခံလုပ်မယ်ဆိုရင် ပြည်နယ်နဲ့တိုင်းအစိုးရအဖွဲ့ ဖြစ်စေချင်တဲ့လုပ်ငန်းတွေက တော်တော်နှောင့်နှေးတဲ့ကိစ္စ၊ လုပ်လို့မရတဲ့ကိစ္စတွေ ရှိတယ်။

ဆိုတော့ အဓိကတော့ ဒီ နိုင်ငံရေးလောကမှာ ပြောကြသလို NLD အစိုးရ လက်ထက်မှာ ဗဟိုဦးစီးစနစ်နဲ့ သွားတယ်ဆိုတဲ့ကိစ္စက အပြင်ကကြည့်ရင် အဲဒီအတိုင်း သွားတယ်။ ဒါပေမယ့် တကယ့်တကယ် အထဲမှာဖြစ်နေတဲ့ကိစ္စက ဖွဲ့စည်းပုံ စီမံခန့်ခွဲမှု Issue ဖြစ်တယ်။ စီမံခန့်ခွဲမှု Issue ဖြစ်တဲ့အခါကျတော့ ကိုယ့်ပြည်နယ်နဲ့တိုင်းက သူရဲ့ ဦးဆောင်ဝန်ကြီးချုပ်နဲ့ အစိုးရအဖွဲ့ရဲ့ လိမ္မာပါးနပ်မှု၊ ဒီအခြေအနေကို ကျွမ်းကျင်စွာ ကွပ်ကဲထိန်းကျောင်းနိုင်မှုအပေါ် မူတည်ပြီးတော့ ခပ်သွက်သွက်သွားနိုင်တဲ့ ပြည်နယ်နဲ့တိုင်းတွေရှိသလို တချို့ပြည်နယ်နဲ့တိုင်းကျတော့ ဘာလုပ်လို့လုပ်ရမှန်းမသိတော့ဘူး ဖြစ်နေတယ်။

အပေါ်ကိုပဲ ဝန်ကြီးဌာနကို ပစ်တင်ပေးတဲ့ကိစ္စတွေဖြစ်နေတော့ အဲဒီအချိန်မှာပဲ ပြည်ထောင်စု အစိုးရအဖွဲ့အနေနဲ့ ကွပ်ကဲမှုတွေက ကြည့်ရတဲ့အခါမှာ တချို့ကိစ္စတွေကတော့ စွန့်စားပြီးတော့ လုပ်ရတာမျိုးထက် ဘာပဲပြောပြော အပေါ်ကိုပစ်တင်လိုက်မယ်၊ ပြီးတော့ အပေါ်ရဲ့သဘောထားနဲ့ လုပ်လိုက်မယ်ဆိုရင် ဒီကိစ္စတွေဖြစ်လာတယ်လို့ ကျနော်တို့ကမြင်တယ်။ အဲဒီတော့ တကယ့် ပြဿနာက ဗဟိုဦးစီးကိစ္စမဟုတ်ဘူး၊ ကျနော်တို့ပြင်ရမယ့်ကိစ္စက ဖွဲ့စည်းပုံ အခြေခံဥပဒေ ချည်းပဲ ပြင်လို့မရဘူး၊ အထဲမှာရှိတဲ့ ဝန်ကြီးဌာနတွေ ကျင့်သုံးတဲ့ ဥပဒေတော်တော်များကလည်းပဲ ပြည်နယ်နဲ့တိုင်း အစိုးရအဖွဲ့တွေ လုပ်သာကိုင်သာနိုင်တဲ့ အနေအထားမျိုး အခင်းအကျင်းဖြစ်အောင် ပြည်နယ်နဲ့တိုင်းအစိုးရအဖွဲ့လို့ ပြောတာက သူ့ကွပ်ကဲမှုအောက်မှာရှိတဲ့ ဦးစီးဌာနတွေ၊ လုပ်ငန်းတွေက ပြည်နယ်နဲ့တိုင်းအစိုးရရဲ့စကား နားထောင်ပြီးတော့ လုပ်လို့ကိုင်လို့ရတဲ့အနေအထားမျိုးရှိတဲ့ ဥပဒေ၊ လုပ်ထုံးလုပ်နည်း၊ ညွှန်ကြားချက်တွေ ဖြစ်မှသာလျှင် ဒီအနေအထားမျိုးက လွတ်မြောက် နိုင်မှာဖြစ်ပါတယ်။

မေး ။ ။ ဒေါ်အောင်ဆန်းစုကြည်က သိပ်မကြာခင်က ရှမ်းပြည်နယ်ကို သွားခဲ့တယ်ပေါ့လေ။ အဲဒီမှာ ပြည်သူလူထုတွေနဲ့ တွေ့ဆုံတဲ့အခါမှာ လူထုရဲ့လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးရင်းနဲ့ သူပြောသွားတဲ့ စကားတစ်ခွန်းရှိတယ်။ ပြည်နယ်အစိုးရတွေပေါ့နော် တစ်ခုခုဆိုတာနဲ့ ပြည်ထောင်စုကို တင်ပြလိုက် ပါမယ်၊ ပြည်ထောင်စုကို တင်ပြလိုက်ပါမယ်ဆိုတာမျိုး မဟုတ်ဘဲနဲ့ ကိုယ်ကိုယ်တိုင် Decision ပေးလို့ရရဲ့သားနဲ့ မပေးဘူး၊ မလုပ်ဘူးပေါ့နော်၊ ခေါင်းရှောင်တယ်ဆိုတဲ့သဘောမျိုး ပြောသွားတာ ရှိတယ်။ ဆရာပြောသလိုဆိုလို့ရှိရင် ပြည်ထောင်စုဝန်ကြီးဌာနတွေက ချုပ်ကိုင်ထားတာလား၊ ဒါမှမဟုတ် ပြည်နယ်အစိုးရတွေက အလုပ်မလုပ်တာလား။ အဲဒီနေရာတွေမှာ တစ်ယောက်နဲ့တစ်ယောက် ဘော်လီဘောပုတ်နေတဲ့သဘောမျိုး ဖြစ်မနေဘူးလားဆရာ။

ဖြေ ။ ။ တစ်ခုကတော့ ဒါကတော့ ကျနော့်အတွေ့အရပြောတာနော်။ ပြည်နယ်နဲ့တိုင်း အစိုးရအဖွဲ့ တွေထဲမှာလည်း ကျနော်တို့ စာဖတ်ဖို့လိုတယ်ဗျ။ ဒါကတော့ ကျနော်တို့ စာဖတ်ဖို့ဆိုတာလည်း အပြောလွယ်သလောက် လက်တွေ့မှာတော့ ခက်တယ်။ ဘာဖြစ်လို့လဲဆိုလို့ရှိရင် ကျနော်တို့ ပြည်နယ်နဲ့တိုင်းမှာရှိတဲ့ဝန်ကြီးက ၆ ဦး ၇ ဦးလောက်ပဲရှိတယ်။ ပြည်ထောင်စုမှာ အများကြီး။ အဲဒီတော့ ပြည်ထောင်စုမှာပဲရှိပြီးတော့ ပြည်နယ်နဲ့တိုင်းမှာမရှိတဲ့ ဦးစီးဌာနဆို နည်းနည်းလေးပဲရှိတယ်။ ဥပမာ နိုင်ငံခြားရေးတို့၊ အတိုင်ပင်ခံရုံးတို့ အစရှိတဲ့ဦးစီးဌာနတွေပဲ ပြည်နယ်နဲ့တိုင်းမှာ မရှိဘူးပေါ့လေ။ တော်တော်များများက ပြည်နယ်နဲ့တိုင်းမှာ ဝန်ကြီးတစ်ဦးက ပြည်ထောင်စုအဆင့်မှာရှိတဲ့ ဝန်ကြီးဌာန သုံးလေးခုကို တွဲပြီးတော့ကိုင်ရမယ့်သဘောတော့ ရှိတယ်။ ဥပမာ လူမှုရေးဝန်ကြီး။ ပြည်နယ်နဲ့တိုင်းအဆင့်မှာ တစ်ဦးတည်းပဲရှိတယ်။ ဒါပေမယ့် ပြည်ထောင်စုမှာရှိတဲ့ ဝန်ကြီးဌာနတော်တော်များများ အထူးသဖြင့် သာမန်အားဖြင့်ပေါ့နော် ပညာရေး၊ ကျန်းမာရေး၊ ပြန်ကြားရေး၊ ယဉ်ကျေးမှု၊ သာသနာရေးပေါ့နော်။

နောက် တချို့နေရာမှာဆိုလို့ရှိရင် လူမှုရေးနဲ့စည်ပင်နဲ့ တွဲတဲ့ကိစ္စမျိုးပေါ့။ အဲဒီလိုမျိုး တွဲပေးလိုက်တဲ့အခါမှာ ပြည်နယ်နဲ့တိုင်းအဆင့် ဝန်ကြီးတစ်ဦးတစ်ဦးစီက သူကွပ်ကဲရတဲ့ ဦးစီးဌာနတွေ၊ လုပ်ငန်းတွေက ပြည်ထောင်စုဝန်ကြီးကွပ်ကဲရတဲ့ ဦးစီးဌာနတွေထက်၊ လုပ်ငန်းတွေထက် ပိုများတယ်။ အဲဒီအချိန်မှာ ဒီလုပ်ငန်းတစ်ခုချင်း တစ်ခုချင်းအလိုက် သူဖတ်ရမယ့် ဥပဒေတွေ၊ ဖတ်ရမယ့် ညွှန်ကြားချက်တွေ၊ လုပ်ထုံးလုပ်နည်းတွေ အများကြီး။ တချို့ ဖတ်နိုင်တဲ့လူကတော့ အဆင်ပြေတယ်။ မဖတ်နိုင်တဲ့လူက ဘယ်သူမဆိုပေါ့နော်၊ အဲဒီဟာတွေ မဖတ်နိုင်တဲ့အခါကျတော့ ဘယ်သူ့ခေါင်းထဲရောက်လာလဲဆိုတော့ သက်ဆိုင်ရာညွှန်မှူးရဲ့စကား နားထောင်ပြီးသားဖြစ်နေတယ်၊ ညွှန်မှူးတွေ မကျော်နိုင်တော့ဘူး။ ညွှန်မှူးတွေအကြံပေးသလိုပဲ လိုက်လုပ်ရတဲ့သဘောရှိတယ်။ တစ်ဖက်ကလည်း ညွှန်မှူးတွေမှာလည်းပဲ သူ့အတွက် စိန်ခေါ်မှုက ဘာရှိလဲဆိုလို့ရှိရင် သူလုပ်တာကိုင်တာ တစ်စုံတစ်ခုမှားသွားတယ်ဆိုရင် သူ့ကို ဘယ်သူတာဝန်ခံမလဲ။ အဲဒီအချိန်ကျတော့ သူ့အနေနဲ့က သူဘယ်လောက်အထိ တာဝန်ခံနိုင်လဲ။ ဆိုတော့ အဲဒီမှာဘာပေါ်လာလဲဆိုတော့ တွက်လာတာပေါ့ဗျာ၊ အဆင်ပြေအောင် စီစဉ်ပေးလိုက်တယ်၊ အဲဒီအချိန်မှာ သူရမယ့်လက်ခုပ်သံနဲ့ တကယ်လို့ သူ တစ်ခုခုချွတ်ခေါ်သွားမယ်ဆို သူဘာဖြစ်သွားမလဲဆိုတဲ့ဥစ္စာသည် ဒါကို တတ်နိုင်သမျှ အပေါ်ပဲပစ်တင်မလားဆိုတဲ့ကိစ္စ။ နောက်တစ်ခု သိပ်အရေးကြီးတဲ့ကိစ္စ အပေါ်ကိုပစ်တင်တဲ့တယ်ဆိုတဲ့ကိစ္စ၊ အပေါ်ကိုပဲတင်ပြမယ်ဆိုတဲ့ကိစ္စမှာ တချို့အပိုင်းမှာ ပြည်နယ်နဲ့တိုင်းမှာ မပြတ်တဲ့ကိစ္စတွေရှိတယ်။ လုပ်ပိုင်ခွင့်အရ ပြည်နယ်နဲ့တိုင်းရဲ့ လုပ်ပိုင်ခွင့်ထဲမှာမရှိဘူး။ မရှိတဲ့အတွက်ကြောင့်မို့လို့ ပြည်ထောင်စုဝန်ကြီးဌာနရဲ့ သဘောထားမှတ်ချက် ပြန်ယူရတဲ့အခါမှာ ဆုံးဖြတ်ချက်တော်တော်များမျာက ဖြတ်လို့မပြတ်ဘူး။ အဲဒီအတွက်ကြောင့်မို့လို့ အပေါ်ပြန်တက်ရတဲ့ကိစ္စတွေရှိတယ်။ ဆိုတော့ တချို့ဝန်ကြီးဌာနတွေက ကိစ္စတိုင်းမဟုတ်ဘူး၊ ပြည်နယ်နဲ့တိုင်းကို လုပ်ပိုင်ခွင့်ပေးထားတာရှိတယ်။ ဥပမာအားဖြင့်ဆိုပါစို့ လျှပ်စစ်တို့ဘာတို့မှာ တချို့အပိုင်းကို ပြည်ထောင်စုက ကိုင်တယ်၊ တချို့အပိုင်းကို ပြည်နယ်နဲ့တိုင်းကို ပေးလိုက်တယ်။ ဥပမာ ပညာရေး၊ ကျန်းမာရေးဆိုလို့ရှိရင် ဘတ်ဂျက်တွေအားလုံး ပြည်ထောင်စုကိုပေးတယ်။ ဆိုတော့ သူ့လုပ်ပိုင်ခွင့် ဝန်ကြီးဌာနတစ်ခုနဲ့တစ်ခုပေါ်မူတည်ပြီးတော့ ပြည်နယ်နဲ့တိုင်းကိုပေးထားတဲ့လုပ်ပိုင်ခွင့်နဲ့ ပြည်နယ်နဲ့တိုင်းကိုမပေးထားတဲ့ လုပ်ပိုင်ခွင့်တွေရှိတယ်။ တစ်ဖက်က လူမှုရေးဝန်ကြီးလို့ပြောတဲ့ ဥပမာအားဖြင့်ပေါ့နော် ပညာရေး သူနဲ့ဆိုင်တယ်လို့ ပြောတယ်။ ဒါပေမယ့် Decision အားလုံး သူ့ဆီကထွက်လို့မရဘူး။

မေး ။ ။ ဆရာက ဆရာ့အတွေ့အကြုံတွေကို ပြောပြတာပေါ့နော်။ ဆရာကိုယ်တိုင်လည်း ချင်းပြည်နယ်အစိုးရမှာ ဝန်ကြီးဖြစ်ခဲ့တယ်ပေါ့နော်။ ဆိုတော့ အဲဒီအတွေ့အကြုံတွေနဲ့ ပြန်ပြောတဲ့အခါမှာ ဆရာကိုယ်တိုင်ကရော ဝန်ကြီးထဲက နုတ်ထွက်ခဲ့ရတဲ့ အဓိကအကြောင်းအရင်းက ဘာကြောင့်လဲဆရာ၊ အဓိက စီမံခန့်ခွဲမှုပြဿနာလား၊ ဘယ်ပြဿနာတွေကြောင့်လဲ။

ဖြေ ။ ။ တစ်ခုတော့ရှိတာပေါ့လေ၊ ဒါကတော့ ကျနော်တို့အနေနဲ့က ကျနော်တို့က Elected မဟုတ်ဘူး။ ကျနော်တို့ Elected မဟုတ်ဘူး။ ကျနော်တို့က ခန့်အပ်ခံရတဲ့သူတွေ ဖြစ်တယ်။ ကျနော်တို့မှာ တိုက်ရိုက်မဲဆန္ဒနယ်မရှိဘူး။ အဲဒီတော့ ကျနော်တို့ အပွိုင့်တက်ဖြစ်တဲ့အခါ ကျနော်တို့က ကျနော်တို့ အတာဝန်ပေးတဲ့ ဝန်ကြီးချုပ်ရှိတယ်။ ကျနော်တို့ကို အဆိုပြုတဲ့အခါ အတည်ပြုပေးတဲ့ပါတီရှိတယ်။ ပြီးတော့မှ လွှတ်တော်ရှိတယ်ပေါ့လေ။ သက်ဆိုင်ရာ ပြည်နယ်နဲ့တိုင်းလွှတ်တော်ရှိတယ်။ ဆိုတော့ ကျနော်တို့ကိစ္စမှာ ဒါက ဘာလဲဆိုလို့ရှိရင် မိမိအနေနဲ့ရွေးချယ်ခံ မဟုတ်တဲ့အတွက်ကြောင့်မို့လို့ ခန့်အပ်ခံ ဖြစ်တဲ့အခါ ကိုယ်လုပ်နိုင်သမျှကိစ္စကို ကျနော်လုပ်ပေးတယ်။ Technical Expert အနေနဲ့ ကျနော်တို့ခေါ်တယ်။ အဲဒီတော့ ကျနော်တို့စဉ်းစားတဲ့အခါမှာ ကျနော်တို့က Technically စဉ်းစားရမယ်။ သူတို့ နိုင်ငံရေးအရ စဉ်းစားချက်မဟုတ်ဘူး။ ကျနော်တို့က Technically စဉ်းစားရတယ်။

အဲဒီလို Technically စဉ်းစားတဲ့အခါမှာ ကျနော်တို့ ပညာရှင်တွေစဉ်းစားတဲ့ပုံမျိုးနဲ့ တကယ့် နိုင်ငံရေးအရ စဉ်းစားတဲ့ကိစ္စမျိုးမှာ တစ်ထပ်တည်းဖြစ်ချင်မှဖြစ်မယ်။ အဲဒီအနေအထားမျိုးမှာ ဘာဖြစ်လာလဲဆိုလို့ရှိရင် ဘယ်ဟာက ဦးစားပေးရမလဲဆိုတဲ့ကိစ္စ ပေါ်လာတယ်ပေါ့လေ။ ဆိုတော့ ကျနော်တို့ ပါတီမှာပြောတာရှိတယ်။ ပါတီနဲ့ တစ်ဦးချင်းကိစ္စဆိုလို့ရှိရင် ပါတီကိစ္စဦးစားပေးရမယ်။ ပါတီနဲ့ပြည်သူဆိုရင် ပြည်သူဦးစားပေးရမယ်၊ ဒါရှိတယ်။ ဆိုတော့ ခု ကျနော်နုတ်ထွက် တဲ့ကိစ္စမှာဆိုလို့ရှိရင် ဒါမျိုးတွေပါတယ်။ ဒါဟာ ဘာကပြစ်ချက်တို့ ဘာတို့ မဟုတ်ဘူး။ ဒါ ကျနော်တို့ နိုင်ငံရေး အမြင်နဲ့ နဲ့ ကျနော်တို့ ပြောမယ်ဆို ပညာရပ် အမြင် ဒီကြားထဲမှာ ကျနော်တို့က ညှိရတဲ့အခါ ကျနော့်အမြင်ရှိတယ်၊ သူတို့အမြင်ရှိတယ်။ အဲဒီတော့ ဒီအမြင်နှစ်ခုက ပေါင်းစည်းရတာခက်လာပြီဆိုလို့ရှိရင်တော့ ဒါ ကျနော်တို့က ကျနော်တို့က Elected မဟုတ်ဘူးလေ။ အဲဒီတော့ ကျနော်တို့က နုတ်ထွက်တာက ပိုပြီးတော့ ယန္တရားမှာ ဆက်ပြီးတော့ အဆင်ပြေမယ်ပေါ့ ဆိုတဲ့သဘောဖြစ်ပါတယ်။

မေး ။ ။ အဲဒါဆိုလို့ရှိရင် ကျနော်မြင်လိုက်ရတာ ဘာလဲဆိုတော့ ပြည်နယ်နဲ့တိုင်းဒေသကြီး အစိုးရတွေက လွတ်လွတ်လပ်လပ်လုပ်ပိုင်ခွင့်ရှိတဲ့ အနေအထားမျိုးတော့ မတွေ့ရဘူးပေါ့နော်။ ဘာကြောင့် အဲဒီမေးခွန်းကိုမေးရလဲဆိုတော့ သိပ်မကြာခင်က ကချင်ပြည်နယ်မှာ ဝန်ကြီးသုံးဦးကို နိုင်ငံတော်အတိုင်ပင်ခံကနေ ထွက်ခိုင်းတယ်ပေါ့နော်။ သူ Reason မပေးဘူး၊ ဘာအကြောင်းပြချက်မှလည်းမပေးဘူးဆိုတော့ နုတ်ထွက်ခိုင်းတဲ့ကိစ္စမျိုး ဖြစ်နေတယ်။ တကယ်တော့ ဒီလို ဝန်ကြီးတွေဟာ သူ့ရဲ့တာဝန် ဝတ္တရားတွေကို ဆောင်ရွက်နေတာဖြစ်တဲ့အတွက်ကြောင့်မို့လို့ အပေါ်ကနေပြီးတော့ နုတ်ထွက်ဆိုပြီးတော့ ပြောလိုက်တဲ့ ညွှန်ကြားချက်ပေါ့နော်။ ဒီဟာက ပိုပြီးတော့ ဗဟိုဦးစီးစနစ်ကို ပိုပြီးတော့ အသက်သွင်းတဲ့ပုံစံ ဖြစ်မနေဘူးလားဆရာ။

ဖြေ ။ ။ အဲဒါကတော့ ကျနော်ထင်တယ်၊ ဒါ ဘယ်လိုပြောမလဲဆိုရင် ဒါပါတီဦးဆောင်သူပေါ့နော်၊ လက်ရှိအနေအထားမှာ ပါတီသည် အပြောင်းအလဲတစ်ခု သွားနေတယ်။ ဒါပေမယ့် ပါတီဦးဆောင်မှုကနေ ဒါ ပြောင်းသင့်တယ်ပြောရင် ပြောင်း။ ဥပမာအားဖြင့် ကျနော်တို့ဝန်ထမ်းတွေ အပြောင်းအလဲလုပ်တယ်။ ကျနော် ၂ နှစ်အတွင်းမှာ ဝန်ထမ်းတွေကို ၂ ခါလောက် ၃ ခါလောက် အပြောင်းအလဲလုပ်တယ်။ အဲ့လိုလုပ်တဲ့အခါမှာ အကြောင်းပြချက်ရှိတယ်။ အလကားနေရင်းနဲ့ ပြောင်းတာမဟုတ်ဘူး ဒါပေမယ့် ဝန်ထမ်းတစ်ယောက်ချင်းစီက ကွန်ပလိန့်တက်လို့ရတယ်။ ဒါပေမယ့် သူ့ရဲ့တာဝန်သည် သူ နာခံရမယ်။ အဲဒီတော့ တစ်ခါတလေမှာ ကျနော်တို့က ပြစ်ချက်ရှိတယ်လို့ ပြောလို့မရဘူး။ ပြစ်ချက်ရှိခြင်းမရှိခြင်းနဲ့ မဆိုင်ဘူး။

ကျနော်တို့ဆီမှာ သဘောပေါက်တာက ထွက်တဲ့လူတွေက ပြစ်ချက်ရှိလို့ထွက်တယ်၊ ထွက်ခိုင်းတယ်ဆိုတာလည်း ပြစ်ချက်ရှိလို့ ထွက်ခိုင်းတယ် ဆိုတဲ့ အယူအဆ အရင်တုန်းက ဥပမာအားဖြင့် တပ်မတော် အစိုးရလက်ထက် မှာဆိုရင် တစ်ယောက်ယောက်က ဖိုင်းယားအလုပ်ခံရတယ်ဆိုရင် ပြစ်ချက်ရှိလို့ပဲဆိုတဲ့ဟာ ရှိတယ်။ ဒါပေမယ့် ကျနော်တို့က ဒီမိုကရေစီခေတ်မှာ တာဝန်ထမ်းဆောင်တဲ့ ပုဂ္ဂိလ်တစ်ဦးချင်းစီရဲ့ လွတ်လပ်တဲ့ရွေးချယ်မှုတွေရှိတယ်။ ဥပမာ ကျနော်တို့ဆိုလို့ရှိရင် ဒါ Technically ကျနော်တို့ကို အပွိုင့်တက်လုပ်တယ်၊ ကျနော်တို့ ပြည်သူ့မျက်နှာကြည့်တယ်၊ ပါတီရဲ့ဦးဆောင်မှုကို နာခံတယ်၊ ကျနော်တို့ တာဝန်ထမ်းဆောင်တယ်။ တစ်ချိန်မှာ ကျနော့်ကိုယ်နှိုက်၊ ကိုယ့်အနေနဲ့နော် ဒါက ဆက်ပြီးတော့ သွားလို့မဖြစ်တော့ဘူးဆိုရင် နောက်လူနဲ့သူပြောင်းမယ်။ ကိုယ်က ဒီဟာကို ဘာဖြစ်လို့တွယ်ကပ်နေမှာလဲ။ ဒီဟာရှိတယ်။

အဲဒီတော့ ခု ကျနော်တို့အနေနဲ့ ဒီလိုမျိုး တချို့အပိုင်းမှာ နုတ်ထွက်ဖို့အပြောခံရတဲ့ကိစ္စတွေ ရှိတယ်ပေါ့လေ။ ကျနော်ကတော့ မပြောပါဘူး။ ကျနော်ကတော့ ကိုယ့်သဘောနဲ့ကိုယ် ထွက်တာပါ။ တချို့ကတော့ နုတ်ထွက်ဖို့လိုအပ်တယ်လို့ ပြောတဲ့ကိစ္စတွေသည် ဒါ ပါတီရဲ့ ဆုံးဖြတ်ချက်ပဲ။ ဒီပါတီဝင်ရင်တော့ ဒီပါတီဦးဆောင်မှုကို ကျနော်တို့ နာခံမယ်။ ဒီနာခံမှုနဲ့သွားမှပဲ ဖြစ်မှာလေ။ နောက် တပ်ကဆိုပါစို့။ တပ်က နယ်လုံတွေလည်း ခဏခဏပြောင်း တာပဲ ဟုတ်တယ်မလား။ သူတို့ ဘာကွန်ပလိန့်ရှိတုန်း။ သူတို့ တပ်ကနယ်လုံတွေ အပြောင်းအရွှေ့လုပ်တိုင်း သူတို့မှားတယ်လို့ ပြောလို့မရဘူးလေ။ တပ်ချုပ်က သူ့အနေနဲ့ ဒါရွှေ့ဖို့လိုတယ်၊ ဒါ လူလဲဖို့လိုတယ် သူထင်ရင် သူပြောင်းမှာပေါ့။ အဲဒီပုံစံမျိုးဖြစ်တာ။

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

Related Posts