All News Local News

“ပြည်တွင်းစစ်ချုပ်ငြိမ်း ပြီးမှ တပ်မတော်က (နိုင်ငံရေးမှ) ထွက်မယ်ဆိုရင် အဲဒီဖွဲ့ စည်းပုံက ဘယ်တော့မှ ပြင်လို့ ရမှာ မဟုတ်ပါဘူး” ဟု NLD တုံ့ပြန်

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၅

တပ်မတော်အနေဖြင့် တိုင်းရင်းသားလက်နက်ကိုင်များမရှိမှ နိုင်ငံရေးမှ စွန့်ခွာမည်ဟု ဆိုခြင်း သည် ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ဆင်ရေး မည်သို့ မျှ ပြင်ဆင်မရနိုင်ဟု ဆိုလိုခြင်း ဖြစ်ကြောင်း NLD ၏ ဗဟိုအလုပ်အမှုဆောင်လည်းဖြစ်၊ ပြောခွင့်ရပုဂ္ဂိုလည်းဖြစ်သူ ဒေါက်တာမျိုးညွန့်က ပြောဆိုသည်။

ဖေဖော်ဝါရီလ ၂၃ ရက်နေ့ ရန်ကုန်တိုင်းစစ်ဌာနချုပ်တွင် ကျင်းပသော သတင်းစာရှင်း လင်းပွဲတွင် တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့မှ ဗိုလ်ချုပ်များက တပ်မတော်အနေဖြင့် တိုင်းရင်းသား လက်နက်ကိုင်များမရှိမှ နိုင်ငံရေးက စွန့်ခွာမည်ဖြစ်ကြောင်း ပြောဆိုခဲ့ခြင်းဖြစ်ပြီး ယင်းပြောဆိုချက်သည် မြန်မာ့နိုင်ငံရေးအသိုင်းအဝိုင်းတွင် သက်ရောက်မှုများစွာ ဖြစ်ပေါ် လျက်ရှိသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ၏ ပြောခွင့်ရပုဂ္ဂိုလ် ဒေါက်တာမျိုးညွန့်က တပ်မတော် သည် ယခင်ကတည်းက ထိုသို့သော စကားပြောဆိုခြင်းနေခြင်းဖြစ်သည်ဟုဆိုသည်။

“ဒါက အရင်ကတည်းလည်း တပ်မတော်က ဒီအတိုင်းပဲ ပြောခဲ့တာပါ ။ ဒါပေမဲ့ ကျနော်တို့က ပြည်တွင်းစစ် ချုပ်ငြိမ်းရေးနှင့် ဖွဲ့ စည်းပုံ အခြေခံဥပဒေကို ချိတ်ဆက်ထားတာပါ ။ကျနော်တို့ က ပြည်တွင်းစစ် ချုပ်ငြိမ်းဖို့ အတွက် တိုင်းရင်းသားများနှင့် စစ်မှန်တဲ့ ဒီမိုကရေစီ ဖယ်ဒရယ် ပြည်ထောင်စု ထူထောင်ရေး သဘောတူညီချက်ရဖို့က အရေးကြီးတယ်။ ဒါမှလည်း ပြည်တွင်း စစ် ချုပ်ငြိမ်းမယ်လိုကျနော်က ယုံကြည်တယ်။ အဲဒီလို စစ်မှန်တဲ့ ဒီမိုကရေစီ ဖယ်ဒရယ် ပြည်ထောင်စု ထူထောင်ရေးကလည်း ၂၀၀၈ ဖွဲ့ စည်းပုံ အခြေခံဥပဒေကို ပြင်ဆင် မှာ ဖြစ်လိမ့် မယ်။ အဲဒီတော့ ကျနော်တို့ကလည်း ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ပြီးမှ ပြည်တွင်းစစ်တွေ ချုပ်ငြိမ်းမယ်။ ပြည်တွင်းစစ်ချုပ်ငြိမ်း ပြီးမှ ဒီတပ်မတော်က ထွက်မယ်ဆိုရင် အဲဒီဖွဲ့ စည်းပုံက ဘယ်တော့မှ ပြင်လို့ ရမှာ မဟုတ်ပါဘူး” ဟု ဒေါက်တာမျိုးညွန့်က ပြောသည်။

တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့မှ ဒုတိယဥက္ကဋ္ဌ ဗိုလ်ချုပ်ထွန်းထွန်းညီက ဖေဖော်ဝါရီလ ၂၃ ရက်နေ့ သတင်းစာရှင်းလင်းပွဲတွင် တပ်မတော်သည် နိုင်ငံရေးတွင် အကြောင်းမဲ့ ပါဝင်နေခြင်းမဟုတ်ဟုဆိုသည်။

“ကျနော်တို့ အကြောင်းမဲ့ ပါဝင်နေတဲ့ အခြေအနေမဟုတ်ဘူး။ ကျနော်တို့ ခုနက ပြောတဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေရှိနေတယ်။ ကျနော်တို့ နိုင်ငံ တည်ငြိမ်အေးချမ်း တဲ့ အခြေအနေ ရောက်နေလား၊ မရောက်နေလား ကြည့်ရင် သိသာပါတယ်။ တည်ငြိမ် အေးချမ်း တဲ့ အခြေအနေဆိုရင် တစ်မျိုးဖြစ်မှာပေါ့။အခုအချိန်က တကယ်ကိုဘက်ပေါင်းစုံမှာ တည်ငြိမ်အေးချမ်းမှု အများကြီးလိုအပ်နေတာဖြစ်ပါတယ်။ ပြင်မယ်ဆိုတဲ့ အချက်တွေ မပြင် ဘူးဆိုတဲ့ အချက်တွေ ခုနက ပြောပြီးပါပြီ။ နောင် အနှစ် ၂၀ ၊ ၂၅ ဆိုတဲ့ စကားမျိုးက တိုင်းပြည် မှာ နိုင်ငံရေးတည်ငြိမ်အေးချမ်းမှု ဖြစ်ပေါ်လာတဲ့ အခြေအနေ အမြန်ဆုံးဖြစ် ပေါ်လာ ရင် ကျနော်တို့ လည်းဖြစ်စေချင်ပါတယ်” ဟု ဗိုလ်ချုပ်ထွန်းထွန်းညီက ဆိုသည်။

အလားတူ တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့မှ ဥက္ကဋ္ဌ ဗိုလ်ချုပ်စိုးနိုင်ဦးကလည်း တပ်မတော်သည် ဒီမိုကရေစီ အကူးအပြောင်းကာလတွင် အလှုပ်အရမ်းမများစေရန် ထိန်းကျောင်းနေသည်ဆိုသော အယူအဆကို လက်ခံစေလိုသည်ဟု ဆိုသည်။

“အသွင်ကူးပြောင်းတဲ့ကာလမှာ အလှုပ်အရမ်းမများအောင်လို့ အလှုပ်အရမ်းများပြီးကာမှ ဒီမိုကရေစီလမ်းကြောင်း တိမ်းစောင်းမသွားအောင် အောင်အောင်မြင်မြင်ရောက်ဖို့ ဒီဟာကို ထိန်းကျောင်းပေးနေတယ်ဆိုတဲ့ အယူအဆကို လက်ခံစေချင်ပါတယ်။ နောက်တစ်ခုကတော့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေအနေနဲ့ မရှိတော့ဘူး။ ငြိမ်းချမ်းသွားရင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ပြောထားပါတယ်။ တပ်မတော်ကနေ နိုင်ငံရေးကနေ စွန့် ခွာဖို့ အစီအစဉ်ရှိပါတယ်။ ငြိမ်းချမ်းရေးကို နိုင်ငံတော်အစိုးရလည်း လိုချင်ပါတယ်။ ကျနော်တို့ တပ်မတော်လည်းလိုချင်ပါတယ်။ ပြည်သူလည်း လိုချင်ပါတယ်။ ကျနော်ထင်ပါတယ် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေလည်း လိုချင်ပါတယ်” ဟု ပြောဆိုသည်။

လတ်တလော လွှတ်တော်တွင် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးနှင့်ပတ်သက်ပြီး တပ်မတော်နှင့် NLD ပါတီတို့ သဘောထားမတူညီမှုများဖြစ်ပေါ်လျက်ရှိပြီး ယင်းသဘောမတူ ညီမှုက ရင်ကြား စေ့ရေးနှင့် အမျိုးသားပြန်လည်သင့်မြတ်ရေး လမ်းကြောင်း အလုပ်မဖြစ် သည်ကို ပြသနေကြောင်း နိုင်ငံရေးလေ့လာသုံးသပ်သူများက ဝေဖန်သုံးသပ်ကြသည်။

ဓာတ်ပုံ- ဖေဖော်ဝါရီလ ၂၃ ရက်နေ့မှ ၂၄ ရက်နေ့အထိ NLD ဗဟိုကော်မတီအစည်းအဝေး။ Photo Credit- NLD

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

Related Posts