All News Local News

ပိုးလမ်းမစီမံကိန်းတွင် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်နေမှု တရုတ်ချီးကျူး၊ တရုတ်-မြန်မာစီးပွားရေးလုပ်ငန်းအသင်းထူထောင်မည်

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၂

တရုတ်-မြန်မာ Belt and Road ပိုးလမ်းမစီမံကိန်းတွင် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်နေမှုအပေါ် တရုတ်နိုင်ငံက ချီးကျူးဂုဏ်ပြုလိုက်ပြီး တရုတ်-မြန်မာ လုပ်ငန်းအသင်း ထူထောင်သွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး Mr. Hong Liang က ပြောဆိုလိုက်သည်။

ဖေဖော်ဝါရီလ ၁၈ ရက်နေ့ နေပြည်တော်တွင် ကျင်းပသော တရုတ်-မြန်မာစီးပွားရေး ကော်ရစ်ဒါ ပူးတွဲကော်မတီ ဒုတိယအကြိမ် အစည်းအဝေးနှင့် ဒုတိယအကြိမ်မြောက် တရုတ်-မြန်မာ စီးပွားရေးကော်ရစ်ဒါ ဖိုရမ်တက်ရောက်မည့် မြန်မာအစိုးရကိုယ်စားလှယ်အဖွဲ့ကို တရုတ်သံအမတ်ကြီးက နှုတ်ဆက်ပွဲ အခမ်းအနားတွင် ထိုသို့ပြောဆိုလိုက်ခြင်းဖြစ်သည်။

တရုတ်-မြန်မာနှစ်နိုင်ငံသည် “Belt and Road” နှင့် တရုတ်-မြန်မာ စီးပွားရေးကော်ရစ်ဒါကို အတူတကွတက်ကြွစွာ တည်ဆောက်လျက်ရှိကြောင်း၊ တရုတ်-မြန်မာ နှစ်နိုင်ငံ “Belt and Road” နှင့် တရုတ်-မြန်မာစီးပွားရေး ကော်ရစ်ဒါကို အတူတကွတည်ဆောက်နေမှုအပေါ် မြန်မာနိုင်ငံအစိုးရ၏ အလေးထားမှုကို တရုတ်နိုင်ငံသည် ချီးကျူးကြောင်း၊ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် အဆွေတော် ဒေါ်အောင်ဆန်းစုကြည်သည် မြန်မာနိုင်ငံရပ်ဝန်းနှင့် ပိုးလမ်းမစီမံကိန်း (BRI) အကောင်အထည်ဖော်ဆောင်ရွက်ရေး ဦးဆောင်ကော်မတီဥက္ကဋ္ဌအဖြစ် ကိုယ်တိုင်ဆောင်ရွက်ကြောင်း၊ ဒေါ်အောင်ဆန်းစုကြည်၏ အားကောင်းသည့် ဦးဆောင်မှုနှင့် မြန်မာနိုင်ငံနယ်ပယ်အသီးသီး၏ အားပေးထောက်ခံမှု ကြောင့် တရုတ်-မြန်မာ “Belt and Road” အောင်မြင်မှုရမည်ဟု ယုံကြည်ကြောင်း သံအမတ်ကြီးက ပြောဆိုသည်။

တရုတ်-မြန်မာစီးပွားရေးကော်ရစ်ဒါ ပူူးတွဲကော်မတီ၏ မူဘောင်အောက်တွင် လုပ်ငန်းအဖွဲ့ ၁၂ ဖွဲ့ကိုလည်း ဖွဲ့စည်းထားကြောင်း၊ မြန်မာတရုတ် လုပ်ငန်းရှင်များအသင်းသည် နေပြည်တော်တွင် ရုံးခန်းဖွင့်လှစ်ရန် ဆုံးဖြတ်ထားကြောင်း၊ မြန်မာတရုတ်လုပ်ငန်းရှင်များအသင်းသည် မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်နှင့်အတူ မြန်မာ-တရုတ် စီးပွားရေးလုပ်ငန်းအသင်းကိုလည်း ဖွဲ့စည်းတည်ထောင်မည်ဖြစ်ကြောင်း သံအမတ်ကြီးက ဆိုသည်။

၂၀၁၉ ခုနှစ် ဧပြီလတွင် ပေကျင်းမြို့၌ ဒုတိယအကြိမ်မြောက် “Belt and Road” နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်ရေးထိပ်သီးဖိုရမ်ကို ကျင်းပမည်ဖြစ်ပြီး မြန်မာအစိုးရဘက်မှ ဝန်ကြီး ဦးစိုးဝင်း တက်ရောက်မည်ဖြစ်ကြောင်း သိရှိရသည်။

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

Related Posts