All News Local News

ပလက်ဝတွင် ဖမ်းဆီးရမိသူ ၂ ဦးကို စစ်ဆေးချက်အရ ကျောက်တော်တွင် AA နှင့်ဆက်နွယ်သူ ၂၅ ဦး ဖမ်းဆီး၊ ၁ ဦးထွက်ပြေးလွတ်မြောက်သွားဟုဆို

ရန်ကုန်၊ ဖေဖော်ဝါရီ ၅

ရခိုင်ပြည်နယ်၊ ပလက်ဝမြို့တွင် ဖမ်းဆီးရမိသူ ၂ ဦးကို စစ်ဆေးချက်များအရ ရခိုင်တပ်မတော် AA နှင့်ဆက်နွယ်သူ ၂၅ ဦးကို ကျောက်တော်မြို့နယ်တွင် မတရားအသင်းဆက်သွယ်မှု ၁၇/၁ ဖြင့် ဖမ်းဆီးခြင်းဖြစ်ကြောင်း ကျောက်တော်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသီဟဇော်က ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။

ရဲတပ်ဖွဲ့ မှရရှိသော သတင်းအချက်အလက်များအရ ပလက်ဝမြို့နယ်တွင် AA နှင့်ဆက်နွယ်သူ ၂ ဦး ဖမ်းဆီးရမိခဲ့ပြီး စစ်ဆေးချက်များအရ ကျောက်တော်မြို့နယ်တွင်လည်း AA နှင့်ဆက်နွယ်သူ ၂၆ ဦးကို ဖမ်းဆီးခဲ့ကြောင်း၊ ဖမ်းဆီးရာတွင် ကျောက်တော်တွင် ၂၅ ဦး ဖမ်းမိပြီး ၁ ဦး လွတ်မြောက်သွားကြောင်း ဦးသီဟဇော်က ဆိုသည်။

“ပလက်ဝဘက်မှာဖမ်းမိတဲ့ ၂ ယောက်ကို ဆက်စစ်ဆေးတဲ့အခါမှာ အဲဒီ ၂ ယောက်ရဲ့ ကွင်းဆက်အရ ဆက်ဖမ်းတယ်လို့ ကျနော်သိတယ်။ ဒါ ရဲကြေးနန်းထဲမှာပါတဲ့အတိုင်းပဲ။ အဲဒီ AA နဲ့ပတ်သက်ပြီးတော့မှ ရိက္ခာတို့ ဘာတို့ ထောက်ပံ့ အဲဒီနှစ်ယောက်ကို ဖမ်းမိတဲ့အခါမှာ အဲ့ဒီနှစ်ယောက်ကို စစ်ဆေးချက်အရ ဆက်ဖမ်းတာ။ ကျောက်တော်ဘက်မှာဖမ်းတာ ၂၅ ယောက်ပေါ့၊ ပလက်ဝက ၂ ယောက်ပေါ့။ ကျောက်တော်မှာတော့ လာတည်းတာ ၂၄ ယောက်၊ ၂၄ ယောက်က တစ်ယောက်ပြေးတော့ ၂၃ ယောက်၊ ၂၃ ယောက်ရယ် အိမ်ရှင်တစ်ယောက်ရယ်ဆိုတော့ ၂၅ ယောက်” ဟု ဦးသီဟဇော်က ရှင်းပြသည်။

ရခိုင်ပြည်နယ် မြို့နယ် ၆ ခုတွင် အစိုးရအာဏာပိုင်များက AA နှင့်ဆက်စပ်သူများဖော်ထုတ်ရန် သန်းခေါင်စာရင်းစစ်ခြင်း၊ မှတ်တမ်းဓာတ်ပုံများနှင့် တိုက်ဆိုင်စစ်ဆေးခြင်း၊ မသင်္ကာသူများကို စစ်ဆေးခြင်းများ ဆောင်ရွက်မည်ဖြစ်ကြောင်း တရားဝင် ညွှန်ကြားချက်ထုတ်ပြန်ထားသည်။

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

khitthitnews.com

Related Posts

khitthitnews.com