All News interview

ဗိုလ်မှူးကတော် ဗုံးနဲ့ ဘယ်လိုလုပ်ကြံခံရလဲ၊ ဘယ်သူ့လက်ချက်လဲ

By အောင်သက်ဝိုင်း(ရန်ကုန်ခေတ်သစ်)

ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ် အမှတ် ၁၅ စစ်ဆင်ရေး ကွပ်ကွဲမှုဌာနချုပ်မှာ ဖေဖော်ဝါရီလ ၂၆ ရက်နေ့ မနက်ပိုင်းက ဗုံးပေါက်ကွဲလို့ ဗိုလ်မှူးကျော်စွာရဲ့ ဇနီး မနန်းမို့မို့ဇော် ကွယ်လွန်သွားပါတယ်။ ဒီဖြစ်စဉ် မှာ အိမ်ထောင်ပြောင်းလာတဲ့ ပစ္စည်းတွေကြားမှာ ပါဆယ်ဗုံး ပုံစံ ဗုံးထည့်ပေးလိုက်တာကြောင့် ပစ္စည်းတွေချရင်း ပေါက်ကွဲမှုဖြစ်ကာ ကွယ်လွန်ခဲ့တာဖြစ်ပါတယ်။ ဒီပါဆယ်ဗုံးကို ဘယ်သူက ထည့်ပေး လိုက်တာပါလဲ။ တပ်မတော်ဘက်ဘက်က ဒီဖြစ်စဉ်ကို AA ဘက်က လုပ်တာလို့ ပြောဆိုပြီး AA ကတော့ သူတို့နဲ့မဆိုင်ဘူးလို့ ငြင်းဆိုပါတယ်။

ဗိုလ်မှူးချုပ်ဇော်မင်းထွန်း
တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့

မေး။ ။ ဗိုလ်မှူးကတော်ကို သေဆုံးစေတဲ့ ဗုံးထည့်ထားတဲ့ပစ္စည်းက ဘယ်သူ့ဆီက လာတာလဲ။ ဘယ်သူ့ လက်ချက်လို့ ယူဆထားပါလဲ။

ဖြေ။ ။ ယူဆတာမဟုတ်ဘူး။ AA လက်ချက်ပဲ။ ဘာဖြစ်လို့လဲဆိုတော့ သူက အိမ်ထောင် ပြောင်း ပစ္စည်းတွေ တင်လာတဲ့ကားကို ကျောက်တန်းရွာ အလွန်မှာ အရပ်ဝတ် နဲ့ ၂ ယောက် က ဆိုင်ကယ်နဲ့ တားတယ်။ ကားပေါ်မှာ ရှာတယ်။ ရှာပြီးတော့ တစ်ခါ ကားကို ပြန်ခေါ် သွား တယ်။ နောက်ကြောင်း ပြန်ပြီး ခေါ်သွားတယ်။ တောထဲ ၁၅ မိနစ်လောက်သွားတဲ့ အထဲ ကို မောင်း ထည့်လိုက်တယ်။ ထည့်ပြီး စောင့်ဆိုင်းတယ်။ နောက်ထပ် ၆ ယောက် ရောက်လာ တယ်။ အရပ်ဝတ်နဲ့ပဲ။ အရပ်ဝတ်နဲ့ ၆ ရောက်မှာ လက်နက်ငယ် တွေပါ တယ်။ လက်နက်ငယ် တွေကိုတော့ ၊ သေနတ်တွေကိုတော့ ပုဆိုးထဲမှာ ထည့်ပြီးတော့ ဝှက်ထားတာ။ ပုဆိုး ထဲထည့် ပြီး ပုဆိုးကို စလွယ်သိုင်းလာတာပေါ့။ ပြီးတော့ကျမှ အပေါ်မှာ ထပ်ပြီးတော့ရှာတယ်၊ ကြည့် တယ်။ အဲဒီအထဲမှာ ပစ္စည်းရောထည့်ပေးလိုက်တာ။

မေး။ ။ ရည်ရွယ်ချက်ရှိရှိကို လုပ်ကြံတယ်လို့ ပြောချင်တာပါလား။

ဖြေ။ ။ ဟုတ်တယ်။ ရည်ရွယ်ချက်ရှိရှိကို လုပ်ကြံတာ။ ဖြစ်နိုင်တာကတော့ ဒီပစ္စည်းတွေက တပ်က အရာရှိ ပစ္စည်းဆိုတာလည်း သိတာပဲလေ။ တွေ့တဲ့အချိန်မှာ သူတို့လုပ်တာ။

မေး။ ။ ဒါဆိုရင် တပ်နဲ့ ဆက်နွယ်နေတဲ့ မိသားစုတွေအတွက် ဘယ်လိုစီမံထားလဲ။

ဖြေ။ ။ နောက်ပိုင်းလည်း ကျနော်မြင်တာကတော့ အဲဒီလုပ်ငန်း လုပ်ဦးမယ်နဲ့တူတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ ဝန်ကြီးချုပ်ယာဉ်တန်းတောင်မှ မိုင်းခွဲသေးတာဆိုတော့ ဆက်လုပ် မှာပဲ။ ဆက်လုပ်မှာပဲ ဆိုတော့ တပ်အနေနဲ့ကျတော့ ကျနော်တို့က ဒီဖြစ်စဉ် ဖြစ်သွား တာက လည်း ဖေဖော်ဝါရီ ၂၅ ရက်နေ့ညမှာ ကားက တပ်ရင်း တပ်ကို ရောက်လာတယ်။ ၂၅ ရက်နေ့ ည ပစ္စည်း ချတဲ့ အချိန်မှာ မပြောမိလိုက်တာလည်း အမှားတစ်ချက်ပါမယ်။ ၂၆ ရက်နေ့ ပစ္စည်း တွေ ထားတဲ့အချိန်မှာ ထကွဲတာပဲ။ တပ်မှာကတော့ လုံခြုံရေးအရ ဘာပစ္စည်းပဲ ဝင်လာလာ စစ်ဆေးတဲ့ စနစ်ရှိတယ်။ အိမ်ထောင်ပြောင်းဝင်တဲ့ ပစ္စည်းဆိုတော့ တိုက်ရိုက် သွင်းလိုက်တဲ့ သဘောရှိတယ်။ အစစ်မခံရဘူးလေ။ တိုက်ရိုက်လာတာဆိုတော့ စိတ်ချရတဲ့သဘောဖြစ်ပြီး သွင်းလိုက်တာ။ အိမ်ထောင်ကျတာမကြာသေးဘူး။ အဲဒီအမျိုးသမီးကလည်း ပင်းတယက ရှမ်းတိုင်းရင်းသူ တစ်ယောက်ပဲ။

ခိုင်သုခ
ပြန်ကြားရေးတာဝန်ခံ၊ရခိုင်တပ်မတော်(AA)

မေး။ ။ ဗိုလ်မှူးကျော်စွာရဲ့ ဇနီး မနန်းမို့မို့ဇော် ဗုံးထည့်ထားတဲ့ ပစ္စည်းနဲ့ လုပ်ကြံခံရတာ AA က လုပ်တယ်လို့ တစ်ဖက်က ပြောနေတယ်။ AA က ဘယ်လိုတုံ့ပြန်ချင်ပါသလဲ။

ဖြေ။ ။ ဒီဟာကတော့ အခြေအအမြစ်မရှိတဲ့ စွပ်စွဲချက်ပဲ။ ဒီဟာဖြစ်တာက သူတို့ တပ်မ ဌာနချုပ်ထဲမှာ ဖြစ်တာ။ ကျနော်တို့နဲ့ ဘာမှ မဆိုင်ဘူး။ အဲဒီကိစ္စ သိလည်း မသိဘူး။ ထင်တာ တော့ သူတို့အချင်းချင်း မကျေနပ်ချက်တွေကြောင့် တစ်ယောက်နဲ့ တစ်ယောက် လုပ်ကြံတာ လို့ထင်ပါတယ်။

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

khitthitnews.com

Related Posts

khitthitnews.com