All News Local News

ဒေါ်အောင်ဆန်းစုကြည်၏ ပင်လုံစိတ်ဓာတ် အဓိကဟု ပြောဆိုမှု ကချင် KNC ကန့်ကွက်

ရန်ကုန်၊ ဖေဖော်ဝါရီ ၁

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်၏ ဇန်နဝါရီလ ချင်းပြည်နယ်ခရီးစဉ်တွင် ပင်လုံစာချုပ်သည် အဓိကမဟုတ်ဘဲ ပင်လုံစိတ်ဓာတ်သာ အဓိကဖြစ်ကြောင်း ပြောဆိုမှုကို ကန့်ကွက်ကြောင်း ကချင်အမျိုးသားကွန်ကရက်ပါတီ (KNC) က ကန့်ကွက်ကြောင်း KNC ၏ အထွေထွေအတွင်းရေးမှူး ဦးဂျီလန်းယော်က ပြောဆိုသည်။

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်သည် ဇန်နဝါရီလ ၂၁ ရက်နေ့ ချင်းပြည်နယ်၊ ဟားခါးမြို့၊ ဟားခါးမြို့မိမြို့ဖများနှင့်တွေ့ဆုံပွဲတွင် “ပင်လုံစာချုပ်ကို ကျွန်မတို့ အဓိကထားတာမဟုတ်ဘဲနဲ့ ပင်လုံစိတ်ဓာတ်ကို အဓိကထားတာဖြစ်ကြောင်း” ပြောဆိုခဲ့ပြီး ယင်းပြောဆိုချက်ကို ကန့်ကွက်ကြောင်း KNC က ဇန်နဝါရီလ ၂၅ ရက်နေ့ နေ့စွဲဖြင့် ကြေညာချက်ထုတ်ပြန်ခဲ့သည်။

“အဓိက ကတော့ ကျနော်တို့ တိုင်းရင်းသားတွေက ပင်လုံကတိကဝတ်က စာချုပ်အပေါ်ကို အခြေခံတယ်လေ။ နိုင်ငံတော်အတိုင်ပင်ခံ ပြောသွားတဲ့အပေါ်မှာ ကျမတို့က ပင်လုံစာချုပ်အပေါ်မှာ အခြေခံတာ မဟုတ်ဘဲ ပင်လုံစိတ်ဓါတ်ကိုဘဲ အခြေခံတယ် ဆိုတယ်ပေ့ါ ။ ကျနော်တို့ တိုင်းရင်းသားတွေက အဓိကကတော့ စာချုပ်အပေါ်ပဲ အခြေခံတယ်။ ဒေါ်စု ပြောသွားတာက စိတ်ဓာတ်၊ စိတ်ဓာတ်ဆိုတာ မြင်လို့မရတဲ့အရာ ၊ ကိုင်တွယ်လို့မရတဲ့အရာ။ ဒီအပေါ်မှာ ကျနော်တို့က ကန့်ကွက်တာပါ” ဟု ကချင်အမျိုးသားကွန်ကရက်ပါတီ၏ အထွေထွေအတွင်းရေးမှူး ဦးဂျီလန်းယော်က ဆိုသည်။

ပြည်ထောင်စုမြန်မာနိုင်ငံတော်ဖြစ်ပေါ်လာမှုတွင် ပင်လုံစာချုပ်သည် အလွန်အရေးကြီးပြီး ငြိမ်းချမ်းရေး အောင်မြင်ရေးတွင်လည်း ပင်လုံစာချုပ်သည် အခရာဖြစ်သည်ဟု ၎င်းကဆိုသည်။

“ကျနော်တို့က ဒီနိုင်ငံရေးပြဿနာတွေ ဖြေရှင်းတဲ့နေရာမှလည်း ဒီစာချုပ်စာတမ်းအပေါ်မှာပဲ ဒီကတိကဝတ်အပေါ်မှာ ကျနော်တို့က အခြေခံချင်တာလေ။ ဒီလိုမျိုး အရေးကြီးဆုံးကာလမှာ ကျနော်တို့ တိုင်းရင်းသားပါတီ ၊ တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ ယုံကြည်မှု တည်ဆောက်နေတဲ့အချိန်မှာ ဒီလိုမျိုး ကျနော်တို့ တိုင်းရင်းသားတွေ မကြိုက်တဲ့ စကားလုံးတွေကို မသုံးဘဲ တကယ် အမှန်တကယ် စိတ်ရင်းစေတနာနဲ့ ပင်လုံစာချုပ်ကို အခြေခံပြီးမှ ငြိမ်းချမ်းရေးကို လုပ်သွားမယ်ဆိုရင် ကျနော်တို့ မြင်ထားတဲ့ အရာတွေ အားလုံး ဖြစ်လာမယ်လို့ ကျနော်တို့က ယုံကြည်ထားတယ်။ နိုင်ငံတော်အတိုင်ပင်ခံက ဒီလိုမျိုးအသုံးအနှုန်း သုံးမယ်ဆိုရင် ကျနော်တို့တိုင်းရင်းသားတွေဆီက ယုံကြည်မှုရဖို့က နည်းနည်းတော့ဝေးသွားမှာပေါ့” ဟု ၎င်းက ဆိုသည်။

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

khitthitnews.com

Related Posts

khitthitnews.com