Local News political news

ဒေါ်အောင်ဆန်းစုကြည်လိုက်ပါသော တပ်မတော်ရဟတ်ယာဉ် ချို့ယွင်း၍ အရေးပေါ် ဆင်းသက်ပြီး ရဟတ်ယာဉ် ပြောင်းလဲရ

ရန်ကုန်၊ ဖေဖော်ဝါရီ ၆

ရှမ်းပြည်နယ်သို့ ရောက်ရှိနေသော နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်သည် တပ်မတော်ရဟတ်ယာဉ်ဖြင့် ယနေ့ မွန်းလဲပိုင်း မိုင်းတုံမြို့မှ မိုင်းဆက်မြို့သို့ ထွက်ခွာစဉ် သူလိုက်ပါသော တပ်မတော်ရဟတ်ယာဉ် ချို့ယွင်း၍ အရေးပေါ် ပြန်လည်ဆင်းသက်ကာ ရဟတ်ယာဉ် ပြောင်း စီးနင်းခဲ့ရကြောင်း သိရှိရသည်။

ယနေ့ မွန်းလွဲပိုင်း ၂ နာရီကျော်ခန့်က မိုင်းတုံမှ မိုင်းဆက်မြို့သို့ ထွက်ခွာစဉ် ရဟတ်ယာဉ် ချို့ယွင်းပြီး ရဟတ်ယာဉ်ပြောင်းလဲခဲ့ရခြင်းဖြစ်ကြောင်း သိရှိရသည်။

မိုင်းတုံမြို့မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးဆန်းဝင်းအောင်(ခ) အောင်အောင်၏ ဇနီးဖြစ်သူ ဒေါ်နန်းငယ်က “ရဟတ်ယာဉ်က စက်ချို့ယွင်းလို့ အပေါ်တက်သွားပြီးမှ ပြန်ဆင်းလာတာ။ ရဟတ်ယာဉ်ပြန်ပြောင်းလိုက်ရတယ်။ ကျမတို့ မိုင်းဆက်သွားတဲ့ လမ်းပေါ်မှာ အခု” ဟု ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောသည်။

ဒေသခံများ၏ အဆိုအရ တပ်မတော်ရဟတ်ယာဉ်သည် ဟိုက်ဒရောလစ်ဆီယိုစိမ့်၍ ရဟတ်ယာဉ်ပြောင်း လဲရခြင်းဖြစ်ကြောင်း သိရှိရသည်။

မိုင်းတုံမြို့မှ ရဟတ်ယာဉ်ပြောင်း၍ ထွက်ခွာသွားသော နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်သည် မိုင်းဆက်မြို့သို့ ချောမောစွာရောက်ရှိသွားပြီး လူထုတွေ့ဆုံပွဲ ကျင်းပလျက်ရှိကြောင်း သိရှိရသည်။

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်သည် ချင်းပြည်နယ်၊ ကချင်ပြည်နယ်အပါအဝင် တိုင်းရင်းသားဒေသများသို့ သွားရောက်ရာတွင် တပ်မတော်ရဟတ်ယာဉ်များ အသုံးပြုသွားလာနေခြင်းဖြစ်သည်။

ဓာတ်ပုံ- ချင်းပြည်နယ်သို့ တပ်မတော်ရဟတ်ယာဉ်ဖြင့် သွားရောက်ခဲ့သည့် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်။ Photo Credit – MSCO

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

khitthitnews.com

Related Posts

khitthitnews.com