All News Local News

တရုတ် အနေဖြင့် ကချင်လူထုအသံနားထောင်၍ မြစ်ဆုံစီမံကိန်း ရပ်ဆိုင်းရန်တောင်းဆို၊ CPI စည်းရုံးမှုများ လုပ်နေဆဲ

ရန်ကုန်၊ ဖေဖော်ဝါရီ ၈

တရုတ်နိုင်ငံအနေဖြင့် ကချင်ပြည်သူလူထုက ကန့်ကွက်နေသော မြစ်ဆုံစီမံကိန်းကို လူထုအသံနားထောင်၍ ရပ်ဆိုင်းရန် မြစ်ဆုံရေကာတာစီမံကိန်း ရပ်ဆိုင်းရေး ဆန္ဒထုတ်ဖော်ပွဲ ဦးဆောင်သူ ဒေါ်ဂျာခေါန်က ပန်ကြားလိုက်ပြီး တရုတ် CPI က စီမံကိန်း လုပ်ဆောင်ခွင့်ရရန် စည်းရုံးနေဆဲ ဖြစ်ကြောင်း ပြောဆိုလိုက်သည်။

လက်ရှိတွင် တရုတ်ကုမ္ပဏီဘက်ကနေ ဖိအားပေးလုပ်ဆောင်များရှိနေပြီး အစိုးရကနေ ပြည်သူ့အသံကို နားထောင်ပြီး မြစ်ဆုံရေကာတာ စီမံကိန်းကို အပြီးတိုင် ရပ်ဆိုင်းပေးရန် တောင်းဆိုကြောင်း၊ တရုတ် CPI က မြစ်ဆုံစီမံကိန်းကို လက်ခံရန် စည်းရုံးနေဆဲဖြစ်ကြောင်း ဒေါ်ဂျာခေါန်က ပြောသည်။

“အခုလည်း CPI ကုမ္ပဏီကတော့ စည်းရုံးနေဆဲပဲ။ ဘာလဲဆိုတော့ သူတို့လည်း ကုန်ကျစရိတ်တွေ အများကြီး ကုန်ထားတယ်ဆိုတော့ သူတို့ရဲ့ ရည်ရွယ်ချက်အနေနဲ့ ဒါကို လုပ်ချင်တယ်။ ဒါပေမယ့် ကျမတို့ နိုင်ငံသားတွေအနေနဲ့ အားလုံးက ကန့်ကွက်နေတယ်ဆိုတော့ ဆက်ပြီးကန့်ကွက်ရအောင်၊ အစိုးရကလည်း ကျမတို့ ပြည်သူလူထုရဲ့အသံကို နားထောင်ပေးမယ် ပြောထားတဲ့အတွက်ကြောင့် ဒါကို တစိုက်စိုက်မတ်မတ် ပြည်သူ့လူထုတွေအားလုံး ဆက်လက်ပြီးတိုက်ပွဲဝင်ရအောင် ကျမအနေနဲ့ ပြောချင်ပါတယ်” ဟု ဒေါ်ဂျာခေါန်က ရှင်းပြသည်။

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့တွင် မြစ်ဆုံရေကာတာစီမံကိန်း ရပ်ဆိုင်းရေးအတွက် ဖေဖော်ဝါရီ ၇ ရက်နေ့က လူအင်အား သောင်းချီခန့် ဆန္ဒပြရာတွင် သတ်မှတ်ထားတဲ့ ငြိမ်းစုစီ ဥပဒေ စည်းကမ်းချက်တွေကို ဖောက်ဖျက်ခြင်းကြောင့် ငြိမ်းစုစီ ပုဒ်မ ၂၀ ဖြင့် တရားစွဲဆိုခံရကြောင်း မြစ်ဆုံရေကာတာ စီမံကိန်း ရပ်ဆိုင်းရေး ဆန္ဒထုတ်ဖော်ပွဲ ဦးဆောင်သူ ကချင်အမျိုးသမီး ဒေါ်ဂျာခေါန်က ပြောသည်။

“ကျမတို့က ငြိမ်းစုစီတော့ တင်လိုက်တာပေါ့။ ခွင့်ပြုမိန့်လည်း စီတန်းလှည်လည်ခွင့် ခွင့်ပြုမိန့်တော့ ရပါတယ်။ ဒါပေမယ့် ကျမတို့လည်း လူအများကြီး ဆိုတော့။ ကျမတို့ တင်ထားတာက ဒီမြစ်ဆုံကို ကာကွယ်မယ်။ မြစ်ဆုံကို ထာဝရတည့်တံ့ပါစေ ။ ဒေသခံများ မူလနေရပ်တို့ လွတ်လပ်စွာ နေထိုင်နိုင်ပါစေ ၊ ဒီလို သဘောထားထုတ်ပြန်ချက်နဲ့ ရည်ရွယ်ချက်၊ ခေါင်းစီးက No Myitsone Dam ဆိုတာက အဓိပ္ပာယ်က အတူတူပဲ။ တင်ရမယ်လို့ မထင်ဘူး။ အဲဒါကြောင့်မို့ တစ်ချက်ပါသွားတာပေါ့။ နောက်ပြီးတော့ ကျမတို့က အစီအစဉ်အခမ်းအနားကို တင်ပြမှုရှိသွားတာပေါ့။ အဲဒါလည်း တစ်ချက်ပေါ့။ လော်စပီကာ မသုံးမဖြစ် ဖြစ်သွားတာ။ လူ ဒီလောက်များတာ လော်စပီကာ သုံးရမယ်။ လော်စပီကာ မသုံးမဖြစ်ကြောင့်မို့ ကျမတို့က ဒီလော်စပီကာကို သုံးလိုက်တာ။ ကျမတို့ရဲ့ အစွမ်းအစနဲ့ ဒီတိုင်း အလွတ်အော်တယ်။ အလွတ် ငြိမ်းချမ်းစွာ စီတန်းလှည့်လည်နေတာ။ မဖြစ်ဘူး၊ နောက်က လော်စပီကာ ကိုင်ပြီး လိုက်နေကြတော့ အဲဒီလိုဖြစ်သွားတာ။ အဲဒီတော့ အမှုဖွင့်အရေးယူခံရတာ” ဟု မြစ်ဆုံရေကာတာစီမံကိန်း အပြီးတိုင်ရပ်ဆိုင်ရေး ဦးဆောင်ဆန္ဒဖော်ထုတ်သူ ဒေါ်ဂျာခေါန်က ပြောသည်။

မြစ်ဆုံစီမံကိန်း ကန့်ကွက်ဆန္ဒထုတ်ဖော်ပွဲကို ဖေဖော်ဝါရီ ၇ ရက်နေ့ ၊ မနက် ၈ နာရီ အချိန့်ခန့်က စတင်ပြီး မြစ်ကြီးနားမြို့ ၊ စီတာပူရပ်ကွက် ၊ မနောင်ကွင်းတွင် စုဝေးကာ ဘာသာရေးခေါင်းဆောင်များ ၊ တက်ကြွလှုပ်ရှားသူများက ဟောပြောပွဲပြုလုပ်ပြီး မြို့ကိုစီတန်းလှည့်လည် လမ်းလျှောက်ခဲ့ခြင်း ဖြစ်သည်။

ငြိမ်းစုစီ ဥပဒေ ၏ ပုဒ်မ ၄ တွင် ဆန္ဒထုတ်ဖော်ရန် ခွင့်ပြုချက်တောင်းခံပါက လျှောက်လွှာထဲတွင် ဟောပြောလိုသည်အကြောင်းအရာ ၊ ကြွေးကြော်သံများ ၊ အချိန်အပိုင်းအခြား၊ ဟောပြောမည့်သူများ၏ ကိုယ်ရေးအချက်အလက်နှင့် ခွင့်ပြုမိန့်ပါ စည်းကမ်းများကို လိုက်နာမည်ဖြစ်ကြောင်း ခံဝန်ချက်ရေးရမည်ဟု ပြဋ္ဌာန်းထားသည်။

“ မြစ်ဆုံစီမံကိန်းက ကျမတို့ မြန်မာနိုင်ငံရဲ့ အသက်သွေးကြောဖြစ်တဲ့ ဧရာဝတီမြစ်ကို ကျမတို့ ကချင်လူမျိုးတွေရဲ့ အထင်ကနေရာတစ်ခုဖြစ်တယ်ဆိုတော့ လုံးဝ ရေကာတာကြီး မဖြစ်စေချင်ဘူး။ နောက် ကုမ္ပဏီတွေကလည်း ကျမတို့ မြန်မာနိုင်ငံသား၊ ဒေသခံ အသက်သွေးကြောတစ်ချောင်းဖြစ်တဲ့ ဒီဧရာဝတီမြစ်ကြီးကို သနားသောစိတ်နဲ့ ၊ မြန်မာနိုင်ငံသားတွေကို သနားသောစိတ်နဲ့ ၊ ကျမတို့ ဒီလောက်တောင် ဆန္ဒပြနေတာကိုး သနားသောစိတ်နဲ့ နောက်ဆုတ်ပေးကြပါလို့ ပြောချင်ပါတယ်“ ဟု ၎င်းက ဆက်လက်ပြောသည်။

ယင်းတရားစွဲဆိုခြင်းကို ကချင်ပြည်နယ် ၊ မြစ်ကြီးနားမြို့၊ မြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးမြင့်မိုးကိုယ်တိုင် တရားလိုလုပ်ကာ တရားစွဲဆိုထားခြင်းဖြစ်ပြီး ငြိမ်းစုစီဥပဒေ ပုဒ်မ ၂၀ သည် အပြစ်ကျူးလွန်ကြောင်း ထင်ရှားပါက ၆ လထက် မပိုသော ထောင်ဒဏ်ဖြစ်စေ၊ ကျပ်တစ်သောင်းထက် မပိုသော ငွေဒဏ်ဖြစ်စေ ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည်ဟု ပြဋ္ဌာန်းထားသည်။

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

khitthitnews.com

Related Posts

khitthitnews.com