All News China Watch interview

“တရုတ်စီမံကိန်းမှာ ဒေသခံတွေက တံမြက်စည်းလှည်း၊ သန့်ရှင်းရေး အလွန်ဆုံးရမှ ကားမောင်းလောက်ပဲရပါတယ်။ ဥပဒေအထက်မှာ စစ်တပ်ရှိနေသမျှကတော့ ဘာမှလုပ်လို့မရဘူး”

By သာလွန်ဇောင်းထက်(ရန်ကုန်ခေတ်သစ်)

ရန်ကုန်ပြည်သူ့အကျိုးဆောင် ကွန်ရက်၏ လူထုလှုပ်ရှားမှုတာဝန်ခံကိုအောင်စိုးနှင့်တေ့ွဆုံခြင်း

မြန်မာနိုင်ငံတွင် ရှိနေသည့် တရုတ်စီမံကိန်းများသည် ပြည်သူများကို အကျိုးမပြုဘဲ နိုင်ငံကို ထိခိုက်နေသဖြင့် တောက်လျှောက် ဆန့်ကျင်ကန့်ကွက် ဆန္ဒပြလာသည့် ရန်ကုန်ပြည်သူ့ အကျိုးဆောင် ကွန်ရက်မှ လူထုလှုပ်ရှားမှုတာဝန်ခံ ကိုအောင်စိုးကို မြစ်ဆုံအရေး အပါအဝင် တရုတ်စီမံကိန်းများနှင့်ပတ်သက်ပြီး ရန်ကုန်ခေတ်သစ်က တွေ့ဆုံ မေးမြန်းထားပါသည်။

မေး ။ ။ မြစ်ဆုံနဲ့ပတ်သက်ပြီးတော့ တရုတ်က ပြန်ဆောက်ဖို့ကြိုးစားလာတဲ့ အနေအထားတွေ တွေ့ရတယ်ပေါ့လေ၊ နောက်တစ်ခုက အစိုးရဘက်ကလည်း မြစ်ဆုံကို ခုချိန်ထိ လုံးဝမလုပ်ဘူးဆိုပြီးတော့ ငြင်းတာမျိုး မရှိသေးဘူးပေါ့။ အဲဒီတော့ အစ်ကိုတို့ ဒီ တက်ကြွလှုပ်ရှားသူတွေ၊ သယံဇာတကို ကာကွယ်ချင်တဲ့လူတွေက နောက်ဆုံး မြစ်ဆုံကိစ္စမှာ ဘယ်လိုသဘောထားရှိသလဲ။

ဖြေ ။ ။ ကျနော်တို့က မြစ်ဆုံကို လုံးဝဖျက်သိမ်းရေးအထိပဲ ဆက်သွားမှာ။ မြစ်ဆုံကတော့ ဘယ်လိုမှ ဧရာဝတီပုံရိပ်ကိုတော့ ပျောက်လို့မရဘူး။ ဧရာဝတီဟာ မြန်မာပြည်ရဲ့ပုံရိပ်ဖြစ်နေတယ်။ နောက်တစ်ခုက မြန်မာနိုင်ငံ မဖြစ်ပေါ်ခင်ကတည်းကိုက ဧရာဝတီမြစ်ကြီးက စီးဆင်းနေတာ။ ဘယ်လိုခေါ်မလဲ၊ ပြောလို့ရှိရင် ယဉ်ကျေးမှုအမွေအနှစ်လည်းဖြစ်တယ်။ ဒါကို လုံးဝလုပ်ခွင့်မပေးနိုင်ဘူး။ ပေးတယ်ဆို ဘယ်လိုနည်းနဲ့ပဲပေးပေး ကျနော်တို့က ဆက်လက်ဆန့်ကျင် တိုက်ပွဲဝင်သွားမယ်။

မေး ။ ။ ဒေါ်အောင်ဆန်းစုကြည်ပြောတဲ့စကားရှိတယ်။ အရင်အစိုးရက လုပ်ခဲ့တဲ့စီမံကိန်းကို အခုအစိုးရက ငါ့မူနဲ့မကိုက်လို့ ဖျက်မယ်ဆိုလို့ရှိရင် သိက္ခာမဲ့တဲ့ နိုင်ငံပေါ့၊ နောက်ပြီးတော့ အယုံအကြည်ရှိစရာမကောင်းတဲ့ အစိုးရဖြစ်သွားမယ်၊ ရင်းနှီးမြှုပ်နှံမှုတွေ မလာတော့ဘူးဆိုတဲ့သဘောမျိုး ချင်းပြည်နယ် ဟားခါး လူထုတွေ့ဆုံပွဲမှာ ပြောသွားတာရှိတယ်။ အဲဒီတော့ မြစ်ဆုံစီမံကိန်းကို ဖျက်ဖို့ တောင်းဆိုနေတယ်ဆိုတာက သိက္ခာမရှိတဲ့နိုင်ငံဖြစ်အောင် လုပ်တယ်လို့ ပြောတဲ့သဘောမျိုးလို့ ဒါ ယူဆလို့ရတာပေါ့နော်၊ အစ်ကိုသဘောတူလား။

ဖြေ ။ ။ ကျနော်ကတော့ သဘောမတူဘူး၊ ဘာကြောင့်လဲဆိုတော့ မလေးလည်း တရုတ်စီမံကိန်းကို ဖျက်ချလိုက်တာပဲ၊ အကြွေးကတော့ အမေရိကန်မှာလည်းရှိတာပဲ၊ အကြွေးတွေ တင်တော့တင်သွားမယ်။ ဂုဏ်သိက္ခာရှိစွာ ကျနော်တို့ ဘယ်လိုရင်ဆိုင်ကြမလဲ နော်၊ ဂုဏ်သိက္ခာရှိစွာရင်ဆိုင်ရင် ဂုဏ်သိက္ခာမကျဘူးပေါ့။ ဂုဏ်သိက္ခာမရှိတဲ့ပုံစံနဲ့ လူထုကိုပြောရင်တော့ ဂုဏ်သိက္ခာမရှိတဲ့ပုံစံဖြစ်သွားလိမ့်မယ်။ ကျနော်ပြောပြမယ် ကျနော်တို့ ဒီ အရင်းအမြစ်တွေထုတ်မှမဟုတ်ဘူး၊

စင်ကာပူမှာ မြေအရင်းအမြစ်မရှိဘူး၊ ဒါပေမယ့် တိုင်းပြည်ချမ်းသာတယ်၊ ကျနော်တို့ ဘေးနိုင်ငံပဲကြည့်၊ ထိုင်း၊ လာအို၊ ကမ္ဘောဒီးယား ကျနော်တို့ထက် ကျော်သွားပြီ။ ကျနော်တို့မှာ အရှေ့တောင်အာရှမှာ လွတ်လပ်ရေးရပြီးခါစမှာ ဒုတိယအချမ်းသာဆုံးနိုင်ငံဖြစ်နေတဲ့ဟာက အခု ဘာကြောင့် ဖြစ်သွားလဲ။ ကျနော်တို့ အဲ့ဒါကိုစဉ်းစားဖို့လိုတယ်၊ အဲ့ဒီအတွက် ကျနော်တို့ ပညာရှင်တွေကိုခေါ်ရမယ်၊ ပညာတတ်တွေမွေးရမယ်။ မွေးထုတ်ပြီးတော့ ကျနော်တို့ ပြန်ကြိုးစားရင် ကျနော်တို့မှာ ကုန်ကြမ်းတွေရှိတယ်၊ အချောဖြစ်သွားအောင် ဆက်ထုတ်မယ်ဆိုလို့ရှိရင် အဲ့ဒီအကြွေးက တစ်နေ့ ကျေသွားမှာပါ။ အဲဒီလိုမျိုး ဖြေရှင်းလည်း ရပါတယ်။

အကြွေးဆိုတာ နိုင်ငံတိုင်းမှာ ရှိနေတာပဲလေ။ အဲ့ဒီအကြွေးကို တဖြည်းဖြည်းချင်းတော့ ကျနော်တို့တိုင်းပြည် တိုးတက်လာတာနဲ့အမျှ တဖြည်းဖြည်း ဆပ်သွားရင် ကျေသွားမယ်လို့ ဂုဏ်သိက္ခာရှိစွာနဲ့ ဖျက်သိမ်းလိုက်တာ ကောင်းပါတယ်။

မေး ။ ။ မြစ်ဆုံစီမံကိန်းကိုဖျက်လိုက်လို့ သိက္ခာမဲ့စရာဖြစ်မသွားဘူး၊ အယုံအကြည်ကင်းမဲ့သွားစရာဖြစ်မသွားဘူးပေါ့။

ဖြေ ။ ။ ယုံကြည်မှုဆိုတာက ကျနော်ပြောပြမယ်၊ ဥပဒေတစ်ရပ် ခိုင်ခိုင်မာမာရှိသွားရင် ဥပဒေအထက်မှာ စစ်တပ်ရှိနေသမျှကတော့ ဘာမှလုပ်လို့မရဘူး။ ဥပဒေအောက်မှာ စစ်တပ်ဝင်ဖို့ အရေးကြီးနေတယ်။ အဲဒီအချိန်ကျရင် ဥပဒေတစ်ခုတည်သွားရင် ဥပမာ ဦးပိုင်၊ လက်ပံတောင်းမှာဆိုရင် Split Type မလုပ်ရဘူး၊ မလုပ်ပါဘူးလို့ သူတို့ ဝန်ခံထားတယ်၊ လက်မှတ်ထိုးထားပေမယ့် လုပ်တော့ စစ်တပ်ပိုင်ဖြစ်နေတဲ့အခါ အရေးမယူလို့မရတာတွေရှိနေတယ်။ အဲဒါဆိုရင် ဦးပိုင်ကျတော့ အရေးမယူနဲ့၊ ဒီ့ပြင်ကုမ္ပဏီတွေကျတော့ အရေးယူ။

အဲ့ဒီလိုမျိုး ဥပဒေတွေရှိနေမှတော့ ဥပဒေမခိုင်ရင် ဘယ်တိုင်းပြည်ကမှ လာပြီးတော့ ကျနော်တို့ဆီမှာ ရင်းနှီးမြှုပ်နှံမှာမဟုတ်ဘူး။ လုပ်ချင်တာလုပ်တဲ့ သူ့ရဲ့ ပနံသင့်နေတဲ့ တရုတ်၊ ဦးပိုင်စစ်တပ်နဲ့ ပနံသင့်နေတဲ့ တရုတ်ကသာ လုပ်ချင်တာလုပ်ဖို့အတွက် လာနေတာဖြစ်တယ်။ တကယ်စည်းကမ်းနဲ့ လာမယ့်နိုင်ငံတွေလည်း ရှိပါတယ်။ ကမ်းလှမ်းထားတာတွေလည်းရှိတယ်။ ဒါပေမယ့် ဥပဒေကို သူတို့တွေက ကျနော်တို့မြန်မာနိုင်ငံကို သရေကွင်းဥပဒေကို မကြိုက်လို့ လာရင်းနှီးမြှုပ်နှံမှာ မဟုတ်ဘူး။ ခုန ဒေါ်အောင်ဆန်းစုကြည် ပြောလိုက်တဲ့ ဂုဏ်သိက္ခာမဲ့သွားမယ်ဆိုတာက အဲ့ဒီ သရေကွင်းဥပဒေကို သူကိုယ်တိုင်မလုပ်နိုင်လို့ အဲဒီစကားထုတ်ပြောတာပဲ ဖြစ်ပါလိမ့်မယ်။

ဥပဒေသာ တင်းတင်းကျပ်ကျပ် ဦးပိုင်ကိုလည်း အရေးယူမယ်၊ ဒီ့ပြင်ကုမ္ပဏီတွေကိုလည်း အရေးယူမယ်၊ ဖောက်ဖျက်တာနဲ့ အရေးယူမယ့် ဥပဒေတစ်ရပ်သာရှိ ကျနော်တို့မြန်မာနိုင်ငံမှာ ကုန်ကြမ်းတွေအများကြီးရှိတယ်၊ ကုန်ချောတွေ ထွက်လာပါလိမ့်မယ်။ သိပ်မကြာခင်မှာ မြန်မာဟာ၊ နောက်ထပ် စစ်တပ်က ဥပဒေအောက် ရောက်သွားမယ်ဆိုလို့ရှိရင် ကျနော်ပြောရဲပါတယ်၊ ၁၀ နှစ်တောင် မကြာပါဘူး ဂျပန်တောင်မီနိုင်တယ်။

မေး ။ ။ ဝန်ကြီးဦးသောင်းထွန်းက ပြောထားတာရှိတယ်၊ မြစ်ဆုံစီမံကန်းကို ပြန်သေးပြီးတော့ ခွင့်ပြုမယ်၊ ဒါမှမဟုတ်လို့ရှိရင် တခြားစီမံကိန်းတစ်ခုနဲ့ အစားထိုးပြီးပေးမယ်ဆိုတဲ့ နည်းလမ်းသုံးသွယ်မျိုးကို ပြောနေတာရှိတယ်။ သူတို့ တရုတ်အစိုးရနဲ့ ညှိနှိုင်းမယ်ပေါ့လေ။ ဒါပေမယ့် NLD အစိုးရဘက်ကတော့ လုံးဝဖျက်သိမ်းမယ်ဆိုတဲ့ စကား မပြောဘဲနဲ့ အဲ့ဒီလို အခြားနည်းလမ်းတွေ သူတို့ ပြည်သူကို အသိပေးနေတာ ရှိတယ်။ အဲဒါကို လက်ခံနိုင်လား။

ဖြေ ။ ။ ကျနော်ကတော့ မြစ်ဆုံမှာလုပ်ရင် သေးတာကိုလည်း လက်မခံပါဘူး၊ အကြီးကြီးလည်း လက်မခံဘူး၊ အသေးလေးလည်း လက်မခံဘူး။ နောက် တခြားသော စီမံကိန်းနဲ့ အစားထိုးမယ်ဆို အဲဒီစီမံကိန်းကို ဘယ်သူတွေတာဝန်ယူမလဲ၊ တာဝန်ယူမှု၊ တာဝန်ခံမှုရှိရမယ်၊ နိုင်ငံတော်စီမံကိန်းဆိုပြီးတော့ ဦးပိုင်နဲ့လုပ်နေသမျှ ဒေသဖွံ့ဖြိုးရေး ဘယ်လောက်ရလဲ၊ အခု ဥပမာ မနေ့တစ်နေ့ကဖြစ်သွားတဲ့ လက်ပံတောင်းပေါ့၊ အခုထက်ထိလည်း တောက်လျှောက်ဖြစ်နေတဲ့၊ ဒေသမှာ ဆိုးကျိုးတွေခံစားနေရတဲ့ လက်ပံတောင်းမှာ ဒေါ်အောင်ဆန်းစုကြည်ဥက္ကဋ္ဌ လုပ်ခဲ့တဲ့ လက်ပံတောင်းစုံစမ်းစစ်ဆေးရေး အစီအရင်ခံစာအတိုင်း လုပ်ပါ့မယ် ဆိုပြီးတော့ မလုပ်တာတွေအများကြီးကို ထိုးပြနေတာတောင်မှ အရေးမယူူတာ၊

ဒီ့ထက်ကြီးတဲ့စီမံကိန်းတွေမှာ အဲဒီလိုမျိုး ပရမ်းပတာလုပ်မယ်ဆိုရင်တော့ ကျနော်တို့က ဆက်ပြီးတော့ ဆန့်ကျင်သွားမှာပဲ။ ဘာကြောင့်လဲဆိုတော့ ကျနော်တို့ အဓိကက စီမံကိန်းတွေ နိုင်ငံတော်စီမံကိန်းဆိုရင် ဒေသဖွံ့ဖြိုးရေး ဘယ်လောက်ရှိမလဲ၊ နိုင်ငံတော် ဘယ်လောက်ရမလဲ၊ ပွင့်လင်းမြင်သာစွာ ချပြရင်တော့ ဒီစီမံကိန်းကို လက်သင့်ခံရင်ခံ၊ မခံသင့်ရင်ဖျက်သိမ်း၊ ဒီလိုတွေသွားဖို့ရှိပါတယ်။ ဘာကြောင့်လဲဆိုတော့ အခုဟာက ကျနော်တို့တင်ထားတဲ့အစိုးရဖြစ်မယ်၊ နောက်တစ်ဆက်မှာလည်း ဒီအစိုးရဖြစ်မယ်လို့ ကျနော်တို့ကလည်း ခန့်မှန်းထားတယ်။

အဲဒီအပေါ်မှာ ပွင့်လင်းမြင်သာမှုဟာ ပိုပြီးတော့ရှိလာဖို့ လိုပါတယ်။ အဲဒီတော့ ဒီ့ပြင်စီမံကိန်းနဲ့ အစားထိုးတဲ့စီမံကိန်းကို ကျနော်ပြောတာ။ မြစ်ဆုံကတော့ လုံး၀ ကြီးကြီးသေးသေး လက်မခံဘူး။ ဒီ့ပြင်စီမံကိန်းနဲ့ အစားထိုးမယ်ဆိုရင် အဲဒီအစားထိုးတဲ့စီမံကိန်းကို ဘယ်သူကတာဝန်ယူမလဲ၊ တာဝန်ယူမှု တာဝန်ခံမှုလည်း လုပ်ရမယ်။ နောက်တစ်ခုကတော့ ကျနော်တို့ လျော်ကြေးအနေနဲ့လည်း၊ ကျနော်တို့ ခုနပြောသလို အကြွေးကတော့ရှိမှာပဲ၊ ကျနော်တို့တိုင်းပြည် တိုးတက်လာရင် ဖြည်းဖြည်းချင်းဆပ်သွားလို့ရပါတယ်။ အဲဒီအတွက် မြစ်ဆုံစီမံကိန်းကြီးကိုတော့ လုံး၀ သေးသေးကြီးကြီး လက်မခံပါဘူး။

မေး ။ ။ ခုနပြောသွားတဲ့အထဲမှာပါတယ်၊ ဒေါ်အောင်ဆန်းစုကြည်ရဲ့ လက်ပံတောင်း စုံစမ်းစစ်ဆေးရေးကော်မရှင်ရဲ့အတိုင်း မလုပ်ဘူးလို့ ပြောသွားတာရှိတယ်နော်။ ဆိုတော့ လက်ပံတောင်းမှာ အဲဒီ စုံကော် အစီရင်ခံစာအတိုင်း မလုပ်တာက ဘာတွေရှိလို့လဲ။

ဖြေ ။ ။ သူ့မှာ ဒေသနဲ့ညှိနှိုင်းပြီးမှ လုပ်ပါမယ်ဆိုတာတောင်မှ ဒေါ်ခင်ဝင်းကိုပစ်သတ်ပြီးတော့ လုပ်သွားတယ်။ လယ်တီသိမ်ကြီးကို မူလအတိုင်းပဲ ရွှေ့မယ်ဆိုတာ မရွှေ့ဘဲနဲ့ လုပ်သွားတယ်။ အခုထက်ထိလည်း လယ်ယာလျော်ကြေးပြဿနာတွေက အဆင်မပြေဘူး။ နောက်တစ်ခု Split Type မလုပ်ဘူး။ အက်ဆစ်တွေကို Split Type မလုပ်ဘူး၊ အစက်ချစနစ်ပဲလုပ်မယ်ဆိုပေမယ့် ပြီးခဲ့တဲ့ ၂၀၁၈ ၊ ၁၀ လပိုင်း ၃၁ ရက်နေ့က ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဦးသိန်းဌေးကိုယ်တိုင် လာပြီးတော့ စစ်တယ်၊ သူ့ရဲ့ကုမ္ပဏီမှာပဲ ဝမ်ပေါင်ကုမ္ပဏီမှာ ခန့်ထားတဲ့ ပတ်ဝန်းကျင်ပညာရှိကလည်း လာစစ်ဆေးတဲ့အချိန်မှာ ဒီ Split Type ကြောင့် ဖြစ်ပါတယ်လို့ ပြောတယ်။ ဆိုတော့ ဒါ စုံကော်အစီရင်ခံစာကို ဖောက်ဖျက်နေပြီ။ ဖောက်ဖျက်နေတယ်၊ ရွာမှာလည်း ဒုက္ခတွေရောက်၊ ကလေးတွေမှာ အသက်ရှူကျပ်တာတို့ဖြစ်တယ်။

မေး ။ ။ ဆိုတော့ ကျနော်တို့နားလည်တာ အဲဒီစီမံကိန်းလုပ်လိုက်လို့ ဘေးနားကရွာတွေက အလုပ်ရသွားပြီးတော့ သာယာစိုပြည်သွားတာ မဟုတ်ဘူးလား၊ ကျနော်တို့တော့ အဲဒီလိုပဲသိတာ။

ဖြေ ။ ။ ကျနော်တို့ အဲဒီဒေသမှာလုပ်တဲ့ တရုတ်စီမံကိန်းမှာ တံမြက်စည်းလှည်း၊ သန့်ရှင်းရေး အလွန်ဆုံးရမှ ကားမောင်းလောက်ပဲရပါတယ်။ ကားမောင်းလောက်ရတဲ့အခါ အခုက ပြဿနာရှာပြီး ဖြုတ်တာရှိသေးတယ်။ သူတို့ စည်းကမ်းတွေလိုက်ကြပ်၊ မခံနိုင်တဲ့အခါကျ ဖြုတ်တာတွေရှိသေးတယ်။ ဒေသမှာ အခုထက်ထိလာကြည့်ရင် ၃ ပုံပုံ ၁ ပုံလောက်ပဲရတာ။ ၂ ပုံလောက်က ခုထက်ထိမရဘူး။ နေအိမ်တွေမှာလည်း အဲ့ဒီလောက် ခိုင်ခိုင်ခံ့ခံ့ရှိတဲ့အိမ်တွေ မရှိဘူး။ အဲဒီတော့ စုံကော်အစီရင်ခံစာကို ဖောက်ဖျက်နေတဲ့ဟာမှာတောင်မှ ဦးပိုင်ဆိုတဲ့လူ အရေးယူလို့မရဘူး။ ဦးပိုင်ဆိုတဲ့ကုမ္ပဏီကြီးက ပုဂ္ဂိုလ်တွေကို ဘာလို့အရေးယူလို့ မရသေးတာလဲဆိုတာတော့ ခုန ကျနော်ပြောတဲ့ တရားဥပဒေစိုးမိုးမှု အားနည်းနေသေးလို့ပဲ ဖြစ်ပါတယ်။

မေး ။ ။ ခုနပြောသလိုပေါ့၊ သူတို့ရဲ့ပြောစကားပေါ့၊ စီမံကိန်းတွေပေါ်လာလို့ရှိရင် ဒေသခံတွေ အလုပ်အကိုင်ရမယ်၊ နောက်တစ်ခုကကျတော့ မြေယာလျော်ကြေးတွေကို ပေါက်ဈေးနဲ့အညီ ပေးပါ့မယ်ပေါ့။ နံပါတ်(၃)ကကျတော့ သက်ဆိုင်ရာဒေသတွေနဲ့ ညှိနှိုင်းပြီးတော့ ရွှေ့ပြောင်းတဲ့အခါမှာ အိမ်တွေကို အဆင့်အတန်းမီတဲ့အိမ်တွေဖြစ်အောင် လုပ်ပေးပါ့မယ်၊ နောက်ပြီးတော့ မြေယာလျော်ကြေးတွေ၊ သီးနှံလျော်ကြေးတွေကို ပုံမှန်ပေးပါမယ်ဆိုတဲ့ ဒီအချက်အလက်တွေ၊ ကတိကဝတ်တွေ ဒါတွေကို တစ်ခုမှမဖြည့်ဆည်းတဲ့သဘောလား။

ဖြေ ။ ။ တစ်ခုမှ မဖြည့်ဆည်းပါဘူး။ အဲဒီအတွက် လာပြီးတော့ ကွင်းဆင်းလေ့လာဖို့ကို ကျနော်တို့ ဝန်ကြီးချုပ်ကိုလည်း စာတင်ပါတယ်၊ နိုင်ငံတော်အတိုင်ပင်ခံလည်း စာတင်တယ်။ သမ္မတဦးထင်ကျော်ခေတ်တုန်းကလည်း တင်တယ်၊ သမ္မတဦးဝင်းမြင့်ပြောင်းသွားတော့လည်း သူ့လက်ထဲထိ မုံရွာလာတော့ စာထည့်လိုက်တယ်။ လာကြည့်ပါဆိုတာကို ဒေါက်တာမြင့်နိုင်ကိုယ်တိုင် လာမကြည့်ပါဘူး။

ဝန်ကြီးတွေဖြစ်တဲ့ စည်ပင်ဝန်ကြီး ဦးမြင့်ကြည်ကိုပဲ လွှဲထားတယ်ပြောပေမယ့် စည်ပင်ဝန်ကြီးကလည်း တကယ့်တကယ်တော့ ဒေသအထိဆင်းကြည့်တာ တစ်ခါမှမရှိပါဘူး။ အဲဒါတွေကို ကျနော်ပြောတာကိုမယုံဘဲ လက်ပံတောင်းမှ လာလေ့လာလို့ရပါတယ်လို့ ကျနော်ပြောချင်တယ်။ အဲဒီတော့ လာလေ့လာကွင်းဆင်းလေ့လာပါ။ အရင်တုန်းကတော့ ဒေါက်တာမြင့်နိုင်က သူနဲ့တစ်သားတည်းပါ၊ မင်းတို့ဘက်ကရှိပါမယ်ဆိုပြီးပြောပေမယ့် ကုမ္ပဏီကိုသာ ၁၀ ခေါက်လောက်မက သွားနေပေမယ့် ဒေသရွာတွေကို တစ်ခေါက်မှမဆင်းတာ ဒါ NLD အစိုးရရဲ့ အားနည်းချက်လို့ ကျနော်ထင်ပါတယ်။

မေး ။ ။ NLD အစိုးရတက်လာတာ ၃ နှစ်တောင်ရှိသွားပြီ၊ လက်ပံတောင်းဒေသခံတွေ ဘာတွေပြောင်းလဲသွားလဲ။

ဖြေ ။ ။ ဘာမှမပြောင်းလဲပါဘူး၊ ခုဆိုရင် လက်လုပ်လက်စားတွေ သူများလယ်ထဲမှာ သွားပြီးတော့ အငှားလိုက်စားရတယ်။ လယ်ပိုင်ရှင် ယာပိုင်ရှင်တွေကနေပြီးတော့ အလုပ်လက်မဲ့တွေဖြစ်ကုန်တယ်။ ပေါက်ဈေးက သူတို့ ခုဝယ်နေတာ သိန်း ၁၉၀၊ လျှော်ကြေးပေးထားတာက ၁၈ သိန်း၊ သိန်း ၁၉၀ကို ၁၈ သိန်းပဲပေးတာက ၁၁ ဆ လောက် နည်းနေပါတယ်။ လယ်မြေတွေရဲ့တန်ကြေးပေါ့နော်။ ကုမ္ပဏီက အခု စီမံကိန်းမပါဘဲနဲ့ ဝယ်နေတဲ့ ဘေးနားကလယ်တွေကျတော့ သိန်း ၁၉၀ နဲ့ဝယ်တယ်။ ဒီဘက် တကယ် သူတို့အလုပ်လုပ်ဟာကျတော့ ၁၈ သိန်းပဲ ပေးတယ်ဆိုတော့ စဉ်းစားကြည့်ပေါ့။ သူတို့တွေ စီမံကိန်းကို ခုနပြောသလို ပေါက်ဈေးနဲ့မပေးဘဲနဲ့ လျှိုထားတာလို့ထင်ပါတယ်။

မေး ။ ။ ဒေသခံတွေ က ဟိုအရင်တစ်ခေါက်က မုံရွာမှာတက်ပြီးတော့ ဆန္ဒပြတာ တွေ့လိုက်သေးတယ်။ ဆိုတော့ ဒီလောက် အဆင်မပြေနေတဲ့ဟာကို သူတို့ ဘယ်လိုမျိုးနေထိုင်နေကြလဲ။

ဖြေ ။ ။ ကျနော်တို့ အခုနပြောသလိုပေါ့၊ လက်လုပ်လက်စားလေးတွေ သွားတယ်၊ ကျောက်သွေးလောင်း၊ ဒီဘက်မှာတော့ ကျနော်တို့က ပန်းရံလို့ ခေါ်တာပေါ့။ သူတို့ဘက်မှာတော့ ကျောက်သွေးလောင်းလို့ ခေါ်တယ်။ လမ်းခင်းတဲ့နေရာတွေမှာ သွားပြီးအလုပ်လုပ်ရတယ်။ တစ်နေ့ကို ၄၀၀၀၊ ၅၀၀၀၊ တစ်ခါတလေကျတော့ ၂၅၀၀ လောက်နဲ့လည်း အလုပ်လုပ်ရတာတွေရှိပါတယ်။ အဲ့ဒီလိုမျိုး လက်လုပ်လက်စားလေးတွေ သွားလုပ်နေရတဲ့ဘဝနဲ့ ရင်ဆိုင်နေရတယ်။ အဲဒါနဲ့ပဲ ရပ်တည်နေရတာပေါ့။

မေး ။ ။ အခု ဝါးစိမ်းတောင် စီမံကိန်းကို တရုတ်က စိတ်ဝင်စားတယ်လို့ သိရတယ်။ လက်ပံတောင်းလိုပဲ လုပ်မယ်ဆိုပြီး ဧကသိန်းနဲ့ချီပြီး လေ့လာနေတယ်လို့ ကြားလိုက်တယ်လေ။ ဒီလက်ပံတောင်းမှာတောင်မှ ဒီလောက်အထိ အခြေအနေတွေ ဆိုးနေတယ်ဆိုတော့ ဒီ ဝါးစိမ်းတောင်ဆိုတဲ့ဟာမျိုးကို ထပ်လုပ်ရင်ရော ဘယ်လိုဆက်ဖြစ်မလဲ၊ အဲဒီနားက ဒေသခံတွေရဲ့ဘဝက ဒီအတိုင်းပဲ စုတ်ပြတ်သတ်သွားမလား။

ဖြေ ။ ။ ဒီကုမ္ပဏီလုပ်ရင်တော့ ဒီကုမ္ပဏီကြောင့်ဖြစ်တဲ့ အကျိုးဆက်ပဲဖြစ်မှာ။ ဥပမာ ယန်စီလုပ်တယ်၊ ယန်စီနဲ့ ညီအစ်ကိုဖြစ်တဲ့ ဝမ်ပေါင်လုပ်တယ်။ စံပယ်တောင်၊ ကြေးစင်တောင်မှာ ဧက ၅၀၀၀ ကျော်၊ လက်ပံတောင်းမှာ ဧက ၇၀၀၀ ကျော်၊ အားလုံးပေါင်းမှ ဧက ၁၃၀၀၀ လောက်ပဲရှိတယ်။ ဝါးစိမ်းတောင်ကိုအခြေပြုလို့ လုပ်မယ့်ဟာက ဧက တစ်သိန်းတစ်သောင်းကျော်ဖြစ်နေတယ်။ တစ်သိန်းတစ်သောင်းကျော်ဆို စဉ်းစားကြည့်ပေါ့။ ပြီးရင် အဲဒီဝါးစိမ်းတောင်မှ မဟုတ်ဘူး၊ ကျောက်ပြုတ်တောင်တွေ ရှိတယ်၊ ကျောက်မှောက်တောင်လေးတွေရှိတယ်၊ ကျောက်စုတောင်တွေရှိတယ်၊ နဂါးပတ်တောင်လေးတွေရှိတယ်။

နောက်ဆုံး အလောင်းတော်ကဿပ တောင်တန်းကြီးဖြစ်တဲ့ မဟူတောင်တန်းကြီးတောင် ပါနေတယ်။ အဲဒီတော့ တောင်တွေကိုလည်းဖြိုမယ်၊ ဒီလိုမျိုး စမ်းသပ်ကာလပဲ၊ သူတို့ကပြောတော့ စမ်းသပ်ကာလပဲ။ လက်ပံတောင်းမှာလည်း စမ်းသပ်ကာလပဲ လုပ်လိုက်တာ အခုထိ စိုက်ပျိုးလို့မရတဲ့မြေတွေ ဧကသောင်းကျော်ရှိနေပြီ။ အက်ဆစ်တွေနံနေပြီ။ ဧက တစ်သိန်းတစ်သောင်းကျော်လုပ်ရင် ဒီအတွက် ပျက်စီးမယ့်ဧက ဘယ်လောက်များသွားပြီလဲ။ ဥပမာ လက်ပံတောင်းတောင်က ဧက ၁၅၀၀၊ အဲဒီ ၁၅၀၀ ကိုလုပ်လိုက်တာ ဧက ၇၀၀၀ ကျော်သိမ်းရတယ်။ စပယ်တောင်၊ ကြေးစင်တောင်က ဧက ၁၀၀ ကျော်ပဲရှိတယ်။ အဲဒီတောင်တွေကိုလုပ်တာ ဧက ၅၀၀၀ ကျော် ပျက်စီးသွားတယ်။ အခု ဒီတောင်တွေ၊ ခုနပြောတဲ့ ဝါးစိမ်းတောင်က လက်ပံတောင်းတောင်ထက် သေးတယ်။ ဒါပေမယ့် သူ့ထက်ကြီးနေတဲ့ ဧက တစ်သောင်းကျော် မဟူတောင်တန်းတို့၊ ကျောက်ပြုတ်တောင်တို့၊ နောက် ဖိုလ်ဝင်တောင်တို့ အဲဒီလိုမျိုး သမိုင်းတောင်တွေကိုသာ သူတို့ကတော့ စမ်းသပ်ကာလလို့ ပြောတာပေါ့၊ ဒါပေမယ့် စမ်းသပ်ရင် ထွက်မှာမဟုတ်တော့ဘူး။ ထွက်မှာမဟုတ်တဲ့အခါကျတော့ ဒီဥစ္စာ စမ်းသပ်ပြီးတော့ လုပ်သွားမယ်ဆိုလို့ရှိရင် ဧက တစ်သိန်းတစ်သောင်းကျော်ဆို စဉ်းစားကြည့်ပေါ့။ အဲဒီအချိန်ကျ မတွေးရဲစရာဖြစ်မယ်။ ကချင်ပြည်နယ်မှာတောင် ကြားတာပဲရှိသေးတယ်၊ သွားမလေ့လာပါဘူး။ ဧက သန်းကျော်တဲ့စီမံကိန်းတောင် စထားသေးတယ်လို့ ကျနော်တို့ကြားနေရတယ်။ ဒါ ကျနော်တို့ သွားမလေ့လာလို့ မသိပါဘူး။ ဒီဘက်မှာတော့ သေချာပါတယ်၊ ယန်စီကပဲလုပ်မယ်ဆိုလို့ရှိရင်တော့ အားလုံးပျက်စီးမှာပဲ၊ အက်ဆစ်မြေတွေနဲ့ ဖုန်းဆိုးမြေကြီးဖြစ်နေမှာပဲ။ လူနေလို့ ထိုင်လို့မရအောင် ရွာတွေ၊ သမိုင်းဝင်ရွာတွေ အကုန်ပျောက်ကုန်မှာပါ။

မေး ။ ။ အဲဒီတော့ တရုတ်ရဲ့ ရင်းနှီးမြှုပ်နှံမှုတွေ ပြန်ကြည့်လိုက်လို့ရှိရင် ကျနော်တို့နိုင်ငံကို အကျိုးပြုတာ တော်တော်နည်းတယ်လို့ ပြောရမယ့်အခြေအနေပေါ့နော်။

ဖြေ ။ ။ ကျနော်တို့ လေ့လာသလောက်ကတော့ ကျနော်တို့နိုင်ငံမှမဟုတ်ပါဘူး။ တရုတ်နဲ့ စီးပွားရေးလုပ်တဲ့နိုင်ငံမှန်သမျှ တရုတ်က သူ့အကျိုးစီးပွားပဲလုပ်သွားတာ။ အဲဒီနိုင်ငံမှာတော့ ဖြစ်ပျက် ပျက်စီးသွားတဲ့၊ ဥပမာ-အီသီယိုးပီးယားဆိုရင် တရုတ်ကို ကန်လိုက်တော့မှ ခုနောက်ပိုင်း ပြန်တိုးတက်လာတာ။ သီရိလင်္ကာဆိုလည်း လျော်လိုက်ရတာ။ ဆိပ်ကမ်းကြီးတစ်ခုလုံး လျော်လိုက်ရတာဖြစ်တဲ့အတွက် သူတို့ဆီမှာ တိုးတက်သွားတာ မရှိဘူး။ မြန်မာနိုင်ငံမှာရော တရုတ်နဲ့ နှစ်ပေါင်း ၆၀ ကျော်လောက် သူနဲ့ရင်းနှီးလာတာ ဘာများတိုးတက်လာလဲ။ မြန်မာနိုင်ငံ အဆင်းရဲဆုံးနိုင်ငံအဖြစ်တောင်မှ လွတ်လပ်ရေး ရပြီးခါစမှာ ဂျပန်ပြီးရင် မြန်မာက အချမ်းသာဆုံးနိုင်ငံက အခု အဆင်းရဲဆုံး ကမ္ဘာ့အဆင်းရဲဆုံးနိုင်ငံ ဖြစ်နေတယ်။ အဲဒီတော့ တရုတ်နဲ့လုပ်တဲ့နိုင်ငံတွေမှန်သမျှ တရုတ်ကောင်းစားရေးပဲလုပ်တယ်။ ကျနော်တို့ကတော့ လုံး၀ တရုတ်နဲ့စီးပွားရေးကို ဖြတ်လိုက်ချင်တာပါ။ ဖြတ်လိုက်အောင်လည်း အစိုးရကို တိုက်တွန်းချင်တာ။ ရဲရဲဝံ့ဝံ့တိုက်တွန်းချင်တယ်။

မေး ။ ။ အစိုးရက ဦးအောင်မင်းလက်ထက်က ပြောခဲ့တဲ့စကားရှိတယ်။ တရုတ်ကို ကြောက်နေရတယ်ဆိုတဲ့စကားပေါ့နော်။ ခု ဒေါ်အောင်ဆန်းစုကြည်လက်ထက်မှာရော တရုတ်ကိုကြောက်နေရတုန်းပဲလား။

ဖြေ ။ ။ စစ်ရေးအရ၊ ဦးအောင်မင်းဆိုတာကလည်း ဗိုလ်ချုပ်ကလာတာကိုး၊ စစ်ရေးအရကြည့်မယ်ဆိုလို့ရှိရင် ကျနော်တို့နိုင်ငံကြီးတွေ နှစ်နိုင်ငံပြိုင်ဆိုင်ပေါ့၊ တရုတ်က ကွန်မြူနစ်၊ အမေရိကန်က ဒီမိုကရေစီ၊ ဒီကြားထဲမှာမှ အမေရိကန်ထောက်ပံ့တဲ့ ထိုင်းတို့၊ အင်ဒိုတို့၊ ဖိလစ်ပင်းတို့၊ အရင်တုန်းက ဖိလစ်ပင်းက အမေရိကန်တပ်ကို ထွက်သွားအောင် တောင်းဆိုပေမယ့် ဖိလစ်ပင်းရဲ့ကျွန်းကလေးကို တရုတ်က သွားပြီးတော့ သူ့ကျွန်းပါလုပ်တယ်။ ဂျပန်ဆို အဲဒီ ပင်လယ်အော်ပေါ့၊ ပင်လယ်အောက်ထွက်ပေါက်တွေကို စစ်ရေးအရ သူကြောက်ရတာဖြစ်မှာပေါ့။ ဘာကြောင့်လဲဆို အမေရိကန်ထောက်ပံ့ထားတဲ့ နေရာတွေက တကယ့်တကယ် စစ်များဖြစ်လာလို့ရှိရင် မြန်မာနိုင်ငံက အင်အားကြီးနှစ်နိုင်ငံကြားမှာ မြေစာပင်ဖြစ်မှာကို။

အဓိက တရုတ်ကလည်း စစ်လက်နက်တွေ တိုးတက်လာတယ်ပေါ့နော်၊ ပင်လယ် ထွက်ပေါက်ဆို ဘင်္ဂလားပင်လယ်အော် ထွက်ပေါက်ပဲရှိတော့တယ်။ ဘာကြောင့်ဆို ဒီဘက်မှာ အမေရိကန်ထောက်ပံ့ထားတဲ့နိုင်ငံတွေ ဖြစ်နေတယ်။ မြန်မာနိုင်ငံတစ်နိုင်ငံတည်းကိုသာ ခြေကုပ်ပြီး သူ ဘင်္ဂလားပင်လယ်အော်ကနေပြီးတော့ ထွက်ပေါက်ရှာတဲ့ပုံစံလေးဖြစ်နေတဲ့အခါကျတော့ တရုတ်ကိုကြောက်ရတယ်ဆိုတာ အဲ့ဒါကြောင့်ဖြစ်ပါလိမ့်မယ်။

မေး ။ ။ ဒေါ်အောင်ဆန်းစုကြည်ရော ခုချိန်ထိကြောက်နေရတုန်းပဲလား၊ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်ရော တရုတ်ကို ကြောက်နေရတဲ့သဘောရှိလား။

ဖြေ ။ ။ အဲ့ဒါတော့ ကျနော်မပြောတတ်ဘူး၊ ဒါပေမယ့် ဒေါ်အောင်ဆန်းစုကြည်က ဒီ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးနဲ့ စစ်တပ်ကို ရင်ကြားစေ့ရေးမှာ သူမပြောသာတွေ ရှိရင်ရှိမှာပေါ့။ အဲဒါတော့ ကျနော်တော့ မခန့်မှန်းတတ်ဘူးပေါ့။

မေး ။ ။ အဲဒီတော့ ဖွဲ့စည်းပုံတို့၊ ငြိမ်းချမ်းရေးတို့ကို ကျနော်တို့ မြစ်ဆုံနဲ့လဲမယ်ဆိုရင် ကျနော်တို့က အလဲခံမလား။

ဖြေ ။ ။ ကျနော်တော့ အလဲမခံပါဘူး။ ဖွဲ့စည်းပုံက ပြင်ကိုပြင်ရမှာ၊ နောက်ဆုံး ဖျက်သိမ်းကိုဖျက်သိမ်းရမှာ။ ဒါ စစ်အစိုးရတစ်ရပ် ထောင်ထားတဲ့၊ သူတို့အတွက်၊ သူတို့အကျိုးစီးပွားအတွက် ဆွဲထားတဲ့ဥပဒေ၊ ဖျက်ကိုဖျက်သိမ်းရမှာ၊ နဂိုကတည်းကို မရှိသင့်တဲ့အရာကြီးက မရှိသင့်ဘူး။ အဲဒီတော့ ဒါကြီးကိုပြင်ပြီးတော့ ဒါအစားထိုးတာ ဆိုတာ နဂိုကတည်းက မရှိတဲ့ဟာကြီးကို ကျနော်တို့ မြစ်ဆုံနဲ့လာအစားမထိုးနဲ့လေ။ မြစ်ဆုံဆိုတာ ကျနော်ပြောသလို မြန်မာနိုင်ငံမရှိခင်ကတည်းက ဖြစ်နေတာ။

မေး ။ ။ ခုနပြောသလို တရုတ်က တိုင်းရင်းသားလက်နက်ကိုင်တွေကို လက်ကိုင်တုတ်လို့ သုံးနေတဲ့လူတွေရှိတယ်ပေါ့လေ၊ အဲဒီတော့ ဒီတိုင်းရင်းလက်နက်ကိုင်တွေနဲ့ ငြိမ်းချမ်းရေးရဖို့နေရာမှာ ခုက တရုတ်က တစ်စုံတစ်ရာ ပါဝင်ပတ်သက်နေတာပေါ့လေ။ ပတ်သက်နေတယ်၊ ငြိမ်းချမ်းရေးပွဲတွေမှာ သူကိုယ်တိုင် ဝင်ပြီးတော့ ရင်ကြားစေ့ဖို့အတွက် လိုက်တွေ့ပြီးတော့ ကျနော်တို့အပေါ်ကို သက်ရောက်မှုရှိတာရှိတယ်။ အဲဒီတော့ မြစ်ဆုံနဲ့ငြိမ်းချမ်းရေးပေါ့လေ၊ ဒါကို အပေးအယူလုပ်တဲ့အနေနဲ့များ ဒီအစိုးရက လုပ်ခဲ့မယ်ဆိုလို့ရှိရင် …။

ဖြေ ။ ။ ကျနော်တို့ လုံးဝလက်မခံဘူး၊ မြစ်ဆုံလုပ်မယ်ဆိုလို့ရှိရင် ဆက်လက်တိုက်ပွဲဝင်သွားမှာပါပဲ။ အခြေခံဥပဒေက အခြေခံဥပဒေသပ်သပ်ပဲ။ မြစ်ဆုံက ကျနော်ပြောတယ် မြန်မာနိုင်ငံပုံရိပ်။ အခြေခံဥပဒေမရှိရင် နေလို့ရတယ်ဗျာ၊ ကိုလိုနီခေတ်မှာလည်း ကျနော်တို့ နေခဲ့တယ်၊ ဖက်ဆစ်စနစ်မှာလည်း နေခဲ့တယ်။ ဒါပေမယ့် မြစ်ကြီးကိုဆောက်ပြီးတော့ မြစ်သတ်လိုက်လို့ရှိရင် လူမျိုးပါပျောက်သွားမယ်။ လူမျိုးတော့ အပျောက်မခံဘူးဗျ၊ အခြေခံဥပဒေ ပျောက်ရင်ပျောက်သွားပါစေ ရတယ် ပြဿနာမရှိဘူး။ ငြိမ်းချမ်းရေးမရှိခင်ကလည်း ကျနော်တို့ နေလို့ရနေတာပဲ မဟုတ်ဘူးလား။ ငြိမ်းချမ်းရေးက အဓိကကျပေမယ့် စစ်ပွဲတွေရပ်ဖို့က အဓိကကျပေမယ့် ဒီလိုမျိုးပုံစံမှာနေရတာ။ ဒါပေမယ့် ဧရာဝတီမြစ်ကြီးမရှိရင်တော့ လူတွေသန်းချီပြီး အငတ်ဘေးကြုံသွားမှာကိုတော့ ကျနော်တို့ မလိုလားပါဘူး။ ဘာကြောင့်လဲဆိုတော့ စစ်ပွဲထက်ဆိုးတယ်၊ စစ်ပွဲတွေထက် ဧရာဝတီမြစ်ကိုသတ်လိုက်လို့ရှိရင် စစ်ပွဲတွေထက်ဆိုးတဲ့ အငင်္တဘေးတွေ ကျနော်တို့ ကြုံရပါလိမ့်မယ်။

မေး ။ ။ တရုတ်က မလိမ့်တပတ်လုပ်တယ်၊ သံအမတ်က ကချင်ပြည်နယ်ကိုသွားတယ်၊ ပြင်ပအဖွဲ့အစည်းတွေကပဲ ဆန့်ကျင်တာပေါ့နော်။ ကချင်ဒေသခံတွေက မြစ်ဆုံကိုမဆန့်ကျင်ဘူးဆိုပြီးတော့ သူက မလိမ့်တပတ်နဲ့ ကြေညာချက်ထုတ်ခဲ့တယ်ဆိုပြီးတော့ အားလုံးလည်းသိတဲ့အတိုင်းပေါ့။ အဲဒီတော့ သူက မရမက ဒါကိုကြိုးစားနေတယ်။ အဲဒီလို မြစ်ဆုံကို မရမကကြိုးစားနေတဲ့ တရုတ်နိုင်ငံ၊ တရုတ်အစိုးရနဲ့ CPI ကုမ္ပဏီကို ပေးချင်တဲ့ မက်ဆေ့ချ်က ဘာများလဲ။

ဖြေ ။ ။ ကျနော်တို့ မြန်မာလူမျိုးတွေက ဗုဒ္ဓဘာသာကိုးကွယ်ကြတယ်။ တရားသဘောနဲ့ပြောရမယ်ဆိုလို့ရှိရင် ကိုယ်ချင်းစာပေးပါ၊ တရုတ်နိုင်ငံကလည်း ကျနော်တို့ကို ကိုယ်ချင်းစာတရားလေး ထားပေးပါ မြန်မာပြည်သူတွေအပေါ်။ သူတို့တွေ မြန်မာပြည်က ကုပ်သွေးစုပ်ပြီးတော့ တောတွေ၊ တောင်တွေ၊ ကျောက်တွေ ယူသွားတာလည်း များနေပါပြီ၊ အဲဒါလေးနဲ့ပဲ ကျေနပ်ပြီးတော့ ကိုယ်ချင်းစာတရားလေးနဲ့ မြစ်ဆုံလေးကိုတော့ လျှော့ပေးလိုက်ပါ၊ နောက်လာမယ့် စီမံကိန်းတွေမှာလည်း ပွင့်လင်းမြင်သာစွာ တကယ့်ကို စေတနာပါပါ၊ တကယ်ကို စေတနာထားပြီးတော့ ငါတို့လူမျိုးငတ်မှာမဟုတ်ဘူး သူတို့လည်းငတ်မှာပါလား အဲဒီလိုမျိုးတွေကြည့်ပြီး ကိုယ်ချင်းစာတရားလေးနဲ့ လုပ်ပေးပါလို့ ကျနော် မေတ္တာရပ်ခံချင်ပါတယ်။

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

khitthitnews.com

Related Posts

khitthitnews.com