All News interview

“တစ်ချိန်လုံး ဒေါ်အောင်ဆန်းစုကြည်ကို လက်ညှိုးထိုးလို့မရဘူး။ ဒီ နိုင်ငံရေး Culture ကြီးက ဒီလိုဖြစ်နေတာ။ ဒီလို နိုင်ငံရေး Culture ဖြစ်တဲ့အတွက်ကြောင့် တပ်နဲ့ညှိဖို့လည်း မယုံရဲဘူး”

By သာလွန်ဇောင်းထက် (ရန်ကုန်ခေတ်သစ်)

ချင်းပြည်နယ်အစိုးရ စည်ပင် ၊ လျှပ်စစ်နှင့် စက်မှုလက်မှုဝန်ကြီးဟောင်း ဆလိုင်းအိုက်ဇက်ခင်နှင့်တွေ့ဆုံခြင်း အပိုင်း ၂

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည် ပြည်နယ်/တိုင်းဒေသကြီးများသို့ သွားရောက်ပြီး လူထုနှင့်တွေ့ဆုံပွဲများပြုလုပ်လျက်ရှိရာ တိုင်းဒေသကြီး/ပြည်နယ်အစိုးရများအပေါ် ပြည်သူလူထု၏ မကျေနပ်မှုများကို ပြည်သူများက ထုတ်ဖော်လျက်ရှိသည်။ ဒေါ်အောင်ဆန်းစုကြည်ကလည်း ပြည်နယ် နှင့်တိုင်းဒေသကြီးအစိုးရ ယခုထက်ပိုမို အလုပ်လုပ်ရန် လိုအပ်ကြောင်း ထောက်ပြလျက်ရှိသည်။ ချင်းပြည်နယ်အစိုးရဝန်ကြီးဟောင်း တစ်ဦးဖြစ်ခဲ့သည့် ဆလိုင်းအိုက်ဇက်ခင်ကို ရန်ကုန်ခေတ်သစ်က တွေ့ဆုံမေးမြန်းထားပါသည်။

မေး ။ ။ ဆိုလိုတာက ကျနော်တို့ အခု ပြည်နယ်နဲ့တိုင်းဒေသကြီး လွှတ်တော်တွေရဲ့ အရေးပါမှုပေါ့နော်၊ အဲဒီဟာ ပျောက်နေတယ်လို့ ဆိုလိုချင်တာပါ။ ဥပမာ ရခိုင်မှာဆိုလို့ရှိရင် NLD က စတက်တဲ့အချိန်မှာ ANP က အများစုနိုင်တယ်။ NLD ကို သူတို့ပြောတယ်၊ သူတို့လူကို ဝန်ကြီးချုပ်ခန့်ပါ ဆိုတော့ NLD အနေနဲ့ နားမထောင်ခဲ့ဘူး၊ ဦးညီပုကိုပဲ ဝန်ကြီးချုပ်ခန့်ခဲ့တယ်။ အဲဒီတော့ ပြည်နယ်နဲ့ တိုင်းဒေသကြီးအစိုးရနဲ့ ပြည်နယ်လွှတ်တော်တွေရဲ့ Check & Balance လုပ်နိုင်မှု အနေအထားကလည်း အားနည်းတာတွေ့ရပြီးတော့ ပြည်နယ်နဲ့တိုင်းအစိုးရတွေကလည်း အပေါ်က ပါတီကနေ ချမှတ်လိုက်တဲ့ဟာကိုပဲ နာခံနေရတာပေါ့နော်။ ဆိုတော့ သူ့ရဲ့ ကောင်းမွန်တဲ့အုပ်ချုပ်ရေးဆိုတဲ့ဟာမျိုးထက် ပါတီကြီးတစ်ခုကနေပဲ မဲများများနိုင်လို့ရှိရင်ဆိုတော့ ယန္တရားမပီပြင်တဲ့သဘောမျိုး မြင်ရတာပေါ့။

ဖြေ ။ ။ တကယ်တော့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ၊ လက်ရှိရွေးကောက်ပွဲဥပဒေ ဒါတွေက အဲဒီအနေအထားကို ဦးတည်စေတယ်ပေါ့လေ။ တကယ့်တကယ်ပြောမယ်ဆိုလို့ရှိရင် ကျနော်တို့က Reality ဒီနှစ်ခုကြားမှာရှိနေတာ။ ကျနော်တို့လည်း ထိုင်းရောက်သွားတဲ့အခါမှာ အရမ်းကျနော်တို့လုပ်ချင်တယ်။ ဟာ အရမ်းလုပ်လို့ရမှာပဲ။ ဟာ စိတ်ကူးစိတ်သန်းရှိသမျှလည်း ကျနော်တို့ ထမ်းပြီးတော့ ကျနော်တို့လုပ်ကြတယ်။ ဒါပေမယ့် အဲဒီ ကျနော်တို့ စိတ်ကူးစိတ်သန်း တိုင်းပြည်အတွက်လုပ်ပေးချင်တဲ့ကိစ္စ၊ ဒါတွေက လက်ရှိ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ ဝန်ကြီးဌာနတွေကျင့်သုံးနေတဲ့ ဥပဒေအရ ခွင့်မပြုဘူးဗျ။ ခွင့်မပြုတော့ ကျနော်တို့ ဘာဖြစ်နေလဲဆို ခင်ဗျား ဘယ်လောက်ပဲ စေတနာရှိရှိ၊ ခင်ဗျား ဘယ်လောက်ပဲ အင်နိုဗေးတစ်ရှိနေနေ အင်နိုဗေးတစ်ရှိလေလေ ခင်ဗျားက ဥပဒေချိုးဖောက်ဖို့က နီးလေလေဖြစ်လာတယ်။ အဲဒီတော့ ခု ရခိုင်ပြည်နယ် မှာဖြစ်တဲ့ကိစ္စမျိုးပေါ့နော် အစိုးရနဲ့ လွှတ်တော်ကြား ဆိုတဲ့ကိစ္စက တကယ့်တကယ်တော့ ကျနော်တို့က ဒါ ကျနော်အနေနဲ့မြင်တာပေါ့နော်၊ လက်ရှိ ဖွဲ့စည်းပုံအခြေခံဥပဒေရဲ့ အကန့်အသတ်၊ လက်ရှိနိုင်ငံရေးအခင်းအကျင်းရဲ့ အကန့်အသတ်ကို လက်ခံဖို့လိုတာပဲ။ လက်ခံပြီးတော့ အဲဒီအထဲကနေ ဘယ်လိုလုပ်ပြီးတော့ တက်ညီလက်ညီနဲ့ ပြင်ကြမလဲဆိုတဲ့ကိစ္စ၊ ငါဘာလဲ သူဘာလဲဆိုတာ နောက်မှာထား။ ဘာဖြစ်လဲလို့ ကျနော်တို့ အချင်းချင်းကို ဒီလှောင်ချိုင့် ပေးထားပြီးသား။ ဒီလှောင်ချိုင့်ထဲမှာ ရောက်တာချင်းအတူတူ ထပ်ပြီးတော့ ဖိုက်နေစရာမလိုဘူး။ ဖိုက်ရမှာက ဒီလှောင်ချိုင့်လွတ်သွားအောင် ဖိုက်ရမှာ နော်။

မေး ။ ။ ရခိုင်မှာ NLD အနေနဲ့ သူ့ လုပ်ပိုင်ခွင့်အတွင်းက မဲအများဆုံးနိုင်တဲ့ ANP က လူတစ်ယောက်ကို ဝန်ကြီးချုပ်ခန့်လိုက်လို့ရှိရင် ဖယ်ဒရယ်စနစ်ကို ငါတို့ စိတ်ဆန္ဒရှိ တယ်ဆိုရင် မင်းတို့ဆန္ဒကို ငါတို့လေးစားတယ်ဆိုတဲ့ စိတ်ဆန္ဒပေါ့နော်။ အခုတော့ မဟုတ်ဘဲနဲ့ သူက ANP က အများစုနိုင်ပေမယ့်လည်း ကိုယ့်လူကိုယ် ခန့်လိုက်တယ်ပေါ့။ ရှမ်းပြည်နယ် မှာဆိုလည်း ဒီလိုပဲ၊ တခြားပြည်နယ်တွေမှာလည်း ဒီလိုပဲပေါ့နော်။

ဖြေ ။ ။ အဲဒါလေ၊ ဒါကတော့ ကျနော်သုံးသပ်တာပေါ့လေ၊ ပထမဦးဆုံး ကျနော့်အနေနဲ့က အစိုးရအဖွဲ့ထဲမှာမပါခင်ကတည်းက တောက်လျှောက် ၂၀၁၀ ကတည်းက လေ့လာသုံး သပ်နေတာ ဘာမြင်ရသလဲဆိုတော့ Trust ပဲဗျ၊ Trust ပဲ။ ကျနော်တို့က ဥပမာပေါ့ဗျာ ဒီည ကျနော့်အင်တာဗျူးမယ် ဥပမာအားဖြင့် ဘယ်သူဗျူးမှာလဲ ကိုသာလွန်ဇောင်းထက်ဗျူးမယ်၊ ကျနော် ခင်ဗျားကိုယုံတဲ့အတွက်ကြောင့်မို့ အဗျူးခံတယ်ဗျာ။ ခင်ဗျားကိုကျနော်မယုံရင် ကျနော် အဗျူးမခံဘူးပေါ့။

ကိုယ်နဲ့တွဲအလုပ်လုပ်မယ့်သူကို ဘယ်လောက်အထိ ကျနော် Trust ရှိနိုင်သလဲ။ သေချာတာက ရွေးကောက်ပွဲပြီးမှမဟုတ်ဘူး ဇာတ်လမ်းကလေ၊ ရွေးကောက်ပွဲ မတိုင်ခင်ကတည်းက ဒီ Trust တွေနဲ့ သိပ်အရေးကြီးတယ်။ တစ်ခါတလေ ကျနော်တို့မြန်မာနိုင်ငံမှာဖြစ်နေတဲ့ နိုင်ငံရေး ယဉ်ကျေးမှုက က ယုံကြည်မှု သိပ်နည်းတယ်၊ ကိုယ့်အုပ်စုထဲမှာလည်း ယုံသလားဆိုတော့ မယုံဘူး။ ကျနော်တို့တိုင်းပြည်မှာ နေရာတိုင်းမှာ လွယ်လွယ်ကူကူတွေ့ရတဲ့ကိစ္စက တစ်ယောက်နဲ့တစ်ယောက် မယုံကြည်တဲ့ကိစ္စပဲ။ ပါတီတစ်ခုနဲ့တစ်ခု မယုံဘူး၊

ပါတီတစ်ခုထဲမှာလည်း မယုံကြဘူး။ အဲဒီတော့ အဲဒီအချိန်ကျတော့ ဒီလိုကိစ္စမျိုး ပေါ်လာတယ်။ အဲဒီတော့ ကျနော်တို့လိုချင်တဲ့ Culture က ဘာလဲဆိုလို့ရှိရင် အချင်းချင်းယုံကြည်မှုရှိတယ်။ ကျနော်တို့ အဓိက ဘုံရည်မှန်းချက် ဘာလဲ။ ကျနော်တို့ ဘုံရင်ဆိုင်မယ့် အကျပ်အတည်းက ဘာလဲ။ အဲဒါကို ခွဲခြမ်းစိတ်ဖြာပြီးတော့ သွားလိုက်ရင် အဆင်ပြေတယ်။ ဥပမာအားဖြင့်ဆိုပါစို့ ခု လွှတ်တော်ထဲမှာဖြစ်နေတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်မယ့်ကိစ္စ၊ တပ်ချုပ်ကလည်း ပြောတယ် ပြင်မယ်၊ သူတို့လည်းပြင်ချင်တယ်လို့ ပြောတယ်။ ပြည်ခိုင်ဖြိုးကလည်း သူတို့လည်းပြင်ချင်တယ်ပြောတယ်။ တစညလည်း ပြောတယ်။ သူတို့လည်းပြင်ချင်တယ်၊ မူအနေနဲ့ထောက်ခံတယ်။ NLD ကလည်း Move လုပ်တယ်။ ဒါဆို ဘာလို့အထဲမှာဆွေးနွေးရတုန်း။ အဲဒီကိစ္စက Trust ကိစ္စပဲ။ သူတို့ ကျနော်တို့ရှေ့မှာ ဘယ်လောက်ပဲပြုံးပြုံး အတွင်းထဲမှာပေါ့နော်၊ အတွင်းထဲမှာ Trust လုပ်နိုင်တဲ့၊ ယုံနိုင်တဲ့၊ ပိုပြီးတော့ယုံနိုင်တဲ့ အနေအထား နိုင်ငံရေး Culture တစ်ခု တည်ဆောက်ရမယ်။

မေး ။ ။ အဲဒီတော့ ဆရာ့အဖြေအရဆိုရင် ဒေါ်အောင်ဆန်းစုကြည်က သူ့ရဲ့ယုံကြည်မှု တခြားလူကို လွယ်လွယ်နဲ့ယုံတာ အားနည်းတယ်ဆိုတဲ့သဘောလား။ ဘာကြောင့်ဆို သူ ဒီအားလုံးရဲ့ ပါတီတစ်ခုလုံးရဲ့ဟာက ဒေါ်အောင်ဆန်းစုကြည်နဲ့ တည်ဆောက်တာကိုး။ သူ့ရဲ့စကားလိုပဲ လူကိုမကြည့်ပါနဲ့၊ ပါတီကိုပဲကြည့်ပြီး မဲပေးပါဆိုတော့ အကုန်လုံးက ပုံပေး ခဲ့ကြတာလေ။ ဒါပေမယ့် သူ့ရဲ့ Structure ၊ ဒီလူတွေ စရွေးတာကအစ သူ့ရဲ့ အမိန့် နဲ့ပဲ သွားခဲ့တာကိုး။ အဲဒီတော့ ဆရာပြောသလိုဆိုရင် ဒေါ်အောင်ဆန်းစုကြည်က အင်မတန် အကဲဆတ်တဲ့သဘောလို့ ပြောလို့ရလား။ လူတွေကိုမယုံဘူးဆိုတဲ့သဘောလား။

ဖြေ ။ ။ အဲဒါတော့ ကျနော်တော့ မပြောတတ်ဘူး၊ ကျနော်အနေနဲ့ကတော့ သူနဲ့ အလှမ်းဝေး တယ်ပေါ့နော်။ သို့သော် ကျနော်မြင်တာက သူ့မပြောနဲ့ ကျနော်တို့ နေရာတိုင်းမှာ အဲ့ဒါဖြစ်နေတာ။ ကျနော်တို့ ပြောမယ်ဆို တိုင်းရင်းသားပါတီတွေ၊ တိုင်းရင်းသား ပါတီတွေလည်း လူနည်းနည်းနဲ့ ဒီထဲမှာလည်း သုံးလေးဖွဲ့ကွဲနေတာပဲ။ အဲဒီတော့ ပေါင်းကြမယ်၊ ဥပမာ ကျနော်တို့ပြောမယ်ဗျာ၊ Process တွေရှိတယ်၊ ရခိုင်မှာလည်း ရခိုင်ပါတီတွေ ပေါင်းဖို့ကြိုးစားတ်၊ ချင်းမှာလည်း ပေါင်းဖို့ကြိုးစားတယ်၊ ကချင်မှာလည်း ပေါင်းဖို့ကြိုးစားတယ်။ ဒါပေမယ့် ဒီ Issue တိုင်းကို တွက်ရတဲ့ကိစ္စက တစ်ယောက်နဲ့တစ်ယောက် ဘယ်လောက်ယုံလို့ရလဲ၊ ယုံကြမလဲဆိုတဲ့ကိစ္စ။

အဲဒီတော့ ဒါ NLD မှာ ကျနော်တို့ တစ်ချိန်လုံး ဒေါ်အောင်ဆန်းစုကြည်ကို လက်ညှိုးထိုးလို့ မရဘူး။ ကျနော်တို့ဖြစ်နေတာက ဒီ နိုင်ငံရေး Culture ကြီးက ဒီလိုဖြစ်နေတာ။ အဲဒီတော့ ဒီလို နိုင်ငံရေး Culture ဖြစ်တဲ့အတွက်ကြောင့် တပ်နဲ့ညှိဖို့လည်း မယုံရဲဘူး၊ EAO အချင်းချင်းလည်း မယုံရဲဘူး။ ဆိုတော့ ကျနော်တို့ Transform လုပ်ရမယ့်ကိစ္စက ဒီ မယုံနိုင်တဲ့ကိစ္စကို ယုံအောင်ဘယ်လိုလုပ်မလဲ။ ဒီလိုယုံမှသာလျှင် တပ်ကလည်း ပါလာလိမ့်မယ်။ ခုလက်ရှိအ နေအထားက တပ်ကလည်းမယုံရဲဘူး၊ ပြောင်းချင်တယ်၊ တော်တော် နဲ့မယုံသေးဘူး။

မေး ။ ။ ဆရာ ကျနော်တို့ နည်းနည်းလေး နောက်ကြောင်းပြန်ကြည့်ရအောင်။ ၂၀၁၅ ရွေးကောက်ပွဲမတိုင်ခင်က အကုန်လုံးက ဒေါ်အောင်ဆန်းစုကြည့်ကို အမျိုးသားခေါင်းဆောင်၊ လူထုခေါင်းဆောင်ဆိုပြီးတော့ အကုန်လုံးယုံကြည်ခဲ့ကြတာ။ အကုန်လုံးပုံပြီးတော့ ယုံကြည်ကြတာ။ ကျနော်တို့ ကချင်မှာဆိုလို့ရှိရင် ဗိုလ်ချုပ်ဂွမ်မော်ရဲ့ သူ့ရဲ့ရုံးခန်းထဲမှာ ဒေါ်အောင်ဆန်းစုကြည်ပုံတွေ ချိတ်ထားခဲ့တဲ့ဟာလေးဆိုရင် ဒါ အားလုံးသိတာပဲ။ တိုင်းရင်းသားတွေအားလုံးက Trust ရှိခဲ့တယ်ပေါ့လေ။ ဒီ ၂၀၁၅ ရွေးကောက်ပွဲမှာလည်း အကုန်လုံးပုံပြီးတော့ မဲပေးခဲ့ကြတယ်ပေါ့။ ဒါပေမယ့် အဲဒီနောက်ပိုင်း ၂၁၀၅ ပြီးတဲ့နောက်ပိုင်းကျတော့မှ အစိတ်စိတ်အမြွှာမြွှာကြီးဖြစ်သွားတာပေါ့။ အဲဒါက ဘယ်သူ့ကြောင့်လဲဆရာ၊ ဘယ်သူ့ရဲ့ တစ်ချိန်တုန်းက အင်အားကြီးခဲ့တဲ့ ဒီမိုကရေစီ အင်အားစုကြီးဟာ မဲလည်းနိုင်ပြီးရော အစိတ်စိတ်အမြွှာမြွှာကွဲထွက်သွားတာ၊ အဲဒါ ဘာကြောင့်လဲဆရာ။

ဖြေ ။ ။ တော်တော်ကောင်းတဲ့မေးခွန်းဖြစ်ပါတယ်။ သို့သော်လည်းပဲ ကျနော်တို့ Transition ကိစ္စ စဉ်းစားတဲ့အခါမှာ ကျနော်တို့မြန်မာနိုင်ငံနဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့၊ NLD နဲ့၊ တပ်မတော်နဲ့ အဲဒီအတိုင်းစဉ်းစားလို့မရဘူး။ ကျနော်တို့ ဒီ International Experience တွေပေါ့။ ဖိလစ်ပင်း မှာ ဘယ်လိုဖြစ်ခဲ့လဲ၊ တောင်အာဖရိကမှာ ဘယ်လိုဖြစ်ခဲ့လဲ ပြန်ကြည့်ရမယ်၊ ယီမင်မှာ ဘယ်လိုဖြစ်သလဲ နော်။ ကျနော်တို့ ခုမှ ဒေါ်အောင်ဆန်းစုကြည်က Political Power ကို စယူပြီးတော့ ဖြတ်သန်းတာ ခုမှ ၃ နှစ်ပဲရှိသေးတယ်။ ကျနော်တို့ ဖိလစ်ပင်းမှာကြည့်ရင် ကိုရာဇန်အကွီနို သူတစ်သက်တမ်းပဲ သူလုပ်တယ်။ နောက်ဆုံး နယ်ဆင်မင်ဒဲလား သူတစ်သက်တမ်းပဲ သူလုပ်တယ်။ ခု ဒေါ်အောင်ဆန်းစုကြည်က တစ်သက်တမ်းမပြည့်သေးဘူး။ အဲဒီတော့ ဘာဖြစ်လို့ တောင်အာဖရိကလိုမျိုးမှာ၊ ဖိလစ်ပင်းလိုမျိုးမှာ ဘာဖြစ်လို့ အဲဒီလိုအနေအထား အပြောင်းအလဲလုပ်ကြသလဲ။ ကျနော်တို့ ဒါကိုကြည့်ဖို့လိုတယ်။ ကျနော်တို့က ဒီလိုမျိုး Transition တစ်ခု အကူးအပြောင်းဆိုရင် တစ်နှစ် နှစ်နှစ်နဲ့ မရဘူး။ အစိုးရ တစ်သက်တမ်း နှစ်သက်တမ်းနဲ့ မရဘူး။ အချိန်ပေးရတယ်။ ဒေါ်စု နိုင်ငံရေး Culture တစ်ခု ပြောင်းရမယ်။

သူတို့ အဲဒီအချိန်မှာ တာဝန်ယူတဲ့ခေါင်းဆောင်တွေ သူတို့ရဲ့ဟိုဟာပေါ့ သူတို့ရဲ့စိတ်ကူးစိတ်သန်းနဲ့ ထိန်းကျောင်းကြတာပဲ။ သူတို့အတွက် အင်မတန်မှာ စိန်ခေါ်မှုတကယ်ကြီးတာ။ ကျနော်တို့ကလည်း ရင်တမမနဲ့ ကြည့်နေရသလို သူကိုယ်တိုင်လည်း ရင်တမမနဲ့ ဖြတ်သန်းနေရတဲ့အနေအထားမျိုးလို့ ကျနော်ကမြင်တယ်။ ကျနော်တို့မှာ ဘာဖြစ်နေတယ်ဆိုတာမဟုတ်ဘူး၊ ဒီလိုမျိုးဖြစ်နေတဲ့ကိစ္စ တော်တော်များများကို Military Rule ကနေပြီးတော့ Democratic transition ကို သွားနေတဲ့ တိုင်းပြည်တော်တော်များများ အဲဒီအတိုင်းပဲဖြစ်ကြတယ်။

မေး ။ ။ အဲဒီတော့ ၂၀၁၅ မတိုင်ခင်က တိုင်းရင်းသားတွေရဲ့ NLD အပေါ် ယုံကြည်မှုနဲ့ ခု အာဏာရပြီး ၃ နှစ်အကြာမှာ တိုင်းရင်းသားတွေရဲ့ NLD အပေါ် ယုံကြည်မှုက ပြန်ပြီးတော့ ယှဉ်ကြည့်လိုက်ရင် ဘာတွေကွာသွားလဲ။

ဖြေ ။ ။ တော်တော်များများက အထူးသဖြင့် NLD ပါတီပေါ့နော် NLD ဒီနေ့ကြုံတွေ့ရတဲ့ဟာက မျှော်လင့်ချက်ကြီးတာ expectation ပဲ။ လူထုရဲ့ အင်မတန်မှ ကြီးကျယ်ပြီးတော့ ကြောက်စရာ ကောင်းလောက်တဲ့ မျှော်မှန်းချက်။ လွတ်ပြီ ကျွတ်ပြီဟေ့ဆိုတဲ့ အသိစိတ်။ ဖြစ်စေချင်တယ် ဟေ့ဆိုတဲ့ မျှော်လင့်ချက်။ ဒါပေမယ့် အဲဒီမှာ ကျနော်တို့က ကျနော်တို့ သတိမထားမိတဲ့ကိစ္စက လွတ်လွတ်ကျွတ်ကျွတ်ဖြစ်တာ။ အဲဒီအခြေအနေကို သူက Step by step နဲ့ Processနဲ့ သွားတာကို အနှောင့်အယှက်တွေ တွေရှိတယ်။ ကျနော် အစကမယုံဘူး။ ဒါပေမယ့် နောက်ပိုင်း ကိုယ်တိုင်ဖြတ်လာတဲ့အခါကျတော့ ကိစ္စတစ်ခုက လွယ်လွယ်ကူကူနဲ့ဖြစ်သွားရင် ဟာ ဟုတ်ရောဟုတ်ရဲ့လားဆိုပြီးတော့ မယုံရဲဘူး။ အဲဒါမျိုးတွေရှိတယ်။ ဆိုလိုချင်တာက ကျနော်တို့က ဒီတစ်ကြိမ် ဒီတစ်သက်တမ်းမှာ NLD အစိုးရသည် ရွေးကောက်ပွဲမှာ တောင်ပြိုကမ်းပြို နိုင်ပြီးတော့ အစိုးရဖွဲ့ရပေမယ့် ယန္တရားတစ်ခုလုံး သူ့လက်ထဲ ရောက်တာမဟုတ်ဘူး၊ ပြောမယ်ဆိုလို့ရှိရင်ပေါ့နော်။ အဲဒါ ကျနော်တို့ မေ့မေ့နေတယ်။ ကျနော်တို့လည်း Expect လုပ်ခဲ့တာပဲ။ ကျနော်တို့ကိုယ်တိုင် Expect လုပ်တယ်၊ ကျနော်တို့ကိုယ်တိုင် အင်တိုက်အားတိုက် မောင်းတယ်။

ဒါပေမယ့် တကယ်တွန်းတဲ့အခါကျတော့ ကျနော်တို့ကိုယ်တိုင် ထိတယ်၊ ဒီနေရာမှာ တစ်ခုရှိတာက NLD အနေနဲ့ကတော့ အထူးသဖြင့် လူထုရဲ့မျှော်လင့်ချက်ပေါ့နော်၊ မျှော်မှန်းချက်ကို ဒါကို စီမံခန့်ခွဲတဲ့ကိစ္စတော့ ဒီထက်ပိုအားကောင်းဖို့လိုတယ်။ ဒီနောက်ပိုင်းမှာ လူထုက အများကြီးတောင်းဆိုတာ မဟုတ်ဘူး။ တဖြည်းဖြည်း လူထုကလည်း သဘော ပေါက်လာပြီ။ အနေအထားကို သဘောပေါက်လာပြီ။ တကယ့်အပြောင်းအလဲကို ဦးဆောင်ရတဲ့ပါတီတစ်ခုအနေနဲ့ ဘယ်လောက်အထိ စိန်ခေါ်မှုကြီးမလဲ။ အဲဒီဥစ္စာကို လူထုက ရှင်းရှင်းလင်းလင်း Communicate လုပ်တဲ့ကိစ္စပေါ့နော်၊ အဲဒီကိစ္စမှာတော့ ဒီထက်ပိုအားထည့်ဖိုလိုတယ်၊ ဒီထက်ပို အားစိုက်ဖို့လိုတယ်။ ဆိုလိုချင်တာက ကျနော်တို့ချင်းမှာ ဘာလို့လဲဆိုလို့ရှိရင် လျှပ်စစ်ပေါ့နော်၊ ကျနော်က လျှပ်စစ်ဝန်ကြီးလုပ်ရတဲ့အခါ ကျနော်တို့ လျှပ်စစ်ဆိုလို့ရှိရင်လည်း ရစရာမရှိအောင် ပြောခံရတာ။ မီးပြတ်လည်း ဘာဖြစ်တယ်၊ လာလည်းဘာဖြစ်တယ်။

ဆိုတော့ အဲဒီမှာ ကျနော်ဘာလုပ်လဲဆိုလို့ရှိရင် ကျနော် စတာဝန်ယူတဲ့အခါမှာ ကျနော်တို့ လျှပ်စစ် ဟိုဟာပေါ့ လျှပ်စစ်ဖွံ့ဖြိုးရေးလုပ်ငန်းပေါ့။ ဘယ်သူမှ အထင်မကြီးဘူး၊ ဘယ်သူမှလည်း မချီးကျူးဘူး နော် ကျနော်တို့လျှပ်စစ်ကို။ ကျနော်တို့ ဘာလုပ်လဲဆိုလို့ရှိရင် ကျနော့်ဝန်ထမ်းတွေခေါ်တယ်။ အင်ဂျင်နီယာခေါ်တယ်။ ကဲ ဟုတ်ပြီ၊ မီးပြတ်တော့မယ်ဆိုရင်၊ မီးပြတ်ပြီလို့ ပြောရင် အော်လန်ကြီးနဲ့ ဆင်းအော်၊ လူတွေအသိပေး၊ မီးပြတ်ပါပြီ၊ ဘယ်လောက်ပြတ်နိုင်ပါတယ်၊ ဘာကြောင့်ပြတ်တာပါ အသိပေး၊ အဲဒါကျနော်တို့ စလုပ်ကြည့်တယ်။ အဲဒီကနေ ကျနော်တို့ Facebook သုံးတယ်။ အကုန်လုံး ဘယ်မြို့၊ ESC တီးတိန်၊ ဟားခါး၊ ပလက်၀ စသည်ဖြင့် ကျနော်တို့ Facebook ဖွင့်တယ်။ မီးပျက်ရင် ကျနော်တို့ ချက်ချင်း လိုင်းပေါ်တင်တယ်။ ဘာကြောင့်ပျက်တယ်၊ ကျနော်တို့ ဘာလုပ်နေပါတယ်၊ ဓာတ်ပုံနဲ့တကွ ကျနော်တို့လုပ်တယ်။

ဆိုတော့ တဖြည်းဖြည်းနဲ့ လူတွေက ကျနော်တို့ လျှပ်စစ်ကပေးတဲ့ အင်ဖော်မေးရှင်းကို အလေားထား လုပ်လာတယ်။ ကျနော်တို့ နောက်ထပ် သုံးလေးလမှာ ချင်းပြည်နယ်လျှပ်စစ်ရဲ့ ဂုဏ်သိက္ခာ တော်တော်တက်လာတယ်။ လူတွေတော်တော်များများက လျှပ်စစ်ကို ချစ်လာတယ်၊ အားကိုးလာတယ်။ အဲဒီလိုပြောလို့ ကျနော်တို့ ၂၄ နာရီ မီးပေးနိုင်လို့ မဟုတ်ဘူး။ မီးပေးတဲ့အချိန် ပိုများသွားတာလည်း မဟုတ်ဘူး။ ဒါဘာဖြစ်လို့ ကျနော်လုပ်သလဲဆိုရင် လူထုနဲ့ Communication ပေါ့၊ ကျနော်တို့ ခုဘာဖြစ်နေပါတယ်၊ ဘာလုပ်နေပါတယ်၊ မကြာခင်ဘယ်လိုဖြစ်ပါမယ်ဆိုတဲ့ဥစ္စာ Communication ကျနော်တို့ပေးတာ။ အစက တော်တော်များများ ကဲ့ရဲ့ရှုတ်ချခြင်းခံနေရတဲ့ လျှပ်စစ်က ဒီလိုလေး ဝန်ထမ်းတွေအကုန်ဝိုင်းလုပ်လိုက်တော့ ကျနော်ကိုယ်တိုင် Facebook ပေါ် သတင်းပေး၊ အော်လန်ကြီးနဲ့ဆင်း၊ အဲဒီအခါကျတော့ လူထုက တဖြည်းဖြည်းနဲ့ ယုံကြည်မှုရှိလာတယ်။ အရေးကြီးတဲ့ဥစ္စာက ဒီ ပါတီနဲ့လည်းပဲ လူထုရဲ့ Expectation ကို စီမံခန့်ခွဲတဲ့နေရာမှာ ဒီထက်ပိုပြီးတော့ အားကောင်းမောင်းသန်နဲ့ပေါ့နော် သေသေချာချာလုပ်ပေးမယ်ဆိုလို့ရှိရင် ကျနော်တို့ ပြည်သူလူထုဆိုတာလည်း အကုန်သိပါတယ်၊ အကုန်နားလည်ပါတယ်။ အဲဒီတော့ အဲဒီဟာတွေ လုပ်နိုင်တယ်ဆိုလို့ရှိရင် ဒီထက်ပိုကောင်းသွားစရာအကြောင်းရှိပါတယ်။

မေး ။ ။ အဲဒီတော့ ဗဟိုအစိုးရက လူထုနဲ့ Communicate လုပ်တာ အားနည်းတယ်လို့ ပြောလို့ရလား။

ဖြေ ။ ။ ဒါကတော့ နိုင်ငံတော်အတိုင်ပင်ခံကိုယ်တိုင် ပြောတယ်။ ပြည်နယ်နဲ့တိုင်းအစိုးရဟာ လူထုနဲ့များများတွေ့ပါ။ တကယ့်တကယ် ကျနော်တို့က ဒီ ရန်ကုန်တိုင်း၊ ကျနော်တို့ ရန်ကုန်တိုင်းမှာနေကြတယ်။ ကျနော်တို့ နေ့စဉ်ဘဝကို စီမံခန့်ခွဲနေတာ ပြည်ထောင်စု အစိုးရမဟုတ်ဘူး တိုင်းအစိုးရဖြစ်တယ်။ သူတို့ ဒီတိုင်းအစိုးရဟာ လူတွေရဲ့နေ့စဉ်ဘ၀ နော်၊ ရပ်ကွက်ထဲမှာ၊ ရွာမှာရှိတဲ့လူတွေရဲ့ နေ့စဉ်ဘဝကို တိုက်ရိုက်စီမံခန့်ခွဲမှုက ပြည်နယ်နဲ့တိုင်းအစိုးရက ပိုပြီးတော့ အနီးကပ်ထိတွေ့ရတာဖြစ်တယ်။ အဲဒီအတွက်ကြောင့်မို့လို့ အတိုင်ပင်ခံကပြောတယ်၊ ပြည်နယ်နဲ့တိုင်းအစိုးရသည် လူထုနဲ့ နီးနီးကပ်ကပ်နေပါ၊ လူထုစကားနားထောင်ပါ၊ အဲဒီတော့ သူတောင်မှ ဒီလိုပြောနေပြီဆိုကတည်းကတော့ သူ့ဆီမှာလည်း ဒီကိစ္စအဆင်မပြေဘူးဆိုတာ သိလို့ဖြစ်မှာပေါ့လေ။ အဲဒါကြောင့်မို့လို့ အရေးကြီးတဲ့ဥစ္စာက လူထုနဲ့များများတွေ့ရမယ်၊ လူထုကိုရှင်းပြရမယ်၊ ငါလုပ်ပြမယ့် စိတ်ဓာတ်ပေါ့နော်၊ ငါလုပ်ပြလိုက်မယ်ဆိုတဲ့စိတ်ဓာတ် ထည့်ရမယ် နော်။ ငါဖြစ်အောင်လုပ်ပြမယ်၊ ငါ့ခေတ်မှာ ဒီလိုလုပ်သွားတယ်နော် အရင်ခေတ်က ဘယ်လို နှိုင်းယှဉ်ဖို့မဟုတ်ဘူး။ အတိုင်ပင်ခံကလည်း ဘယ်တော့မှ သူလည်း မနှိုင်းယှဉ်ဘူး။ နှိုင်းယှဉ်ဖို့လည်းမဟုတ်ဘူး။ အဲဒီတော့ ငါလုပ်ပြမယ်ဆိုတဲ့စိတ်ဓာတ်နဲ့ ငါတို့အတူတူပဲ လုပ်ကြမယ်ဆိုတဲ့ ပြည်သူနဲ့အတူဆိုတဲ့ စိတ်ဓာတ်ပေါ့လေ၊ အစစ်က အဲ့ဒါပဲ။

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

Related Posts