All News Local News

ပလက်ဝတိုက်ပွဲတွင် တပ်မတော်သား ၁၆ ဦး ကျဆုံးဆိုသော အေအေတပ်ဖွဲ့၏ သတင်းထုတ်ပြန်ချက် မဟုတ်မှန်ဟု ဗိုလ်မှူးချုပ်ဇော်မင်းထွန်းငြင်းဆို

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၁

ရခိုင်တပ်မတော် နှင့် အစိုးရတပ်မတော်အကြား တိုက်ပွဲဖြစ်ပွားလျက်ရှိပြီး ဖေဖော်ဝါရီလ ၄ ရက်နေ့ ပလက်ဝတွင်ဖြစ်ပွားသော တိုက်ပွဲတွင် တပ်မတော်သား ၁၆ ဦး ကျဆုံးကြောင်း ရခိုင်တပ်မတော်၏ သတင်းထုတ်ပြန်ချက်သည် မှန်ကန်မှုမရှိကြောင်း တပ်မတော်ပြောခွင့်ရပုဂ္ဂိုလ် ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။

ရခိုင်တပ်မတော်က ယမန်နေ့ညက ထုတ်ပြန်သော ကြေညာချက်တွင် ဖေဖော်ဝါရီလ ၄ ရက်နေ့ ပလက်ဝမြို့နယ်၊ ထအို့ပီရွာနှင့် ရှင်မဒိန်ရွာအကြားတွင် တိုက်ပွဲဖြစ်ပွားခဲ့ပြီး တပ်မတော်မှ ၁၆ ဦး ကျဆုံးပြီး ဒဏ်ရာရရှိသူ များပြားကြောင်း၊ ရခိုင်တပ်မေတာ်မှ စနိုက်ပါများ လက်စွမ်းပြသော တိုက်ပွဲဖြစ်ကြောင်း ထုတ်ပြန်ခဲ့သည်။

“မဟုတ်ပါဘူး။ သူတို့ထုတ်ပြန်သလို တပ်မတော်သားတွေကျဆုံးတယ်ဆိုတာမဟုတ်ပါဘူး။ သူတို့ဘက်က စိတ်ဓာတ်စစ်ဆင်ရေးသဘောမျိုးနဲ့ ထုတ်တယ်လို့ပဲ ယူဆပါတယ်” ဟု ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ပြောဆိုသည်။

အလားတူ ဖေဖော်ဝါရီ ၁၀ ရက်နေ့ မွန်းလွဲ ၂ နာရီ ကျောက်တော်တွင် တိုက်ပွဲဖြစ်ပွားပြီး တပ်မတော်ဘက်မှ အကျအဆုံး များသည်ဆိုသော ရခိုင်တပ်မတော်၏ သတင်းထုတ်ပြန်ချက်မှာလည်း မဟုတ်မှန်ကြောင်း ၎င်းက ပြောဆိုသည်။

ရခိုင်တပ်မတော်၏ ထုတ်ပြန်ချက်တွင် ဖေဖော်ဝါရီလ ၁၀ ရက်နေ့ နံနက် ၈ နာရီ ၁၀ မိနစ်က ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ် အဝင် ရန်ကုန်- စစ်တွေ ကားလမ်းဘေးတွင် တပ်မတော်ယာဉ်တန်း ဖြတ်သန်းစဉ် မိုင်းများပေါက်ကွဲပြီး တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း ဖော်ပြထားသည်။

ယမန်နေ့ မြောက်ဦးမြို့နယ်တွင် တိုက်ပွဲဖြစ်ပွားမှုနှင့်ပတ်သက်ပြီး မြောက်ဦးမြို့နယ်မှ ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းသာစိန်က ” တိုက်ပွဲဖြစ်တာတော့ မိုင်းကွဲတာပါ။ တပ်မတော်ယာဉ်တန်းအလာမှာပေါ့။ မြောက်ဦးနဲ့ ၁၆ မိုင်လောက် အကွာ။ မဟာမြတ်မုနိဘုရားနဲ့ ၅ မိုင်ကျော်အကွာ၊ ရန်ကုန် စစ်တွေ ကားလမ်း နံဘေးမှာ။ အဲဒီနေရာမှာ မိုင်းပေါက်တာပါ။ မိုင်းပေါက်တယ်ဆိုတော့ တပ်မတော်က ရှင်းလင်းရေးလုပ်တော့ လက်နက်ငယ်သံတွေ ဘာတွေ ထွက်တယ်ပေါ့။ အဲဒီအသံကျယ်ကျယ်လောင်လောင်နဲ့က ၂ ချက်ကြားတယ်။ မိုင်းကတော့ ရန်ကုန်- စစ်တွေ ကားလမ်းရဲ့ ဝဲဘက် ညာဘက် နှစ်ခုလုံးမှာ ပေါက်တယ်ကြားတယ်။ ထိခိုက်ဒဏ်ရာရတော့ မကြားမိဘူး” ဟု ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။

ရခိုင်တပ်မတော်မှ ပြောခွင့်ရပုဂ္ဂိုလ် ခိုင်သုခကို တပ်မတော်သားများ အကျအဆုံးများသည်ဆိုသော အေအေတပ်ဖွဲ့၏ သတင်းထုတ်ပြန်ချက်နှင့်ပတ်သက်ပြီး ရန်ကုန်ခေတ်သစ်က ဆက်သွယ်ခဲ့သော်လည်း အဆက်အသွယ်မရပေ။

ဇန်နဝါရီလ ၄ ရက်နေ့ ရဲကင်းစခန်း ၄ ခုကို ရခိုင်တပ်မတော်က ဝင်ရောက်တိုက်ခိုက်ပြီးနောက် အစိုးရက ရခိုင်တပ်မတော်ကို အကြမ်းဖက်အဖွဲ့အစည်းအဖြစ် ကြေညာချက်ထုတ်ပြန်ခဲ့သည်။

ဓာတ်ပုံ- အေအေ တပ်ဖွဲ့ဝင်တစ်ဦး။

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

khitthitnews.com

Related Posts

khitthitnews.com