All News Local News

ကရင်နီလူငယ်များကို စွဲဆိုထားသော အမှုများကို ကယားအစိုးရ ရုပ်သိမ်း၊ မရုပ်သိမ်း မသေချာသေးဟုဆို

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၅

ဗိုလ်ချုပ်ကြေးရုပ်ဖယ်ရှားရေး သပိတ်မှောက် ဆန္ဒပြသည့် ကရင်နီလူငယ်များကို စွဲဆိုထားသော အမှုများကို ကယားပြည်နယ်အစိုးရက ရုပ်သိမ်း၊ မရုပ်သိမ်း မသေချာသေးဘဲ တရားဝင်စာ ထွက်ရှိလာခြင်း မရှိသေးကြောင်း၊ လတ်တလော ရုံးချိန်းထပ်မံချိန်းဆိုလိုက်သဖြင့် နှစ်ဖက်သဘောတူညီချက် အကောင်အထည်ပေါ်မလာသေးကြောင်း ကရင်နီလူငယ်အင်အားစုခေါင်းဆောင် ကိုခွန်သောမတ်စ်က ပြောဆိုသည်။

“အခုထက်ထိ အမှုရုပ်သိမ်းတယ်ဆိုတာကို တရားဝင် စာနဲ့ပေနဲ့ အကြောင်းကြားတာမရှိသေးဘူး။ အခု ဖုန်းနဲ့ သတင်းပေးတာရှိတယ်။ ဒါပေမယ့် တရားဝင် စာမထွက်သေးဘူး။ အဲဒီတော့ တရားဝင် ရုပ်သိမ်းလား၊ မရုပ်သိမ်းလားဆိုတာကို မပြောနိုင်သေးဘူး။ စောင့်ကြည့်ရဦးမှာပါ။ အမှု ရုပ်သိမ်းတယ်လို့ သူတို့ဘက်က တရားဝင်ကြေညာရင် ကျနော်တို့ဘက်ကလည်း တရားဝင် အမှုရုပ်သိမ်းပေး တယ်ဆိုတာမျိုး ပြောမှာပဲ။ အခုက ဘာမှကို မပြောနိုင်သေးတာ။ အဖြေစောင့်နေပါတယ်” ဟု ကိုခွန်သောမတ်စ်က ပြောသည်။

ဖေဖော်ဝါရီလ ၁၂ ရက်နေ့က ကယားပြည်နယ်အစိုးရနှင့် သပိတ်ကော်မတီအကြား တွေ့ဆုံညှိနှိုင်းမှုတွင် အမှုများရုပ်သိမ်းပေးရန် သဘောတူညီခဲ့သော်လည်း ဖေဖော်ဝါရီလ ၁၄ ရက်နေ့တွင် ရုံးချိန်းစစ်ဆေးခဲ့ပြီး ဖေဖော်ဝါရီလ ၂၀ ရက်နေ့တွင်လည်း ထပ်မံရုံးချိန်း ချိန်းဆိုထားကြောင်း သိရှိရသည်။

“သူတို့က မရုပ်သိမ်းပေးဘူး သဘောမျိုးနဲ့ ရုံးချိန် ဖေဖော်ဝါရီ ၂၀ ရက်နေ့ ထပ်ချိန်းဆိုလိုက်တယ်။ ဖေဖော်ဝါရီ ၁၄ ရက်နေ့က ရုံးချိန်းသွားတဲ့လူ ၃၆ ယောက်။ ရုံးချိန်းပဲ ထပ်ချိန်းဆိုလိုက်တယ်။ ဆိုလိုတာက မရုပ်သိမ်းဘူး သဘောမျိုးပဲ ပြောတာပဲ။ တကယ်တမ်း သူတို့ဘက်က စာထုတ်ပေးရမှာ။ နှစ်ဦးသဘောတူညီချက်အရဆိုရင် သူတို့စာထုတ်ပေးပြီးတာနဲ့ တရားရုံးတွေက ပယ်ချလိုက်ရမှာ။ အဲ့ကိစ္စလေ။ သို့သော် သူတို့ဘက်က စာမထုတ်ပေးတဲ့အတွက် လောလောဆယ် အစိုးရအဖွဲ့ကနေ သဘောတူညီမှုကို အဓမ္မ ချိုးဖောက်လိုက်တာပဲ။ အခုထိ ဗိုလ်ချုပ်ကြေးရုပ် ဖြစ်မြောက်ရေးကော်မတီနဲ့ တွေ့ဆုံဖို့ တရားဝင်စာမလာသေးဘူး” ဟု ကရင်နီလူငယ် အင်အားစု ခေါင်းဆောင် ခွန်သောမတ်စ်က ပြောသည်။

ကရင်နီလူငယ်အင်အားစုက ဖေဖော်ဝါရီလ ၁၄ ရက်နေ့တွင် နေ့စွဲဖြင့် ကြေညာချက်ထုတ်ပြန်ရာတွင် ကယားပြည်နယ်အစိုးရက သဘောတူညီချက်များကို ချိုးဖောက်သည့်အပြင် ရန်ကုန်တွင်လည်း ကရင်နီလူငယ်များကို ထောက်ခံအားပေးသည့် ဆန္ဒပြသူများကို တရားစွဲမှုများကိုလည်း ကန့်ကွက်ရှုတ်ချကြောင်း၊ အစိုးရအနေဖြင့် ကတိမတည်ပါက ရန်ကုန်နှင့် ကယားပြည်နယ်တွင် လှုပ်ရှားမှုများ ဆက်လကေ်ဆာင်ရွက်သွားမည်ဖြစ်ကြောင်း ကြေညာချက်ထုတ်ပြန်သည်။

ဖေဖော်ဝါရီလ ၁၂ ရက်နေ့က ရန်ကုန်မြို့တွင် ကရင်နီလူငယ်များကို ထောက်ခံသော ဆန္ဒပြပွဲ တစ်ရပ် ဆောင်ရွက်ခဲ့ပြီး ယင်းဆန္ဒပြပွဲတွင် ပါဝင်ခဲ့သူများကို ငြိမ်းစုစီ ဥပဒေချိုးဖောက်မှုဖြင့် ကျောက်တံတားရဲစခန်းက အမှုဖွင့်ထားကြောင်း သိရှိရသည်။

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

Related Posts