All News Local News

AA အဖွဲ့ ၏ တိုက်ခိုက်မှုကြောင့် ရဲ ၁၃ ဦးကျဆုံး၊ ၉ ဦး ဒဏ်ရာရ ၊ စစ်သုံ့ပန်း ၁၄ ဦး ပြန်လွှတ်ပေးဟုဆို

ရန်ကုန်၊ ဇန်နဝါရီ ၅

ရခိုင်တပ်မတော် (AA) က ရဲကင်းစခန်း ၄ ခု ကို ဇန်နဝါရီလ ၄ ရက်နေ့ နံနက်ပိုင်းတွင် ဝင်ရောက်တိုက်ခိုက်ပြီး ရဲတပ်ဖွဲ့ဝင် ၁၃ ဦး ကျဆုံးပြီး ၉ ဦး ဒဏ်ရာရရှိခဲ့ကြောင်း အစိုးရကသတင်းထုတ်ပြန်သည်။ AA တပ်ဖွဲ့၏ သတင်းထုတ်ပြန်ချက်တွင်မူ လူ ၁၄ ဦးကို ပြန်လည် ထိန်းသိမ်းခဲ့ပြီး ဘေးလွတ်ရာသို့ ပြန်လွှတ်ပေးခဲ့သည်ဟု သတင်းထုတ်ပြန်သည်။

တပ်မတော်ပြောခွင့်ရပုဂ္ဂိုလ် ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက “အကျအဆုံးနဲ့ မိသားစုဝင်တွေ ဖမ်းတာတွေဆိုတာက အတည်ပြုလို့မရသေးဘူး။ ကျနော်တို့ဆီက လိုက်သွားတဲ့အဖွဲ့တွေကတော့ ကြိုကြား ကြိုကြား တိုက်ပွဲလေးတွေ ဖြစ်နေတုန်းပဲ။ ကျနော်သိရသလောက် အဲဒီရဲကင်းစခန်း ၄ ခုကလည်း နယ်ခြားမှာ ရှိတဲ့ ရဲကင်းစခန်းတွေမဟုတ်ဘူးဗျ။ ခထီးလှတို့ ဘာတို့ဆိုရင် တိုင်းရင်းသားကျေးရွာ နစလကျေးရွာ၊ နစလ ဆိုတာက နယ်စပ်ဒေသ တိုင်းရင်းသား ဖွံ့ဖြိုးရေးအစီအစဉ်နဲ့ ဆောက်ထားတဲ့ရွာ။ အဲဒီကင်းစခန်းတွေရဲ့ရည်ရွယ်ချက်ကလည်း တိုင်းရင်းသားရွာတွေကို အကူအညီပေးဖို့အတွက် လုပ်ထားတဲ့ ရဲစခန်းတွေ အများစုကလေ။ အဲဒါကို AA က ဝင်တိုက်တယ်ဆိုတာက ဆိုးတယ်ဗျ။ ဆိုးတယ်ဆိုတာက အဲဒီစခန်းတွေက တိုင်းရင်းသားတွေအတွက် လုပ်ထားတဲ့ စခန်းတွေဖြစ်နေတာ။ အတည်ပြုချက်ရတာနဲ့ သတင်းထုတ်ပေးပါ့မယ်။ အခုကတော့ လိုက်ပြီး လိုက်စုံစမ်းနေပါတယ်” ဟု ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။

AA တပ်ဖွဲ့၏ ထုတ်ပြန်ချက်တွင်မူ ရခိုင်ပြည်အတွင်း ရဲတပ်ဖွဲ့များအနေဖြင့် ရခိုင်လူထု၊ ရခိုင်လူငယ်များအား မတရားထိန်းသိမ်းဖမ်းဆီးနေခြင်း၊ အကြောင်းအမျိုးမျိုးပြကာဖမ်းဆီးထောင်ချနေခြင်း၊ ရဲအလုပ်ကိုရဲမလုပ်ဘဲ ဗမာစစ်တပ်နှင့်ပူးပေါင်းကာဖြတ်လေးဖြတ်စစ်ဆင်ရေးများတွင် ပါဝင်နေခြင်းများကို သတိပေးသော်လည်း ပိုမိုအတင့်ရဲကာလက်ရဲဇက်ရဲကျူးလွန်ခြင်းများကို ဆက်တိုက်လုပ်ဆောင်လာနေသည့်အချက်များကြောင့်လည်းယခုကဲ့သို့သတိပေးတိုက်ခိုက်ရခြင်းဖြစ်ကြောင်း ထုတ်ပြန်ပြောဆိုထားသည်။

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

khitthitnews.com

Related Posts

khitthitnews.com