All News Local News

AA အတိုက်ခိုက်ခံရတဲ့ နယ်ခြားစောင့်ရဲတွေအတွက် ဝမ်းနည်းလို့ ဦးဝိစိတ္တာဘိဝံသက ငွေ ၃၅ သိန်းလှူ

ရန်ကုန်၊ ဇန်နဝါရီ ၂၂

ရခိုင်တပ်မတော်(AA)က ဇန်နဝါရီလ ၄ ရက်နေ့ ရဲကင်းစခန်း ၄ ခုကို ဝင်ရောက်တိုက်ခိုက်မှုကြောင့် သေဆုံး ဒဏ်ရာရရှိသွားတဲ့ နယ်ခြားစောင့်ရဲတပ်ဖွဲ့တွေ အတွက် ဝမ်းနည်းတဲ့အနေနဲ့ ဆရာတေ်ဦးဝီရသူ ခေါ် အရှင် ဦးဝိစိတ္တာဘိဝံသက ငွေကျပ် ၃၅ သိန်း လှူဒါန်းကြောင်း ရခိုင်ပြည်နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးကြီး ကြည်လင်းက ပြောဆိုပါတယ်။

ဇန်နဝါရီလ ၁၉ ရက်နေ့ အလှူငွေ လက်ခံပွဲကို ရခိုင်ပြည်နယ်၊ စစ်တွေမြို့မှာ ကျင်းပခဲ့ပြီး အခမ်းအနားနဲ့ အလှူငွေပေးအပ်ပွဲ ကျင်းပခဲ့တာဖြစ်ပါတယ်။

ဆရာတော်ဦးဝီရသူက နယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင်တွေအတွက် ဝမ်းနည်းလို့ ငွေကျပ် ၃၅ သိန်း လှူတာလို့ ပြောဆိုကြောင်း သိရပါတယ်။

” သူက ဒီ တိုင်းရင်းသားတွေကို ကာကွယ်ပေးနေတဲ့ နယ်စွန်နယ်ဖျားမှာရှိနေတဲ့ ရဲတပ်ဖွဲ့ဝင်တွေကို ခုနလိုမျိုး အသက်အန္တရာယ်စွန့်လွှတ်တဲ့အထိ ဖြစ်တဲ့အတွက် သူ့အနေနဲ့ ဝမ်းနည်းလို့၊ ဒါကြောင့်မို့လို့ မိသားစုတွေ၊ ရဲတပ်ဖွဲ့ဝင်တွေကို တစ်ထောင့်တစ်နေရာကနေ ထောက်ပံ့ချင်တာဖြစ်တဲ့အတွက်ကြောင့် လာရောက်ထောက်ပံ့တာ အဲဒီလိုမျိုးပြောပါတယ်” လို့ ရဲမှူးကြီးကြည်လင်းက ရန်ကုန်ခေတ်သစ်သတင်းဌာနကို ပြောဆိုပါတယ်။

AA ရဲ့ တိုက်ခိုက်မှုကို ခံခဲ့ရတဲ့ နယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင်တွေအတွက် လှူဒါန်းချင်ရင်တော့ မြန်မာနိုင်ငံရဲတပ်ဖွဲ့ထံ ဆက်သွယ်လှူဒါန်းနိုင်ပြီး ရခိုင်ပြည်နယ်ရဲတပ်အဖွဲ့အနေနဲ့တော့ ဦးဝီရသူ လှူဒါန်းတာဖြစ်လို့ နယ်ခြားစောင့်ရဲတပ်ဖွဲ့ကိုယ်စား လက်ခံပေးခဲ့တာလို့ ရဲမှူးကြီးကြည်လင်းက ဆိုပါတယ်။

မစိုးရိမ်တိုက်သစ်၊ ဓမ္မသဟာယကျောင်း နာယကဆရာတော်ဖြစ်တဲ့ ဘဒ္ဒန္တ ဝိစိတ္တာဘိဝံသ ဆရာတော် အရှင်ဝီရသူ (မစိုးရိမ်) ဟာ မြန်မာနိုင်ငံတွင်း ဖြစ်ပွားခဲ့တဲ့ လူမျိုးရေးနဲ့ ဘာသာရေး ပဋိပက္ခတွေမှာ အဓိကလှုံ့ဆော်သူလို့ နိုင်ငံတကာက စွပ်စွဲခြင်းခံနေရသူလည်းဖြစ်ပါတယ်။

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

khitthitnews.com

Related Posts

khitthitnews.com