Local News political news

AA ဝင်ရောက်တိုက်ခိုက်သည့် ရဲကင်းစခန်းများသို့ မီဒီယာများကို ခေါ်ဆောင်ပြသ၊ တပ်မတော်က ရဟတ်ယာဉ်များဖြင့် လာရောက်ပစ်ခတ်ဟု AA က ထုတ်ပြန်

ရန်ကုန်၊ ဇန်နဝါရီ ၆

ရခိုင်တပ်မတော်(AA) က ဝင်ရောက်တိုက်ခိုက်ခဲ့သည့် ရဲကင်းစခန်း ၄ ခုသို့ ပြည်တွင်းမီဒီယာ များကို ခေါ်ဆောင်ပြသမှုများ ယနေ့လုပ်ဆောင်နေပြီး ယင်းခရီးစဉ်တွင် နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီး ဌာန ဒုဝန်ကြီး ဦးခင်မောင်တင်ပါ ဦးဆောင်လိုက်ပါကြောင်း သိရှိရသည်။

ဇန်နဝါရီလ ၆ ရက်နေ့ နံနက်ပိုင်းတွင် ပြည်တွင်းသတင်းမီဒီယာသမား ၁၈ ဦးကို ဘူးသီးတောင်မြို့နယ်ရှိ ရဲကင်းစခန်း ၄ ခု သို့ လေယာဉ်၊ ရဟတ်ယာဉ်များဖြင့် ခေါ်ဆောင်၍ တိုက်ပွဲ ဖြစ်ပွားနေသည့် နေရာသို့ လိုက်လံပြသလျက်ရှိကြောင်း သိရှိရသည်။

သတင်းမီဒီယာသမားများနှင့်အတူ ပြည်ထောင်စုအစိုးရအဖွဲ့ရုံး ဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးဇော်သန်းသင်း၊ ပြန်ကြားရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးမျိုးမြင့်မောင်၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲချုပ် ဒုတိယရဲဗိုလ်ချုပ်ကြီး အောင်ဝင်းဦး၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချ ထားရေးဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးကိုကိုနိုင် တို့ပါ လိုက်ပါကြောင်း သိရှိရသည်။

ဇန်နဝါရီလ ၄ ရက်နေ့တွင် AA အဖွဲ့၏ တိုက်ခိုက်မှုကြောင့် ရဲအဖွဲ့ဝင် ၁၃ ဦး ကျဆုံးခဲ့ပြီး ၉ ဦးဒဏ်ရာရရှိခဲ့ကြောင်း၊ AA အဖွဲ့က ဖမ်းဆီးခဲ့သော စစ်သုံ့ပန်း ၁၈ ဦးကို ပြန်လည်လွှတ်ပေးခဲ့ကြောင်း သိရှိရသည်။

လတ်တလော AA တပ်ဖွဲ့ ရှိနေသည့် နေရာများ သို့ တပ်မတော်က ရဟတ်ယာဉ်များဖြင့် လာရောက်ပစ်ခတ်မှုများရှိနေကြောင်း၊ ဇန်နဝါရီလ ၅ ရက်နေ့တွင် ရဟတ်ယာဉ်နှစ်စီးဖြင့် ဗုံးကြဲတိုက်ခိုက်သည့်အရေအတွက် အကြိမ်(၂၀) ကျော်တိုက်ခိုက်ခဲ့ကြောင်း၊ အလားတူ ရဟတ်ယာဉ်ပေါ်မှ ဗုံးကြဲပစ်ခတ်တိုက်ခိုက်ခဲ့သည်မှာ ဇန်နဝါရီ ၄ရက်နေ့နှင် ၅ ရက်နေ့ အပါအဝင် ဒီဇင်ဘာ ၁၈ ရက်နေ့တွင်လည်း”သလူချောင်း”၊ “ပညာဝ”၊”ခရုချောင်း” ကျေးရွာအုပ်စုပတ်ဝန်းကျင်သို့ စစ်ရဟတ်ယာဉ်နှစ်စီးပေါ်မှ ပစ်ခတ်တိုက်ခိုက်မှုများရှိခဲ့ကြောင်း ၊ ရဟတ်ယာဉ်များဖြင့် တိုက်ခိုက်မှုများ လုပ်ဆောင်လျှင် လုပ်သင့်လုပ်ထိုက်သည်များကို လုပ်ဆောင်သွားမည်ဖြစ်ကြောင်း AA က သတင်းထုတ်ပြန်ထားသည်။

ရန်ကုန်ခေတ်သစ်သတင်းဌာနက ရဟတ်ယာဉ်များဖြင့် တိုက်ခိုက်သည်ဆိုသော သတင်းများနှင့်ပတ်သက်၍ တပ်မတော်အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်သို့ ဆက်သွယ်မေးမြန်းနေသော်လည်း ဖုန်းစက်ပိတ်ထားခြင်း၊ ဆက်သွယ်မရခြင်းများ ရှိနေသည်။

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

Related Posts