interview political news

“AA နဲ့ ပတ်သက်တဲ့ လူတွေကို အရေးယူမယ် ၊ အပြစ်ပေးမယ်ဆိုရင် ရခိုင်ပြည်သူလူထုတစ်ခုလုံးကို အရေးယူအပြစ်ပေးမယ်ရမယ်လို့ ကျနော် ထင်တယ်”

နန့်အိသူ/ရန်ကုန်ခေတ်သစ်

ယမန်နေ့ နေပြည်တော်မှာ ကျင်းပသည့် သတင်းစာရှင်းလင်းပွဲတွင် သမ္မတရုံးညွှန်ကြားရေးမှူး ချုပ်ဦးဇော်ဌေးက AA ခေါ် ရခိုင်တပ်မတော်သည် အကြမ်းဖက်အဖွဲ့အစည်း ARSA နှင့်ပတ်သက်နေကြောင်း၊ ရခိုင်လူထုအနေဖြင့် AA ကို မထောက်ခံကြရန် သတိပေးပြောဆိုသွားခဲ့သည်။ ယင်းသို့ ပြောဆိုမှုနှင့်ပတ်သက်ပြီး ရခိုင်နိုင်ငံရေးသမားများနှင့် လူမှုရေးသမားများကို ရန်ကုန်ခေတ်သစ်က ဆက်သွယ်မေးမြန်း အမြင်တောင်းခံထားသည်။

ဦးသန်းလှှိုင်
(ဒုတိယ ဥက္ကဌ၊ ရခိုင်အမျိုးသားပါတီ( ဘူးသီးတောင်မြို့နယ်))

“သူတို့ ထုတ်ပြန်ချက်ကို ရခိုင်လူထု အမြင်ကတော့ တစ်ဖက်သက် စွပ်စွဲပြီး တစ်ဖက်သက် ပြောတယ်လို့ ကျနော်တို့က ယူဆတယ်။ ကျနော်တို့က သိတာတော့ AA နဲ့ ARSA ပတ်သက်တာ မတွေ့ဘူး ။ မကြားဖူးဘူး။ စစ်အင်အားသုံးမယ်ဆိုတာက မဖြစ်သင့်တာပါ ။ ဘာလို့လဲဆိုတော့ စစ်ဖြစ်တယ် ၊ AA နဲ့ တပ်မတော် ဖြစ်တာက ကြားထဲမှာ ပြည်သူတွေက နစ်နာတာပေါ့ ။ စစ်ဖြစ်ရင်တာပေါ့ ။ ငြိမ်းငြိမ်းချမ်းချမ်း ဆွေးနွေးတာ ပိုကောင်းတာပေါ့ ။ AA ကို ထောက်ခံတဲ့သူလည်း ရှိရင် ရှိမှာပေါ့ ။ မထောက်ခံတဲ့သူလည်း ရှိမှာပေါ့ ။ အဲဒါက ဘယ်ပြောလို့ ရမလဲ ။ အစိုးရကိုလည်း ဒီလိုပဲ ။ ထောက်ခံတဲ့သူရှိသလို ၊ မထောက်ခံတဲ့သူလည်း ရှိတာပေါ့ ။

အစိုးရရဲ့ ထုတ်ပြန်ချက်က အစိုးရက ထုတ်ပြန်တယ်။ AA ကလည်း ထုတ်မှာပဲ ။ တစ်ဖက်နဲ့တစ်ဖက် ။ ဒီအပေါ်မှာ ကျနော်တို့အမြင်က စစ်ဆိုတာ တစ်ဖက်က မတိုက်ရင် တစ်ဖက်က တိုက်မှာ မဟုတ်ဘူးလေ ။ တစ်ဖက်က တိုက်လာရင် တစ်ဖက်က တိုက်လာမှာပေါ့။ အဲဒီတော့ စစ်ပွဲပဲ ၊ အမှန်ကတော့ ဟိုဘက်ကလည်း မတိုက်ရင် ဒီဘက်ကလည်း တိုက်မှာ မဟုတ်ဘူး ။ ဒီဘက်က မတိုက်ရင် ဟိုဘက်ကလည်း တိုက်မှာ မဟုတ်ဘူး။ ဒီဘက်က တိုက်ရင် ဟိုဘက်ကလည်း တိုက်မှာဘဲ။ စစ်ဆိုတာ အဲလိုမျိုး။

စစ်ဆိုတာ ဖြစ်တယ်ဆိုတာ မကောင်းဘူး။ ဒါပေမဲ့ ငြိမ်းချမ်းရေး ဆွေးနွေးရင်တော့ ပိုကောင်းတာပေါ့။ စစ်ဖြစ်ရင် ပြည်သူက ကြားထဲမှာ နစ်နာတာပေါ့။ အများကြီး ပေါ့ ။ အခုကတော့ ဒုက္ခသည်တွေက ပိုတိုးလာနိုင်တဲ့ အခြေအနေ တွေ ရှိတယ်။ စစ်ပွဲလည်း နည်းနည်း ပြင်းထန်လာတဲ့အခြေအနေ ရှိတယ်။ ဒီနေ့ဆိုရင် ရဟတ်ယာဉ်တွေ နဲ့ သွားသွားပြီး ခေါက်တုံခေါက်ပြန် ပျံနေတာတွေ့ရတယ်။ ကျနော်တို့ ပြောပြချင်တာက ကျနော်တို့ လုပ်နိုင်တာက ဒီနောက်ပိုင်းကူညီဖို့ ဘေးဒုက္ခကူညီရေး ကော်မတီအနေနဲ့ ပါတီက ဖွဲ့ထားတယ်။ ဘေးဒုက္ခကျလာရင်တော့ ကူညီဖို့ အဆင့်သင့်ဖြစ်အောင် အလှူခံနေပါတယ်။

ဦးအမ်းသားကြီး
ဥက္ကဋ္ဌ၊ သင်္ဂဟကမ်းလက် ရက္ခိတ အဖွဲ့

နိုင်ငံတော် က ပြောတဲ့ စကားဆိုတော့လည်း ဦးဇော်ဌေးပြောတဲ့ စကားလို့ပဲ ယူဆချင်ပါတယ်။ ရခိုင်က ARSA နဲ့ ပတ်သက်နေတာတို့ ၊ AA က ARSA ပတ်သက်နေတဲ့အကြောင်းကို စဉ်းစားကြည့်ရင် ဖြစ်နိုင်ချေ မရှိပါဘူး။ ရခိုင်နဲ့ ဒီဘင်္ဂလီကုလားက လုံးဝ မတည့်တဲ့ အနေအထားတွေ ရှိတယ်။ အဲဒီအပေါ်မှာ ကျနော်တို့ ရခိုင် နဲ့ ဘင်္ဂလီ မတည့်တဲ့ဟာကို ရခိုင်တပ်မတော် AA ကလည်း ရခိုင်နဲ့ ARSA နဲ့လည်း တည့်မှာ မဟုတ်ဘူး။ ပြည်သူ ဘာပဲပြောပြော ရခိုင်တပ်မတော် ကလည်း ပြည်သူကို အခြေခံပြီးတော့ ရပ်တည်ရတဲ့ တပ်မတော်တစ်ခု ဖြစ်တယ်။ မြန်မာနိုင်ငံအစိုးရကလည်း ရခိုင်ပြည်သူကို အခြေခံပြီးတော့ ရပ်တည်ရတဲ့ နိုင်ငံရေး အဖွဲ့အစည်းတစ်ခုလည်း ဖြစ်တယ်။ အဲဒီအပေါ်မှာ ဦးဇော်ဌေးကျတော့ စကားနည်းနည်းများ လွန်များလွန်သွားသလား စဉ်းစားလို့ မရဘူး။ ကျနော်တို့ ရခိုင်တွေကို ရခိုင်လူထုတွေကို လုံးဝငဲ့ညာခြင်း မရှိဘဲနဲ့ ပြောချင်တာပဲ ပြောသွားတယ်ဆိုတော့ နည်းနည်း ကျနော်တို့ ရခိုင် တွေနဲ့ သဟဇာတ မကိုက်ဘူး ဖြစ်တယ်။

ရခိုင်တပ်မတော် ကို ဖွဲ့စည်းထားတာက ရခိုင် ပြည်သူလူထုတွေနဲ့ ဖွဲ့စည်းထားတာပါ။ အဓိက ရခိုင်ပြည်သူလူထုတစ်ရပ်လုံးနဲ့ ဖွဲ့စည်းထားတာ။ အဲဒီအပေါ် ရခိုင်လူထုက AA နဲ့ မပတ်သက်ဖို့ ၊ AA နဲ့ အဆက်အသွယ် မလုပ်ဖို့ ပြောလို့ဆိုရင် ရခိုင်လူထုတစ်ခုလုံးကို AA နဲ့ ပတ်သက်တဲ့ လူတွေကို အရေးယူမယ် ၊ အပြစ်ပေးမယ်ဆိုရင် ရခိုင်ပြည်သူလူထုတစ်ခုလုံးကို အရေးယူအပြစ်ပေးမယ်ရမယ်လို့ ကျနော် ထင်တယ်။ ဘာဖြစ်လဲဆိုတော့ ရခိုင်တပ်မတော်မှာ ရခိုင်လူမျိုးတွေပဲ ဖွဲ့စည်း ထားတဲ့အတွက် ရခိုင်ပြည်နေရာအဆုံးအထိပဲ လိုက်ရမယ် ထင်တယ်။ အဲဒီအပေါ်မှာ ဦးဇော်ဌေး ၊ နိုင်ငံတော်အကြီးအကဲ အားလုံးက သိလောက်တယ်။ သိလျှက်နဲ့ အဲဒီလို ပြောတယ်ဆိုတော့ ကျနော်တို့ ရခိုင်တွေကို လူလို့ မထင်ဘဲ သက်သက်နှိမ့်တယ်လို့တော့ ခံစားရတယ်။ ကျနော်တို့ ပရဟိတအဖွဲ့ က ဟိုဘက် ၊ ဒီဘက် ရပ်တည်ရတဲ့ သူတွေမို့လို့ အဆက်အသွယ်မလုပ်တာဘဲ ရှိနေလိမ့်မယ်။ ရခိုင်ပြည်သူ့လူထု အများဆုံး က AA နဲ့ ဆက်နွယ်နေတာ အမှန်ဘဲ ။

AA တွေက ရခိုင်လူထုကို မငဲ့ညာဘူးလားလို့ မေးချင်ပါတယ်။ အဓိက ရခိုင်ပြည်မှာ တပ်မတော်တစ်ရပ် ၊ ရခိုင်တပ်မတော်ပေါ်လာတယ်။ အဲဒီလိုအနေအထားမှာ ၊ တိုင်းပြည်တစ်ပြည်မှာ ရခိုင်တပ်မတော် AA ကျဆုံးသွားတယ် ဆိုပါစို့ ၊ နောက်ထပ် တပ်မတော်တွေ ပေါ်လာလိမ့်မယ်။ ရခိုင်လူမျိုး ကိုယ်စားပြု တပ်မတော်တွေ ပေါ်လာလိမ့်မယ်။ မွန် ၊ ကချင် ဒါတွေကို လုပ်လို့ ရလား ၊ အဓိက နဲ့ သာမည လုပ်ရမယ့်ဟာ အဲဒါကို ခွဲခြားပြီးတော့ နိုင်ငံတော်က အကြီးအကဲတွေက လုပ်စေချင်တယ်။ ရခိုင်လူထုကို ငဲ့ညာပါ။ ရခိုင်လူထုရဲ့ အသံကို နားထောင်ပါလို့ တောင်းဆိုချင်တယ်။ ရခိုင်လူမျိုးက ဘာဖြစ်စေချင်တာလဲ ၊ ရခိုင်လူထုကို ဘာတွေကို တောင်းတနေတာလဲ ၊ ရခိုင်လူထုရဲ့ ရင်ထဲမှာ ဘာတွေ ရှိနေလဲ အဲ့ဒါကို သိလျက်နဲ့ မျက်ကွယ်ပြုပြီးတော့ အဲဒီလို တစ်ဖက်စောင်းနေ ပြောနေတာတွေက ကျနော်တို့ ရခိုင်လူမျိုးတစ်ရပ် မြန်မာနိုင်ငံမှာ တစ်ဖက်သက်များ အနှိမ်ခံဘဝရောက်နေလား လို့ ခံစားရပါတယ်။

ကျနော်တို့ တိုင်းပြည်မှာ စစ်ပွဲဆိုတာ လွတ်လပ်ရေးရကတည်းက ပြည်တွင်းစစ်ဆိုတာနဲ့ စတယ်။ အဲဒါကို ပြန်ပြီး သိစေချင်တယ်။ စစ်ပွဲ ဖြစ်တိုင်း တိုင်းရင်းသားတွေ ၊ ပြည်သူတွေ ဘယ်လောက်အထိ နစ်နာလဲ ။ အဲဒါကို မြင်နေလျှက် ကျနော်တို့ ရခိုင်ပြည်ကို ဒီပြာပုံဘဝ ရောက်အောင် စစ်တလင်း ဖြစ်အောင် မလုပ်ပါနဲ့လို့ နှစ်ဖွဲ့စလုံးကို ပြောချင်တယ်။ ရခိုင်မှာ ရခိုင် ပရဟိတတွေ ရှိတာ မှန်ပါတယ်။ ကျနော်တို့တောင် မနည်း ရပ်တည်နေရတာဘဝမှာ ကျနော်တို့ သူများကို ကူညီပေးနေရတာ တော်တော်ကြီး အခက်အခဲ ရှိတယ်။ ကျနော်တို့မှာ ရှိတာနဲ့ တောင် မလောက်ဘူး ။ မလောက်ပေမယ့် ကူညီပြီး ပံ့ပိုးပေးနေရတဲ့အတွက် ဒီစစ်ပွဲကို ရပ်တန့်ချင်ပါတယ်။

ဦးမောင်ကျော်ဇံ
ရခိုင်ပြည်နယ်၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်

ရခိုင်ဆိုတာ ARSA နဲ့ ပတ်သက်စရာအကြောင်း မရှိဘူး ။ ARSA ဆိုတာ မနှစ်ကမှာ ARSA ဆိုပြီး နာမည်ပြောင်းလိုက်တာ ။ အရင်တုန်းက အဲဒါကို RS ဆိုပြီး ရခိုင်က သိကြတာ။ မနှစ်ကမှာ သူများတွေ က ARSA ဆိုပြီး လက်ခံလာတာ။ သူတို့က ပြောင်းတာ ၊ ကျနော်တို့က ARSA ကို လက်ကို မခံဘူး။ RS ဆိုတာဘဲ သိတာ။ RS ဆိုတာ ခေတ်အဆက်ဆက် လွတ်လပ်ရေး မရခင်က ၁၉၄၂ နောက်ပိုင်းကနေ လွတ်လပ်ရေးရပြီး ရခိုင်တွေကို နှိပ်စက်ညှင်းပန်း သတ်ဖြတ်လာတာ။ ရခိုင်ရွာတွေကို မီးရှို့လာတာ။ အဲ့ဒီလို့ အကြမ်းဖက်သမားတွေနဲ့ AA က လုံးဝ မပူးပေါင်းဆိုတာ ရခိုင်တွေ အကုန်သိတယ်။

အဲဒါက အစိုးရကနေ ငါလုပ်ပိုင်ခွင့် ရှိတယ်။ ဒီလို့ အင်အားသုံး တဲ့သဘောလေ ။ ရခိုင်တွေအကုန်လုံးက ဒီလိုပဲ မြင်နေကြတယ်။ တခြား တိုင်းရင်းသား ၊ ကချင် ၊ ကရင် ဒေသတွေမှ အခု စစ်ပွဲတွေ ဖြစ်နေတယ်။ အဲဒီလိုနေရာ သုံးခွင့်ပေးတယ် ၊ တိုက်ခွင့်ပေးတယ် ၊ အဲဒီလို အကြမ်းဖက် ကြေညာမယ်။ ပြီးမှ အစိုးရက လုပ်ခွင့်ပေးတာ ဘာမျှ မကြားခဲ့ဘူး။ တပ်မတော်က ဖြစ်နေတာရှိတယ်။ အခုသမ္မတရုံးက ထုတ်ပြန်ချက်မှာ ရခိုင်လူထုတစ်ရပ်လုံးကို သူက ခြိမ်းခြောက်သလို ဖြစ်သွားတယ်။ ဦးဇော်ဌေး ပြောတဲ့ဟာက ၊ ရခိုင်လူမျိုး ၊ ရခိုင်အရပ်ဖက်အဖွဲ့အစည်း ၊ လွှတ်တော်အမတ် ၊ စီးပွားရေး လုပ်ငန်းရှင်တွေ အကုန် AA နဲ့ မပေါင်းကြဖို့ ၊ AA နဲ့ ပေါင်းရင် ရခိုင် စီးပွားရေး ဆုတ်ယုတ်သွားဖို့ ၊ အခက်အခဲတွေ အများကြီး ရင်ဆိုင်သွားရမယ်ဆိုတဲ့ စကားလုံးတွေ ပါတယ်လေ ။ ဒါတွေက အငြိုးကြီး ပြောနေတဲ့ စကားမျိုး ဖြစ်နေတယ်။

စစ်ပွဲ က စစ်ပွဲဖြစ်တာ မကောင်းဘူး ။ ငြိမ်းချမ်းရေးလိုချင်တာပေါ့။ AA ကလည်း ငြိမ်းချမ်းရေးမှာ ဝင်ပြီးဆွေးနွေးမယ်လို့ တောင်းဆိုကြတယ်။ မြောက်ပိုင်းအဖွဲ့နဲ့ ပေါင်းပြီး သူတို့က ကြေညာချက်ထုတ်ထားတယ်။ ဒါပေမဲ့ AA ကိုသပ်သပ် ထားပြီးတော့ AA ကိုကွက်ပြီး မြောက်ပိုင်းတွေကို အပစ်ရပ်ပြီးတော့ ဒီဘက် AA ရှိတဲ့နေရာကို ပစ်တယ်။ ဒါက တရားမျှတမှု မရှိဘူး ။

ဦးပညာဇောတ
ဘောထိအလင်း ပညာရေးဖောင်ဒေးရှင်း

ဦးဇင်းကတော့ ဒီလိုအင်အားတွေ ၊ AA ဘက်ကဘဲ အင်အားသုံးသုံး ၊ တပ်ဘက်ကပဲ အင်အားသုံးသုံး ၊ ဖြစ်စေချင်တာက ဒီစစ်ပွဲတွေ ဖြစ်တာ မကောင်းဘူးပေါ့ ။ ပြည်သူတွေ တအား ဒုက္ခရောက်တယ်။ AA ကနေ အစိုးရကို တိုက်တယ်ဆိုပေမဲ့ အစိုးရတစ်ခုတည်းကို ထိတာမဟုတ်ဘူး ။ ပြည်သူကို ထိမယ်။ အစိုးရကလည်း လက်နက်ကိုင် အင်အားစု ၊ အကြမ်းဖက် ဘယ်လို့ဘဲ အသုံးအနှုန်းဝေါဟာရ ခေါ်ခေါ် ကြေညာချက်တွေ ထုတ်ပြီး တိုက်ပါစေ ၊ AA တစ်ခုတည်း ဒုက္ခရောက်မှာ မဟုတ်ဘူး ။ ရခိုင်ပြည်သူတွေ ၊ ဖြစ်တဲ့ ဧရိယာအဝန်းအဝိုင်းထဲမှာ ပါတဲ့ ဗမာရှိရင် ဗမာပါမယ်။ ရခိုင်ရှိရင် ရခိုင်ပါမယ်။ အခြားမျိုးနွယ်စုတွေ ရှိရင်လည်း တခြားမျိုးနွယ်စုတွေ ခံစားရမယ်။ ဦးဇင်းတို့ကတော့ စစ်ပွဲကို မလိုလားဘူး ။ မဖြစ်စေချင်ဘူး ။ အတတ်နိုင်ဆုံး စစ်ပွဲတွေ မရှိဖို့လိုတယ်။ စစ်ပွဲတွေ မရှိစေဖို့အတွက် နိုင်ငံရေးပြဿနာကို နိုင်ငံရေးပြဿနာနဲ့ ဖြေရှင်းကြစေချင်တယ်။ အကောင်းဆုံးနည်းလမ်းတွေကိုတော့ ဒီတစ်ဖက်နဲ့ တစ်ဖက် ပဋိပက္ခတွေ ၊ တင်းမာတဲ့အနေအထား မဟုတ်ဘဲနဲ့ ဖြစ်စေချင်တယ်။

ဦးမျိုးကျော်
အထွေထွေအတွင်းရေးမှူး၊ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ

AA နဲ့ ARSA ပတ်သက်မှုတော့ ကျနော်တို့က မတွေ့မိဘူး ။ သူတို့က နိုင်ငံတော်ကတော့ သူတို့ဆီမှာ ရထားတဲ့ အချက်အလက်တော့ ရှိပါလိမ့်မယ်။ ဒီဟာတွေတော့ ကျနော်တို့က လက်လှမ်းမမိတော့ ပြောဖို့ ခက်ပါတယ်။ ဒါမျိုးက ဟိုတုန်းက မြန်မာနိုင်ငံမှာလည်း ဖြစ်ဖူးတယ်။ ဟိုတုန်းက ဖြစ်ဖူးတယ်ဆိုတာက ကျနော်တို့ အစောပိုင်းတုန်းက မြန်မာနိုင်ငံရေးအထဲမှာ ကရင်တွေနဲ့ ဗမာ စစ်ဖြစ်တယ်။ ကရင်တွေနဲ့ စစ်ဖြစ်တော့ သူတို့က ကချင်နဲ့တော့ အပစ်အခတ်ရပ်ထားတယ်။ တောင်ပိုင်းမှ စစ်ဖြစ်ရင် မြောက်ပိုင်းနဲ့ အပစ်ခတ်ရပ်ထားတယ်။ မြောက်ပိုင်းမှ စစ်ဖြစ်ရင် တောင်ပိုင်းနဲ့ အပစ်ရပ်ထားတယ်။ အခုလည်း မြန်မာနိုင်ငံ အရှေတိုင်းမှာ စစ်တိုင်းတွေကို အပစ်ရပ်ထားတယ်။ သို့သော်လည်း အနောက်မှ စစ်ပွဲတွေ ဖြစ်တယ်။ ဒါမျိုးက ကျနော်တို့ နိုင်ငံ မှာ အစဉ်အလာကြီးလို့ ဖြစ်တယ်လို့ ကျနော်တို့က မြင်မိတယ်။ ဒါမျိုးက မကောင်းပါဘူး ။ ဖြစ်ချင်ရင် နိုင်ငံတော်ကို ငြိမ်းချမ်းချင်ရင် ငြိမ်းချမ်းရေးစားပွဲကို အကုန်လုံးကို ခေါ်ပြီးတော့ ပွင့်လင်းမြင်သာစွာနဲ့ အကုန်လုံးကို အကန့်အသတ်မထားဘဲ ၊ ခေါ်သင့်တယ်။ ရှေးအဆက်ဆက် ကတည်းက မခေါ်ခဲ့လို့ ဒီနေ့ ပြဿနာတွေ ဖြစ်နေတယ်လို့ မြင်မိပါတယ်။

ဓာတ်ပုံ- AA က ၀င်ရောက်တိုက်ခိုက်ခဲ့သည့် ဂုတ်ပိရဲကင်းစခန်း။

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

khitthitnews.com

Related Posts

khitthitnews.com