All News Local News

မြောက်ဦးမြို့နယ်၊ တိမ်ညိုရဲစခန်းမှူးကို ကျည်ဆန်တစ်တောင့်ပို့ သတိပေးမှုသည် အချုပ်အခြာအာဏာကို AA က ခြိမ်းခြောက်ခြင်းဟု တပ်မတော်တုံ့ပြန်

ရန်ကုန်၊ ဇန်နဝါရီ ၈

ရခိုင်တပ်မတော်(AA) က တရားဥပဒေကို ကာကွယ်စောင့်ရှောက်နေသည့် ရဲတပ်ဖွဲ့ အဖွဲ့အစည်းဝင်များကို ကျည်ဆန်တစ်တောင့်နှင့် သတိပေးခြိမ်းခြောက်စာပေးပို့မှုသည် နိုင်ငံတော်၏ အချုပ်အခြာအာဏာကို ခြိမ်းခြောက်လိုက်ခြင်းဖြစ်ကြောင်း တပ်မတော်ပြောခွင့်ရပုဂ္ဂိုလ် ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောသည်။

ရခိုင်တပ်မတော်(AA) က ရခိုင်ပြည်နယ်အတွင်း အမျိုးသားရေးလုပ်ငန်းများနှင့် AA က ချမှတ်ထားသည့် လမ်းစဉ်များကို အကောင်အထည်ဖော်ဆောင်ရွက်နေသူများကို တစ်စုံတစ်ရာ အနှောင့်အယှက်ပေးလျှင် မည်သူကိုမဆို တိကျပြတ်သားစွာ လက်တုံ့ပြန်မည်ဟု ကျည်ဆန် တစ်တောင့်နှင့် ခြိမ်းခြောက်စာပေးပို့မှုများ ဆောင်ရွက်နေပြီး မြောက်ဦးမြို့နယ် တိမ်ညိုစခန်းမှူး ရဲအုပ် ကျော်ကျော်လှကိုလည်း ဇန်နဝါရီလ ၆ ရက်နေ့က ယင်းသို့ ခြိမ်းခြောက်စာ ပေးပို့ခဲ့ခြင်းဖြစ်သည်။

“ဒါက လက်နက်ကိုင်အဖွဲ့အစည်းကို ခြိမ်းခြောက်တာထက် လက်နက်ကိုင်အဖွဲ့အစည်းမှာမှ မြန်မာနိုင်ငံရဲ (ပြည်သူ့ရဲ)ကို ခြိမ်းခြောက်တာ ဖြစ်တဲ့အတွက် လက်နက်ကိုင်အဖွဲ့အစည်းချင်း တူတာတောင်မှာဘဲ မြန်မာနိုင်ငံရဲဆိုတာ ပြည်သူ့တွေနဲ့ နီးကပ်နေပြီး ၊ ပြည်သူ့ အသက်အိုးအိမ်ကို ကာကွယ်နေတဲ့ အဖွဲ့အစည်း ၊ မြန်မာနိုင်ငံရဲ့ အုပ်ချုပ်မှုယန္တရား ၊ အသက်အိုးအိမ်အတွက်ကာကွယ် လုပ်နေတဲ့ အဖွဲ့အစည်းလေ ။ တရားဥပဒေကို ကာကွယ်စောင့်ရှောက်နေတဲ့ အဖွဲ့အစည်း ၊ ဒီအဖွဲ့အစည်းကို ရဲအုပ်တစ်ဦးချင်း ၊ ဒု ရဲအုပ်တစ်ဦးချင်း၊ ရဲတပ်သား တစ်ဦးချင်းလို့ ခွဲလို့ မရပါဘူး။ ရဲအုပ်ဘဲဖြစ်ဖြစ် ၊ ဒု ရဲအုပ်ဘဲ ဖြစ်ဖြစ် ၊ ရဲတပ်သားဘဲ ဖြစ်ဖြစ် ၊ ဒါကို ခြိမ်းခြောက်တာက နိုင်ငံတော်ရဲ့ တရားဥပဒေစိုးမိုးရေးကို ဆောင်ရွက်နေတဲ့ အဖွဲ့အစည်းကို ခြိမ်းခြောက်တာပဲလို့ ကျနော်တို့က ယူဆတယ်။ အဲဒီအဖွဲ့အစည်းကို ခြိမ်းခြောက်တာ နိုင်ငံတော်ရဲ့ အုပ်ချုပ်မှု ယန္တရား ၊ နိုင်ငံတော်ရဲ့ အချုပ်အခြာ အာဏာကို သူက ခြိမ်းခြောက်တယ်လို့ ကျနော်တို့က ယူဆတယ်။ အဲဒီလိုမျိုး လုပ်နေတာက ဒေသ ရဲ့တည်ငြိမ်အေးချမ်းမှု ၊ ဒေသရဲ့ တရားဥပဒေစိုးမိုးမှု လုပ်ငန်းတွေကို ဒါအနှောင့်အယှက်ဖြစ်စေတယ်လို့ ယူဆတယ်။ ဒါတွေကို လက်ခံထားရင် ပြည်သူ့ထဲမှာ ကျယ်ပြန့်သွားရင် ဘာဖြစ်မလဲဆိုတော့ ရဲတပ်ဖွဲ့အဖွဲ့အစည်းသည် သူက တရားဥပဒေစိုးမိုးမှု လုပ်ငန်း ၊ ပြည်သူ့ရဲ့ အသက်အိုးအိမ်စည်းစိပ် ကာကွယ်ရေးလုပ်ငန်း ၊ အုပ်ချုပ်မှုယန္တရား တွေကို ကူညီပေးနေတဲ့ လုပ်ငန်းတွေအတွက် ဒါက အနှောင့်အယှက်ပေးတယ်လို့ ယူဆတယ်။ သူက လုပ်နေတဲ့ အဓိက ရည်ရွယ်ချက် ကတော့ ဒါဟာ တည်ဆဲအစိုးရတစ်ရပ်ရဲ့ အချုပ်အခြာ ၊ လုပ်ပိုင်ခွင့် ၊ တရားစီရင်ရေးအာဏာ ၊ အုပ်ချုပ်မှုအာဏာတွေကို ထိပါးနှောင့်ယှက်တာဘဲလို့ ယူဆတယ်” ဟု တပ်မတော်ပြောခွင့်ရ ပုဂ္ဂိုလ် ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ဆိုသည်။

၂၀၁၈ ခုနှစ် ၊ ဒီဇင်ဘာလ ၂၁ ရက်နေ့ကလည်း ဘူးသီးတောင်မြို့နယ် နွားရုံတောင်ကျေးရွာ စခန်းမှူး ဒုရဲအုပ် သျှစ်ရှားအောင်၊ ဒေသခံနှစ်ဦး ဖြစ်တဲ့ ဦးဉာဏ်လင်းနှင့် ဦးစစ်စစ် တို့ကိုလည်း ရက္ခိုင့်တပ်မတော် က သေနတ်ကျည်ဆန်များနှင့် ခြိမ်းခြောက်စာ ပေးပို့ခဲ့သည်။

AA အဖွဲ့သည် ဇန်နဝါရီလ ၄ ရက်နေ့တွင် ရဲကင်းစခန်း ၄ ခုကို ဝင်ရောက်တိုက်ခိုက်မှု ဆောင်ရွက်ခဲ့ပြီး ယင်းလုပ်ရပ်ကြောင့် ရဲတပ်ဖွဲ့ဝင် ၁၃ ဦးကျဆုံးကာ ၉ ဦးဒဏ်ရာရရှိခဲ့သည်။

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

Related Posts