All News Local News

AAသည် အကြမ်းဖက်သမားများနှင့် လက်မတွဲ၊ သမ္မတရုံးညွှန်ချုပ် ဦးဇော်ဌေး၏ ပြောကြားချက်များသည် ရခိုင်တစ်မျိုးသားလုံးကို စော်ကားမှုဟု ကြေညာချက်ထုတ်

ရန်ကုန်၊ ဇန်နဝါရီ ၈

ရခိုင်တပ်မတော်(AA) သည် ARSA ခေါ် အကြမ်းဖက်အဖွဲ့နှင့် ပူးတွဲဆောင်ရွက်မှုများရှိနေကြောင်း သမ္မတရုံးပြောခွင့်ရပုဂ္ဂိုလ်ဦးဇော်ဌေး၏ ပြောကြားချက်သည် မဟုတ်မှန်ဘဲ မည်သည့်အကြမ်းဖက်သမားများနှင့်မျှ ပူးပေါင်းလက်တွဲသွားလိမ့်မည် မဟုတ်ကြောင်း AA က ကြေညာချက်ထုတ်ပြန်သည်။

ဇန်နဝါရီလ ၇ ရက်နေ့တွင် သမ္မတရုံးဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက နေပြည်တော်တွင် ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် AA သည် ARSA နှင့်ဆက်နွယ်မှုရှိနေကြောင်း ရှင်းလင်းပြောကြားမှုကို AA ဘက်က ယင်းသို့ ပြန်လည်တုံ့ပြန်လိုက်ခြင်းဖြစ်သည်။

မြန်မာအစိုးရနှင့်မြန်မာစစ်တပ်သည် မိမိတို့အဖွဲ့အစည်းနှင့် ရခိုင်လူမျိုးကို နိုင်ငံတကာတွင ်ဂုဏ်သိက္ခာကျဆင်းသွားစေရန်၊ မဟာမိတ်အဖွဲ့အစည်းများနှင့် မိတ်ဆွေများ၏ အမြင်တွင် နားလည်မှု လွဲမှားစေရန်၊ ထောက်ခံမှုလျော့နည်းသွားစေရန် အခြေအမြစ် အထောက်အထားမရှိ စွပ်စွဲချက်များဖြစ်ကြောင်း AA ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ဦးဇော်ဌေးက ရခိုင်လူမျိုးများကို ရာဇသံပေးခြိမ်းခြောက်ပြောဆိုသည့် အပြုအမူ အပြောအဆိုများမှာ ရခိုင်တစ်မျိုးသားလုံးကို စော်ကားသည့် လုပ်ရပ်ဖြစ်ကြောင်း၊ ရခိုင်အမျိုးသားများ အဖိနှိပ်ခံဘဝမှ လွတ်မြောက်ရေး နှင့် အမှန်တရားတို့အတွက် ခြွင်းချက်မရှိ တွန်းလှန်သွားမည်ဖြစ်ပြီး ငြိမ်းချမ်းရေးအတွက်လည်း ရဲရဲဝံ့ဝံ့ ဆွေးနွေးသွားရန် အမြဲတမ်း အဆင်သင့်ရှိကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ဇန်နဝါရီလ ၄ ရက်နေ့က AA တပ်ဖွဲ့က ရဲကင်းစခန်း ၄ ခုကို ဝင်တိုက်ပြီးနောက် ရဲတပ်သား ၁၃ ဦး ကျဆုံးကာ ၉ ဦးဒဏ်ရာရရှိပြီးနောက် အစိုးရက AA ကို အပြတ်ချေမှုန်းမည်ဟု ထုတ်ပြန် ခဲ့သည်။

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

Related Posts