All News Local News

၁၀၀၀၀ တန် အတုကြောင့် အရေးယူခံနေရသည့် မနော်သော့သွဲ့ထူး လွတ်မြောက်ရေး သမ္မတဆီ မြန်မာနိုင်ငံလူ့အခွင့်အရေးကော်မရှင် တင်ပြ

ရန်ကုန်၊ ဇန်နဝါရီ ၃

စင်ကာပူမှ ပြန်လာသော အိမ်အကူ မနော်သော့သွဲ့ထူးတွင် ငွေကျပ် ၁၀၀၀၀ တန်ငွေတုများ တွေ့ရှိမှုဖြင့် အရေးယူခံထားမှုမှ လွတ်မြောက်နိုင်ရေးအတွက် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်ထံ မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်က စာရေးသား တင်ပြလိုက်ပြီဖြစ်ကြောင်း ကော်မရှင်အတွင်းရေးမှူး ဦးဘုန်းကြွယ်က ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ပြောသည်။

၂၀၁၈ ခုနှစ် ဒီဇင်ဘာလ ၆ ရက်နေ့တွင် စင်ကာပူမှ ပြန်လာသော အိမ်အကူ မနော်သော့သွဲ့ထူးသည် စင်ကာပူနိုင်ငံတွင်ပင် လဲလှယ်ခဲ့သော ငွေကျပ် ၂၉ ၆၀၀၀၀ ကျပ်ကို ယူဆောင်ခဲ့ပြီး ရဲတပ်ဖွဲ့က စစ်ဆေးရာတွင် ၁၀၀၀၀ တန် ၁၅၄ ရွက်မှာ အတုများဖြစ်နေသည်ကို တွေ့ရှိခဲ့ရကာ မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဥပဒေ ပုဒ်မ ၁၀၅/၁၀၆ ဖြင့် အရေးယူခဲ့ကြောင်း၊ ယင်းနောက် မနော်သော့သွဲ့ထူး ကိစ္စကို မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်က ဝင်ရောက်စုံစမ်းခဲ့ရာ မနော်သော့သွဲ့ထူး ရိုးရိုးသားသားဖြင့် ငွေတုများ သက်ဆိုင်ရာသို့ အပ်နှံရန် ကြိုးစားခဲ့သည်ကို တွေ့ရှိရ ကြောင်း ဦးဘုန်းကြွယ်က ဆိုသည်။

“စုံစမ်းစစ်ဆေးချက်တွေအရ ကလေးမလေးက ရိုးရိုးသားသားဆိုတာ ပေါ်လွင်လာတယ်။ ငွေတုတွေကို သက်ဆိုင်ရာဆီကို အပ်ဖို့ ရယက ကို အကြောင်းကြားထားပြီးသား။ ဒါကလည်း ပေါ်လွင်တယ်။ စစ်ဆေးမှုတွေအရ ငွေတုမှန်း မသိဘဲ သုံးမိတယ်။ သိတော့ ချက်ချင်း အပ်ဖို့ ကြိုးစားနေရင်း အဖမ်းခံရတာ။ ဒါလေးကလည်း ပေါ်လွင်တယ်။ အခု ပုဒ်မ ၁၀၆ လည်းပြုတ်သွားပြီ။ သမ္မတဆီကို ဒီကိစ္စ ကျနော်တို့ ကော်မရှင် စာတင်လိုက်ပြီ” ဟု ဦးဘုန်းကြွယ်က ဆိုသည်။

မူလက မနော်သော့သွဲ့ထူး ကို ဗဟိုဘဏ်ဥပဒေ ပုဒ်မ-၁၀၅၊ ပုဒ်မ ၁၀၆ ဖြင့် အရေးယူထားခြင်းဖြစ်ပြီး ပုဒ်မ ၁၀၅ သည် ငွေဒဏ်ဖြစ်စေ၊ သုံးနှစ်ထက်မပိုသောထောင်ဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ကျခံနိုင်သော ပုဒ်မဖြစ်ပြီး ပုဒ်မ-၁၀၆ အနည်းဆုံးထောင်ဒဏ် ၁၀ နှစ်မှ အများဆုံး ထောင်ဒဏ် နှစ် ၂၀ အထိ ချမှတ်နိုင်သော ပုဒ်မဖြစ်ကာ အမှုတွင် ပုဒ်မ ၁၀၆ ဖြုတ်ပယ်လိုက်သည့်အတွက် ထောင်ဒဏ်နှစ်ရှည်ကျခံနိုင်ရသည့် အခြေအနေမှ လွတ်မြောက်သွားပြီဖြစ်သည်။

မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်အနေဖြင့် မနော်သော့သွဲ့ထူး လွတ်မြောက်ရေးနှင့် လုပ်ခလစာများ ပြန်လည်ရရှိရေးအတွက် သက်ဆိုင်ရာ ဝန်ကြီးဌာနများထံလည်း စာရေးသား ပေးပို့ထားကြောင်း သိရှိရသည်။

“တရားရေးဘက်ကိုလည်း စာရေးထားတယ်။ နောက်တစ်ခုက ကလေးမလေးက စင်ကာပူမှာ ပင်ပင်ပန်းပန်းအလုပ်လုပ်ပြီး ငွေ သိန်း ၃၀ လောက်ပြန်ပါလာတာ ငွေတုဖြစ်နေတော့ သူရဲ့ လုပ်ခ လစာ မဆုံးရှုံးရအောင် အလုပ်သမားဝန်ကြီးဌာနနဲ့ ILO ကိုလည်း စာရေးသားပေးပို့ပြီး သူရဲ့ လုပ်ခလစာပြန်ရအောင်လည်း လုပ်ပေးနေတယ်။ အဓိကက ရိုးရိုးသားသား မသိဘဲနဲ့ ဖြစ်သွားတဲ့ကိစ္စ ဖြစ်တယ်ဆိုတာက ပေါ်လွင်နေတာကြောင့် သူရသင့်ရထိုက်တာ ပြန်ရဖို့ပါ ” ဟု ဦးဘုန်းကြွယ်က ဆိုသည်။

မနော်သော့သွဲ့ထူးသည် လာမည့် ရုံးချိန်းတွင် အာမခံရရှိရေး လျှောက်ထားမည်ဖြစ်ပြီး လွှတ်တော်ကိုယ်စားလှယ်များနှင့် သက်ဆိုင်ရာ တိုင်းဒေသကြီးအစိုးရအဖွဲ့ကလည်း ကူညီမှုများ ပေးနေကြောင်း သိရှိရသည်။

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

khitthitnews.com

Related Posts

khitthitnews.com