All News Local News

ဧရာဝတီမြစ်ကို ရောင်းမစားဖို့ မြန်မာကက်သလစ် ဂိုဏ်းချုပ် ချားလ်စ်မောင်ဘိုပြောဆိုပြီး မြစ်ဆုံကို အပြင်းအထန် ကန့်ကွက်

ရန်ကုန်၊ ဇန်နဝါရီ ၃၀

ဧရာဝတီမြစ်ဆုံရေကာတာ မဆောက်ဖို့နဲ့ ဧရာဝတီမြစ်ကို ရောင်းမစားဖို့ မြန်မာနိုင်ငံ ကက်သလစ် ဂိုဏ်းချုပ်ဆရာတော် ကာဒီနယ်ချားစ်မောင်ဘိုက မြန်မာအစိုးရခေါင်းဆောင်တွေ၊ နိုင်ငံတကာ အသိုက်အဝန်းနဲ့ မြန်မာနိုင်ငံသားတွေကို တိုက်တွန်းပြောဆိုပြီး မြစ်ဆုံစီမံကိန်းကို ကန့်ကွက်လိုက်ပါတယ်။

ဇန်နဝါရီ ၂၈ ရက်နေ့မှာ ကာဒီနယ်ချားလ်စ်မောင်ဘိုက အဲဒီလို ပြောဆိုလိုက်တာဖြစ်ပြီး မြစ်ဆုံရေကာတာ တည်ဆောက်ခြင်းကြောင့် စူပါပါဝါနိုင်ငံအတွက် ဧရာဝတီမြစ်ကြီး ဆုံးရှုံးရတော့မယ့် ဝမ်းနည်းဖွယ်အခြေအနေ ကြုံတွေ့နေရတယ်လို့ ပြောဆိုလိုက်ပါတယ်။

မြန်မာနိုင်ငံ ကက်သလစ် ဂိုဏ်းချုပ်ဆရာတော် ကာဒီနယ်ချားလ်စ်မောင်ဘိုရဲ့ ပန်ကြားချက် အပြည့်အစုံကို ပြန်လည် ဖော်ပြပေးလိုက်ပါတယ်။

“မျက်ဝန်းမှ မျက်ရည်၊ အကြောက်တရား၊ ဝမ်းနည်းခြင်းများဖြင့် တုန်လှုပ်နေသော နှလုံးသားတို့နှင့် ကျွနု်ပ်တို့ မြန်မာလူမျိုးများသည် အုပ်ချုပ်သူများနှင့် နိုင်ငံတကာ အသိုင်းအဝိုင်း၏ တံခါးများအား တီးခေါက်နေပါသည်။ မြစ်ဆုံရေကာတာ တည်ဆောက်ခြင်းဖြင့် ကျွနု်ပ်တို့ မိခင် ဧရာဝတီမြစ်ကြီးအား စူပါပါဝါနိုင်ငံ တစ်နိုင်ငံအတွက် ဆုံးရှုံးရတော့မည့် ဝမ်းနည်းဖွယ်ရာ အခြေအနေနှင့် ကြုံတွေ့နေရသည် ဖြစ်ရာ မြန်မာနိုင်ငံသား တစ်ဦး တစ်ယောက်စီတိုင်းသည် စိတ်စေတနာကောင်းရှိသူတိုင်းနှင့်အတူ အဖြစ်ဆိုးဖြင့် ကြုံရတော့မည့် မြန်မာနိုင်ငံအတွက် တောင်းဆိုပါသည်။

ဧရာဝတီမြစ်သည် ကျွနု်ပ်တို့အတွက် သာမန်မြစ်တစင်း မဟုတ်ပါ။ မိခင် ဧရာဝတီမြစ်သည် အလဲအလှယ် ကုန်သွယ်ဖလှယ်ရမည့် ကုန်ပစ္စည်းတစ်ခုသက်သက် မဟုတ်ပါ။ မိခင် ဧရာဝတီမြစ်သည် မြန်မာနိုင်ငံသားတိုင်း၏ မွန်မြတ်သော မိခင်တစ်ဦး ဖြစ်ပါသည်။ ဧရာဝတီမြစ်သည် နိုင်ငံတော်၏ လည်ဆွဲ ရတနာသဖွယ် တည်ရှိပြီး မြန်မာတဝန်း မိုင်ထောင်ချီ ဖြန့်ကျက်တည်ရှိနေပါသည်။ ဧရာဝတီမြစ်သည် ကျွန်ုပ်တို့အတွက် ဝမ်းနည်းမှု၊ ပျော်ရွှင်မှုနှင့် အတိတ်သမိုင်း ဒဏ်ရာများကိုလည်း သက်သေပြုသည့် သမိုင်းဝင်မြစ်ကြီး ဖြစ်ပါသည်။ ဧရာဝတီမြစ်သည် ကျွနု်ပ်တို့ မျှော်လင့်ချက်၊ ကျွန်ု်ပ်တို့၏ အနာဂတ်ပန်းတိုင် ဖြစ်ပါသည်။

မြန်မာနိုင်ငံသည် စိုက်ပျိုးရေးအခြေပြု နိုင်ငံဖြစ်သည်နှင့်အညီ ၈၀ ရာခိုင်နှုန်းသော လူအပေါင်းသည် လယ်ယာစိုက်ပျိုးရေးဖြင့် ရှင်သန်နေထိုင်ကြသည်ဖြစ်ရာ ဧရာဝတီမြစ်ကြီးသည် ကျွုနု်ပ်တို့၏ သက်မွေးဝမ်းကျောင်းတွက် မဆုတ်မနစ် ပံ့ပိုးပေးသူဟုလည်း ဆိုနိုင်ပါသည်။ ခမ်းနားလှသော မိခင် ဧရာဝတီသည် မြန်မာနိုင်ငံ တောင်တန်းအစွယ်စွယ်ကို ကကြိုးသွယ် ဖြတ်သန်းလျက် မြန်မာနိုင်ငံသားတို့၏ အတွင်းဝိညာဉ်များဆီသို့လည်း စိမ့်ဝင်စီးဆင်းနေပါသည်။ မိခင်ဧရာဝတီသည် ဆင်းရဲသား လယ်သမားများအား ရက်ရက်ရောရော ပံ့ပိုးပေးသလို မြန်မာနိုင်ငံ၏ မွန်မြတ်သော အမှတ်သင်္ကေတ အဖြစ် တည်ရှိနေပါသည်။

ထိုမွန်မြတ်သော မိခင်ဧရာဝတီသည် ယခုအခါ အပေးအယူလုပ်ခံရမည့် အရာဝတ္ထုအဖြစ် အာရုံစိုက်ခြင်း ခံနေရပါသည်။ အင်အာကြီး နိုင်ငံကြီးများသည် ဤမြန်မာနိုင်ငံမှ အရာအားလုံး သိမ်းကျုံးရယူလိုနေပါသည်။ ဆယ်စုနှစ်များစွာ အင်အားကြီးနိုင်ငံများသည် ဗျူဟာမြောက်သော နေရာတွင် တည်ရှိသည့် မြန်မာနိုင်ငံအား ခြိမ်းခြောက်ခေါင်းပုံဖြတ်ခဲ့ကြပါသည်။ နိုင်ငံကြီးများသည် ကျွနု်ပ်တို့ မြန်မာအမျိုးသမီးများအား မြန်မာနိုင်ငံ မြောက်ပိုင်းဒေသများမှ တဆင့် အသုံးချခံ ပစ္စည်းအမှတ်နှင့် လူကုန်ကူးကြပါသည်။ ထိုသို့သော ကံကြမ္မာဆိုးအား ကြုံတွေ့ရသည့် လူကုန်ကူးခံ မြန်မာအမျိုးသမီးငယ်များကဲ့သို့ မိခင် မြစ်ဧရာဝတီသည်လည်း ကံကြမ္မာဆိုးဖြင့် ကြုံတွေ့ရတော့မည် ဖြစ်ပါသည်။

လတ်လလော ဖြစ်ပျက်ခဲ့သည့် အဖြစ်အပျက်များကြောင့် ကံအကြောင်းမလှစွာပင် နိုင်ငံကြီးများသည် ကျွနု်ပ်တို့ မြန်မာနိုင်ငံအား လွှမ်းမိုးမှု တိုးချဲ့လိုသည်ကို သတိပြုမိပါသည်။ နိုင်ငံကြီးများသည် မြန်မာနိုင်ငံအပေါ် ခြိမ်းခြောက်မှုများ၊ အကျပ်ကိုင်ခြင်းတို့နှင့် အတင်းအကျပ်ပြုလာပါသည်။

ဤအခြေအနေသည် စိတ်နှလုံးကြေကွဲဖွယ်ရာ ဝမ်းနည်းစရာကောင်းလှပါသည်။

မြစ်ဆုံရေကာတာသည် မြန်မာလူမျိုးများအတွက် သေဒဏ်ကြိုးမိန့် ဖြစ်ပါသည်။ သန်းပေါင်းများစွာသော လယ်သမားများ၏ အသက်မွေးဝမ်းကျောင်း ဆုံးရှုံးမှု အလားအလာ၊ ဧရာဝတီမြစ်ကြောင်းတလျှောက် သန့်ရှင်းသော ဘုရားစေတီမြေများအား အမြတ်ထုတ် ဖျက်ဆီးမှု၊ မြန်မာနိုင်ငံ၏ သဘာဝ အလှတရား သစ်ပင်ပန်းမန်များ မျိုးသုဉ်းပျက်စီးဆုံးရှုံးနိုင်မှု အစရှိသည့် အခြေအနေဆိုးများသည် အိမ်မက်ဆိုးအလား လက်တွေ့ဖြစ်လာမည့် အခြေအနေများ ဖြစ်ပါသည်။ မြစ်ဆုံရေကာတာသည် သဘာဝ ပတ်ဝန်းကျင်ဆိုင်ရာ ဘေးအန္တရာယ် ဖြစ်ပါသည်။ မြစ်ဆုံရေကာတာသည် နာတာရှည် ပြည်တွင်းစစ်ပွဲများအတွက် အဆိပ်ခွက်တစ်ခွက် ဖြစ်ပါသည်။ ငြိမ်းချမ်းရေးသည် မိုးကုပ်စက်ဝိုင်းမှ ပျောက်ကွယ်သွားပါလိမ့်မည်။ သွေးစွန်းသော အနာဂတ်သည် မြန်မာလူမျိုးတို့အား စောင့်ကြိုနေပါလိမ့်မည်။ ထိုအဖြစ်ဆိုးများအား ကျွနု်ပ်တို့ရရှိရန် မထိုက်တန်ပါ။

ငြိမ်းချမ်းရေး ပြည့်ဝသော အနာဂတ်အတွက် မြစ်ဆုံ ရေကာတာအား ရပ်ဆိုင်းရပါမည်။ မြန်မာနိုင်ငံတော် သမ္မတဟောင်း ဦးသိန်းစိန်သည် ရဲရင့်စွာဖြင့် မြစ်ဆုံ ရေကာတာ တည်ဆောက်ခြင်းလုပ်ငန်းအား ရပ်တန့်ခဲ့ပါသည်။ မိခင် မြစ်ဧရာဝတီအား အမြတ်ထုတ် ဖျက်ဆီးမည့် မည်သည့် စာချုပ်မျိုးမဆို ဖျက်သိမ်းမည့် လုပ်ရပ်အား မြန်မာနိုင်ငံအတွင်း နေထိုင်သူ အားလုံးတို့ ထောက်ပံ့မည်ဟု ကျွနု်ပ်တို့အားလုံး အထူး ယုံကြည်ပါသည်။ မြစ်ဆုံ ရေကာတာ တည်ဆောက်ရေး စီမံကိန်းအား ထောက်ပံ့သူတိုင်းသည် မိမိ သွေးရင်းသားသမီးများအား ငွေကြေးအတွက် အလဲအလှယ်ပြုသော မိဘများနှင့် တူညီပါသည်။ ထိုသို့ မိခင် ဧရာဝတီအား ရောင်းစားသည့်သူမည်သူမဆို သမိုင်းသည် ခွင့်လွှတ်ပေးလိမ့်မည် မဟုတ်ပါ။

မြန်မာနိုင်ငံသား အားလုံး၏ ကိုယ်စား၊ အထူးသဖြင့် ဆင်းရဲသား တောင်သူလယ်သမားများ ကိုယ်စား ကျွနု်ပ်တို့သည် မိခင်ဧရာဝတီအား ဖျက်ဆီးမည့် လုပ်ရပ်တိုင်းအား ရပ်တန့်ရန် အလေးအနက်ပြု တောင်းဆိုပါသည်။ မိခင် ဧရာဝတီမြစ်၏ ဂုဏ်သိက္ခာ အလှတရားအား ကာကွယ်စောင့်ရှောက်ရန် မြန်မာနိုင်ငံသားအပေါင်း လက်ချင်းချိတ် ပူးပေါင်းလုပ်ဆောင်ကြရန် ကျွနု်ပ်တို့ အလေးအနက်ထား တောင်းဆိုပါသည်။ မိခင် မြစ်ဧရာဝတီမြစ်၏ အနာဂတ်နှင့် အလှတရား ဂုဏ်သိက္ခာအား ဖျက်ဆီးရန် ကြိုးပမ်းမှု အားလုံးကို ကြံ့ကြံ့ခံ ခုခံရန် မြန်မာနိုင်ငံ ခေါင်းဆောင်များအပေါ် ကျွနု်ပ်တို့ မျှော်လင့်မိပါသည်။

ဓာတ်ပုံ- ပုပ်ရဟန်းမင်းကြီးနှင့် နှုတ်ဆက်နေသည့် ကာဒီနယ် ချားလ်စ်မောင်ဘို

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

khitthitnews.com

Related Posts

khitthitnews.com