All News Local News

“အဝေးသင်အတွက် ၅ ရက် နှစ်ကြိမ်ခွဲတက်လိုက်တဲ့အတွက် အလုပ်ပြုတ်ပြီးတော့ ဘဝပျက်သွားမယ့်ဘဝတွေ”

By နန့်အိသူ/ရန်ကုန်ခေတ်သစ်

ဖဲကြိုးနီကျောင်းသားလှုပ်ရှားမှုဦးဆောင်ကော်မတီဝင် မပိုးငယ်နှင့်တွေ့ဆုံခြင်း

ပညာရေးဝန်ကြီးဌာန၊ အဝေးသင်အနီးကပ်သင်တန်းကို နှစ်ကြိမ်ခွဲတက်ရမည်ဟု ကြေညာလိုက်ရာ ယင်းကြေညာချက်ကြောင့် အလုပ်တစ်ဖက်လုပ်နေရသည့် ကျောင်းသားကျောင်းသူများက အဆင်မပြေသည့် အသံများထွက်ပေါ်လာပြီး ဖဲကြိုးနီကျောင်းသားလှုပ်ရှားမှု ဦးဆောင်ကော်မတီဝင် တစ်ခုလည်းပေါ်ပေါက်လာသည်။ အဆိုပါ ကော်မတီက ရှေ့ဆက်လုပ်ဆောင်သွားမည့် အခြေအနေများနှင့်ပတ်သက်ပြီး ကော်မတီဝင် မပိုးငယ်ကို ရန်ကုန်ခေတ်သစ်က တွေ့ဆုံမေးမြန်းထားပါသည်။

မေး ။ ။ ၅ ရက် နှစ်ကြိမ် ခွဲတက်ရမယ့် အဝေးသင်ပညာရေးစနစ်အအပြောင်းအလဲ ဆန့်ကျင်တဲ့ ဖဲကြိုးကျောင်းသားလှုပ်ရှားမှု ဦးဆောင်ကော်မတီက ဘယ်လိုလှုပ်ရှားမှုတွေ လုပ်မလဲ။

ဖြေ ။ ။ ညီမတို့ ပထမဆုံးကြေညာချက်ထွက်လာတယ်၊ ထွက်လာတဲ့အချိန်မှာ ညီမတို့ အဝေးသင်ကျောင်းသား ကျောင်းသူတွေအနေနဲ့ အရမ်းကိုအခက်အခဲဖြစ်တယ်ပေါ့၊ အွန်လိုင်းပေါ်မှာဆိုရင်လည်း Comment တွထဲမှာ အရမ်းကိုပဲ အခက်အခဲဖြစ်တယ်ဆိုတဲ့ ဟာတွေ တက်လာတယ်ပေါ့။ အဲဒီအချိန်မှာ ညီမတို့ ပထမဦးဆုံး ဘာလုပ်ကြမလဲပေါ့၊ ပထမဆုံး အဝေးသင်ကျောင်းသား ကျောင်းသူတွေ စုပြီးတော့ ဘာလုပ်ကြမလဲပေါ့နော်။ ကိုယ့်ဘာသာကိုယ် Chat box တွေကနေ စကားပြောကြတယ်။ ပြောကြတဲ့အချိန်မှာ တစ်ခုခုတော့လုပ်မှဖြစ်မယ်၊ ဒါကို ကန့်ကွက်တယ်ဆိုတာကို ညီမတို့ပြဖို့အတွက် ပထမဦးဆုံး ဒီ ဖဲကြိုးနီကမ်ပိန်းကို ညီမတို့လုပ်ဖို့အတွက်နော် အွန်လိုင်းပေါ်ကလုပ်ဖို့အတွက် ပထမဦးဆုံးဖွဲ့ ပြီး တော့ကျတော့ အဝေးသင်ကျောင်းသား ကျောင်းသူတွေ စုပြီးတော့လုပ်ဖြစ်တယ်။ လုပ်ဖြစ်ပြီးတဲ့နောက်ပိုင်းမှာ အွန်လိုင်းပေါ်ကနေပဲ ညီမတို့ ကန့်ကွက်နေတာက မထိရောက်နိုင်သေးဘူးပေါ့နော်၊ အဲဒီအခါကျတော့ ဒီထက်ပိုပြီး ထိရောက်မှုရှိအောင်ဆိုပြီးတော့ ဦးဆောင်ကော်မတီဖွဲ့စည်းဖို့ ဆုံးဖြတ်ခဲ့တာပါ။

မေး ။ ။ ဖဲကြိုးနီလှုပ်ရှားမှုက ဘာတွေ ဆက်လုပ်ဖို့ရှိလဲ။

ဖြေ ။ ။ အဲဒါကျတော့ ညီမတို့ ဗန္ဓုလပန်းခြံမှာ ဒီ အဝေးသင်ကျောင်းသူ ကျောင်းသားတွေ Group ထဲကနေ ဖိတ်လိုက်တယ်။ အဝေးသင် ကျောင်းသား ကျောင်းသူတွေရော၊ ကျောင်းသားသမဂ္ဂတွေရောပေါ့နော်။ အကုန်လုံးကိုဖိတ်ပြီးတော့ကျတော့ ညီမတို့ ဒီ အကုန်လုံးစုပြီးတော့ကျတော့ အစည်းအဝေးတစ်ခုထိုင်တယ်၊ ထိုင်ပြီးတော့ ကော်မတီဖွဲ့ခဲ့တယ်။ အဲဒီကော်မတီကနေပြီးတော့ ညီမတို့ ဘာဆက်လုပ်ဆိုတဲ့အခါကျတော့ ဒီ ကျောင်းသားတွေ ကန့်ကွက်တဲ့ကျောင်းသားတွေရဲ့လက်မှတ်ကို ကောက်ပြီးတော့ ညီမတို့ သမ္မတရုံးတွေ၊ ပညာရေးဝန်ကြီးဌာနတွေ၊ အဝေးသင်ဌာနတွေကို ညီမတို့ စာတင်မယ်ပေါ့။ အဲဒီလိုမျိုးလည်း ဆုံးဖြတ်ထားတယ်။ ပြီးကျတော့ တခြား ညီမတို့ရဲ့ ပညာရေးစနစ်က ဒီ အဝေးသင်ပညာရေးစနစ်သစ်ကို ညီမတို့ လက်ရှိ အလိုမရှိဘူးလို့ ပြောကြတဲ့အပေါ်မှာပေါ့နော် ဘာလို့ စနစ်သစ်ကို အလိုမရှိတာလဲလို့ ပြောကြတယ်။ အဲ့ဒီလိုမျိုးပြောလို့ရှိရင် ညီမတို့ကပေါ့နော်၊ ဒီစနစ်ဟောင်းမှာကလည်း ချို့ယွင်းချက်တွေ အများကြီးရှိပါတယ်။ အဲဒီတော့ ညီမတို့က ဒီထက်ပိုပြီးတော့ကျတော့ ကောင်းမွန်တဲ့ အဝေးသင်ပညာရေးစနစ်ကို ပိုပြီးမျှော်ကိုးတဲ့အတွက် ဒီကော်မတီကဆက်လုပ်ဖို့အတွက် ညီမတို့စဉ်းစားထားတာပါ။

မေး ။ ။ လက်တလော ပညာရေးဝန်ကြီးဌာနက အဝေးသင် ပြန်ပြောင်းမယ်လို့ အသံတွေ ထွက်နေတယ်။ တကယ်ရော ပြောင်းပါမလား။

ဖြေ ။ ။ အဲဒီလိုမျိုး သူတို့တွေဘက်က တုံ့ပြန်တာက ညီမတို့ အစည်းအဝေးမစခင် တစ်ရက်မှာကတည်းကပေါ့နော် ပထမနှစ်တွေပဲ ကျောင်းတက်ရတော့မယ်ပေါ့။ ဒီလိုမျိုး စနစ်သစ်မှာ ပထမနှစ်တွေပဲပါမယ်။ ကျန်တဲ့ ဒုတိယနှစ်တွေ၊ တတိယနှစ်တွေ၊ ဖိုင်နယ်တွေ မပါဘူးဆိုပြီး သူတို့ကထုတ်ပြန်လိုက်တယ်။ အဲဒီအတွက် အစည်းအဝေးကိုလာမယ့် ကျောင်းသား ကျောင်းသူတွေကလည်း ပထမနှစ်ချည်းပဲဆိုတော့ ကိုယ်နဲ့မဆိုင်တော့ဘူးဆိုပြီးတော့ အလုပ်ဖျက်ပြီး မလာနိုင်တော့တဲ့သူမျိုးတွေလည်းရှိတယ်။ ဒါ ပထမဦးဆုံး ညီမတို့ ကော်မတီဖွဲ့စည်းဖို့ အတွက် ဖိအားပေးခံရတာမျိုးပေါ့။ နောက်ပိုင်းကျတော့ လိုင်းပေါ်မှာလည်း ကော်မတီဖွဲ့စည်းတာက ဘာလုပ်ဖို့လဲ မေးကြတယ်။ ဟုတ်ပါတယ်၊ ညီမတို့ ကော်မတီဖွဲ့စည်းပြီးလို့ရှိရင် ညီမတို့ အခု လက်ရှိပညာရေးစနစ်သစ်က ကျောင်းသားတွေအတွက် လုံးဝအဆင်မပြေဘူးဆိုတာကိုလည်း ညီမတို့ ကန့်ကွက်ပြီးတော့ကျတော့ ကျောင်းသားတွေ ရှေ့ကနေဦးဆောင်ပြီးတော့ ကန့်ကွက်မယ်၊ ပြီးလို့ရှိရင် ညီမတို့ နောက်ထပ် အဝေးသင်ပညာရေးစနစ် ပိုပြီးကောင်းမွန်လာဖို့အတွက်လည်း ညီမတို့ ဆက်လက်ပြီး ဆောင်ရွက်မယ်ပေါ့နော်။ အဲဒီလိုမျိုး ညီမတို့ကော်မတီကနေ ဆုံးဖြတ်ထားတာပါ။

မေး ။ ။ တကယ်လို့ ပညာရေးဝန်ကြီးဌာနက အနီးကပ် ၁၀ ရက် နှစ်ကြိမ် တက်ရတာကို ပြန်ပြောင်းလဲရင်….။

ဖြေ ။ ။ ဒါက ညီမတို့က တရားဝင်စာထွက်ထားတာမဟုတ်တဲ့အတွက်ပေါ့နော်၊ သူတို့ဘက်က တရားဝင်စာထုတ်ပေးတာမဟုတ်ဘူး၊ ညီမတို့ ဒီစနစ်သစ်ကို ဒီနှစ်အတွင်းမှာ မလုပ်ပါဘူးလို့ စာထွက်ထားတာမဟုတ်တဲ့အတွက် ညီမတို့က ဆက်လက်ပြီး တိုက်ပွဲဝင်သွားမှာပါ၊ ဒီအတွက်ပေါ့နော်။ ညီမတို့ ကန့်ကွက်ဖို့အတွက် ဆက်ပြီးတော့ ဦးဆောင်ပြီးတော့ တိုက်ပွဲဝင်သွားဦးမှာပါပဲ။

မေး ။ ။ အနီးကပ် (၁၀)ရက်ကို နှစ်ကြိမ်တက်ရတော့ ဘယ်လို့ အခက်အခဲတွေ ဖြစ်နိုင်လဲ။

ဖြေ ။ ။ အဝေးသင်ကျောင်းသူကျောင်းသားဆိုတာက အကုန်လုံးက အလုပ်တစ်ဖက်နဲ့ ကျောင်းတက်ကြတာ များပါတယ်။ တချို့ဆိုလို့ရှိရင်လည်း အစိုးရဝန်ထမ်းတွေပေါ့နော်၊ ညီမတို့ ရန်ကုန်မှာဆိုလို့ရှိရင် ကုမ္ပဏီဝန်ထမ်းတွေ၊ စက်ရုံဝန်ထမ်းတွေရှိတယ်။ သူတို့တွေအနေနဲ့ဆိုရင် ခွင့်ကိစ္စက အရမ်းကိုပဲ ဆိုးဆိုးဝါးဝါး ဒုက္ခပေးမှာပဲ။ ဘာလို့တုန်းဆို ခွင့် ၂ ကြိမ်ယူရမယ်၊ တစ်နှစ်မှာ မေလမှာတစ်ကြိမ် ၅ ရက်ယူရမယ်၊ ဒီ ၅ ရက်ကို နယ်မှာပြန်ပြီး ကျောင်းတက်ရမှာဖြစ်တဲ့အတွက် နယ်ကိုပြန်ရမယ်၊ နယ်မှာနေဖို့ကိစ္စကလည်း အရမ်းအခက်အခဲဖြစ်တယ်။ အဆောင်ကို ၅ ရက်တည်းငှားဖို့ဆိုတာ တော်တော်ကြီးကို မဖြစ်နိုင်တဲ့အခြေအနေမျိုးပါ။ အဲဒီလိုမျိုးဆိုတော့ ညီမတို့က ကျောင်းကလည်း နေဖို့စီစဉ်ပေးထားတာမဟုတ်တဲ့အတွက် အဆောင်ငှားဖို့လည်း အခက်အခဲဖြစ်မယ်၊ ပြီးတော့ကျတော့ ဒီဘက်မှာ ခွင့်ကိစ္စပေါ့၊ ခွင့်ကိစ္စကကတော့ အဆိုးဝါးဆုံးဖြစ်မယ့် ပြဿနာပါပဲ။ ညီမတို့ ၅ ရက်ခွင့်ယူတာနဲ့ အလုပ်ထုတ်မယ်ဆိုတဲ့ အလုပ်ရှင်တွေလည်း အများကြီးပါပဲ။ အဲဒီလိုမျိုးဆိုတော့ ပထမဆုံး ကျောင်းသားတွေ အခက်အခဲဖြစ်တာကတော့ ခွင့်ကိစ္စ၊ ညီမတို့ သာမန် အပြင်ကဝန်ထမ်းတွေပေါ့နော်၊ အစိုးရဝန်ထမ်းတွေအတွက်လည်း အများကြီးအခက်အဲ ဖြစ်ပါတယ်။ တချို့ဆိုလို့ရှိရင် နယ်စပ်ဒေသတွေမှာ တာဝန်ထမ်းဆောင်နေတဲ့ အစိုးရဝန်ထမ်းတွေရှိတယ်။ သူတို့တွေဆိုလို့ရှိရင် ကျန်းမာရေးဝန်ထမ်းတွေဆိုလို့ရှိရင် မြို့နယ်တစ်ခုမှာ၊ ဒါမှမဟုတ် ရွာတစ်ခုမှာ ကျန်းမာရေးဝန်ထမ်း တစ်ယောက်ပဲရှိတယ်။ အဲဒီကျန်းမာရေးဝန်ထမ်း ကျောင်းသွားတက်တဲ့အချိန်မျိုးဆိုလို့ရှိရင် အဲဒီရွာက ကျန်းမာရေးစောင့်ရှောက်မှုတွေအားလုံးက ဒီအတိုင်းပစ်ထားခဲ့ရတယ်။ သူ ၅ ရက် ကျောင်းလာတက်မယ်ဆိုလို့ရှိရင် ရွာက ကျန်းမာရေးစောင့်ရှောက်မှုတွေလည်း ၅ ရက် ထိခိုက်နစ်နာသွားမှာပဲ။ အဲဒီလိုမျိုးတွေလည်းရှိတယ်။ ပြီးတော့ နိုင်ငံခြားမှာသွားပြီး အလုပ်လုပ်နေကြတဲ့ ကျောင်းသူ ကျောင်းသားတွေ၊ သူတို့တွေအနေနဲ့ တစ်နှစ်ကို တစ်ခေါက်လောက်ပြန်လာတယ်ဆိုတာ အဆင်ပြေနိုင်ပေမယ့် တစ်နှစ်ကို ၂ ခေါက်ခွဲပြီး ပြန်လာဖို့ဆိုတာ စရိတ်စကလည်း အရမ်းများတဲ့အတွက် လုံးဝတတ်နိုင်မှာမဟုတ်ပါဘူး။ အဲလိုကျတော့ ကျောင်းသူ ကျောင်းသားတွေအတွက် အများကြီးကို ဘေးကျပ်နံကျပ် အခက်အခဲဖြစ်စေတာမျိုးပါပဲ။

မေး ။ ။ အနီးကပ် (၁၀)ရက် နှစ်ကြိမ်တက်ရတော့ အရင်ထက်ပိုပြီး ထိတွေ့မှု များလာပြီး ပိုပြီးတော့ စာတက်မြောက်မှု ကောင်းမလာဘူးလား။

ဖြေ ။ ။ ညီမတို့ ကျောင်းသားတွေအမြင်အနေနဲ့တော့ အနီးကပ် ၁၀ ရက်ကို ၅ ရက် နှစ်ခါခွဲလိုက်တာ ကောင်းမွန်တဲ့ပြောင်းလဲခြင်းတော့ ဖြစ်လာမှာမဟုတ်ပါဘူး။ ဘာလို့လဲ ဆိုတဲ့အခါကျတော့ ညီမတို့အတွက် အခက်အခဲဖြစ်သွားတာကလွဲပြီးတော့ ဒီ ၅ ရက် ၂ ခါခွဲလိုက်တာ ကျောင်းတက်ချိန်လည်း တိုးလိုက်တာမဟုတ်ဘူးပေါ့နော်၊ အဲဒီလိုမျိုး ၅ ရက်ခွဲလိုက်တယ်၊ အစ်မပြောသလိုမျိုး ဒီ နီးစပ်မှုပေါ့နော်၊ စာတွေ့နီးစပ်မှုဆိုတာ ဒါ မဖြစ်နိုင်ပါဘူး။ ဘာလို့ဆို ညီမတို့ နယ်ကလူတွေက ကျောင်းတက်ကြတယ်ပေါ့နော်။ သူတို့ စာတွေသင်တယ်၊ ညီမတို့ အခု အနီးကပ် ၁၀ ရက်တက်တယ်။ လက်ရှိအနေ အထား ၁၀ ရက်မှာတောင်မှ ကျောင်းချိန်ကို အပြည့်မသင်နိုင်တာတွေပေါ့နော်၊ အကုန်လုံး ကျောင်းနဲ့ပတ်သက်ပြီးတော့ကျ ဒီ ၁၀ ရက်လုံးမှာ ကျောင်းသားတွေ ကျောင်းမတက်တာထက် ဆရာမတွေ စာမသင်နိုင်တာလည်း အများကြီးကြုံတွေ့နေရတာမျိုးပါ။ တက္ကသိုလ်တိုင်းမှာ ကြုံတွေ့နေရတာမျိုးဆိုတော့ ဒီ ၅ ရက်ကျောင်းခေါ်လိုက်တာနဲ့ပဲ ဒီစာဟာ ပိုပြီးတတ်မြောက်သွားမယ်ဆိုတာဟာ မဖြစ်နိုင်ပါဘူး။ ဘာလို့တုန်းဆို ဒီကြားထဲမှာ ဘာဖြစ်လာနိုင်လဲဆိုတော့ ဟုတ်တယ်၊ တက်နိုင်တဲ့သူတွေကတော့ တက်နိုင်သွားလိမ့်မယ်။ တက်နိုင်တဲ့လူတွေအတွက်တော့ အနီးကပ် ၁၀ ရက် ဒီ ၅ ရက်ပေါ့နော် ခွဲတက်လိုက်တယ်၊ ခွဲတက်လိုက်တဲ့အတွက် သူတို့ စာပိုပြီးနီးစပ်တယ်လို့ ထင်တယ်၊ ဒီထက်ပိုပြီးကောင်းတဲ့နည်းလမ်းတွေ ညီမတို့ အဖြေရှာလို့ရဦးမှာပါ။ ဒီ အဝေးသင်အတွက် ၅ ရက် နှစ်ကြိမ်ခွဲတက်လိုက်တဲ့အတွက် အလုပ်ပြုတ်ပြီးတော့ ဘဝပျက်သွားမယ့်ဘဝတွေကို ညီမတို့ ထည့်စဉ်းစားရမယ်ရှင့်။

မေး ။ ။ အဝေးသင်ပညာရေးစနစ်က ရှိသင့်သလား။ ဖျက်သိမ်းရင်ကော အဆင်မပြေဘူးလား။

ဖြေ ။ ။ ညီမတို့အလုပ်သမားတွေအနနဲ့ပေါ့နော်၊ အလုပ်တစ်ဖက်နဲ့ ကျောင်းတက်ရသူတွေအတွက်တော့ ဒါက ညီမတို့က ပညာကိုတန်ဖိုးထားနေတာပါ။ ညီမတို့နိုင်ငံကဘွဲ့က အဝေးသင်မှမဟုတ်ဘူး၊ သာမန် Day တက်နေတဲ့ကျောင်းသားတွေရဲ့ဘွဲ့ဟာလည်း အပြင်မှာ ဘာမှသုံးစားလို့မရဘူးဆိုတာ ကျောင်းသူ၊ ကျောင်းသားတိုင်း သိပါတယ်။ အဲဒီတော့ ဒီ ဘွဲ့လက်မှတ် ရခြင်း၊ မရခြင်းဆိုတဲ့အပေါ်မှာမူတည်ပြီးတော့ ညီမတို့က ကျောင်းတက်နေကြတာအပြင် ကျောင်းတက်နေတယ်၊ ပညာကိုလိုလားတယ်ဆိုတဲ့စိတ်က ညီမတို့ ကျောင်းသူကျောင်းသားတွေတိုင်းမှာ ရှိနေတာပေါ့နော်။ ပညာကိုလိုလားတယ်၊ ညီမတို့ ခက်ခက်ခဲခဲနဲ့ ကျောင်းတက်နေရတယ်။ အဲဒီတော့ ဒီပညာရေးကိုဖျက်သိမ်းလိုက်မယ်ဆိုတာ ညီမအနေနဲ့ဆိုရင် လုံးဝလက်မခံနိုင်ဘူး။ ဘာလို့လဲဆိုတော့ ညီမတို့ ကျောင်းသူကျောင်းသားတွေကို အနည်းဆုံး ပညာမတတ်တဲ့သူက ပညာတတ်ချင်တဲ့စိတ်ဓာတ်တွေကို ရိုက်ချိုးခံလိုက်ရတယ်လို့ပဲ ယူဆတယ်။ ဒီ အဝေးသင်ပညာရေးစနစ်ကို ဒီထက်ပိုပြီးကောင်းမွန်အောင် ပြုပြင်လို့ ရပါလျက်၊ ဒီထက်ပိုပြီးကောင်းမွန်အောင် အကုန်လုံးကိုလုပ်ပေးလို့ရပါလျက်နဲ့ လုပ်မပေးဘဲနဲ့ ဖျက်သိမ်းပစ်တယ်ဆိုတာ ဒါ အလွယ်ပြောတာပဲ။

မေး ။ ။ အဝေးသင်ပညာရေးစနစ်မှာ ဘွဲ့ရတဲ့သူတွေက တစ်ကယ်တမ်း အရည်အချင်းမရှိဘူးဆိုပြီး ပြောဆိုကြတွေနဲ့ ပတ်သက်လို့ ။

ဖြေ ။ ။ အဲဒါကကျတော့ Day ကျောင်းသားတွေမှာ ညီမတို့ထက်ပိုပြီး ရနိုင်တဲ့အခွင့်အရေးဆိုလို့ စာပေတတ်မြောက်မှုတော့ မရနိုင်ပါဘူး။ သူတို့မှာ ပိုပြီးတော့ စာပေတတ်မြောက်မှုဆိုလို့ မဟာတန်းတွေတက်ခွင့်ရတာမျိုးတွေ ရှိရင်ရှိလိမ့်မယ်၊ ဒါပေမယ့်လို့ သူတို့ Day ကျောင်းသားတွေကို အလုပ်ရှင်တွေအနေနဲ့ ပိုပြီးအလေးပေးတယ်ဆိုတာက Day က နေ့စဉ်တက်ရတဲ့ကျောင်းဖြစ်တယ်၊ ပြီးတော့ Personality နဲ့ပေါ့နော်၊ အဖွဲ့အစည်းနဲ့လုပ်ဆောင်နိုင်ဖို့ စွမ်းအားတွေက Day ကျောင်းသားတွေက ပိုမြင့်မားတယ်လို့ အလုပ်ရှင်တွေက ယူဆတာမျိုးကြောင့်သာလျှင် သူတို့ကို Day နဲ့ အဝေးသင်ဆိုတာမျိုး ခွဲခြားမှုက ရှိနေတာပါ။ ညီမတို့အဝေးသင်တွေက အလုပ်တစ်ဖက်နဲ့ ခဏလေးပဲ ကျောင်းသွားတက်ရတယ်၊ Friend relationship တွေ၊ Society တွေနဲ့ပတ်သက်တဲ့ အဲလိုမျိုး လေ့လာမှုတွေ ညီမတို့အနေနဲ့ အားနည်းတယ်။ ဒါကို အလုပ်ရှင်တွေအနေနဲ့ အဓိက ဒါကိုခွဲခြားတယ်လို့ ညီမကတော့ ယူဆတယ်။ ညီမတို့ဆီမှာပေါ့နော် ဘွဲ့လက်မှတ်ကတော့ အတူတူထွက်လာတာပဲရှင့်၊ အဝေးသင်ရော Day ရော၊ ညီမတို့ရဲ့ဘွဲ့လက်မှတ်က ဒီ မြန်မာနိုင်ငံအနေအထားနဲ့ဆိုလို့ရှိရင် ဘာမှ ဘောင်မဝင်ဘူး၊ ညီမတို့က ကုမ္ပဏီမှာ အလုပ်လျှောက်လည်း အဝေးသင်နဲ့ရတဲ့ဘွဲ့ရော၊ Day နဲ့ရတဲ့ဘွဲ့ရော၊ ဒါဟာ အရည်အချင်းမပြည့်မီဘူး၊ ဘွဲ့ရပညာတတ်တစ်ယောက်ဖြစ်ရုံနဲ့ အရည်အချင်းမပြည့်မီဘူးလို့ သတ်မှတ်ခံရတာတွေချည်းပါပဲ။ အဲဒီတော့ကျတော့ အဝေးသင်မို့လို့ အရည်အချင်းမပြည့်မီတာတော့ မဟုတ်ဘူးရှင့်၊ ဒါ မြန်မာနိုင်ငံရဲ့ ပညာရေးစနစ်ကကို အရည်အချင်းမပြည့်မီတာလို့ ညီမကတော့ ယူဆပါတယ်။

မေး ။ ။ အလုပ်လျှောက်တဲ့အခါ အဝေးသင်နဲ့ ဘွဲ့ရသူတွေကို အလုပ်ရဖို့ ခက်ခဲတာ ၊ အစိုးရဝန်ထမ်း လျှောက်တဲ့အခါ အရည်အချင်းမမီတဲ့သူလို့ ဆက်ဆံရတာတွေရှိတယ်ဆိုပြီး ကြားနေရတာကြာပြီ။ အဲဒီအပေါ်…။

ဖြေ ။ ။ အဲ့လိုဆက်ဆံခံရတာ ဒါ အစိုးရနဲ့ပဲ တိုက်ရိုက်သက်ဆိုင်ပါလိမ့်မယ်။ ဘာလို့လဲဆိုတော့ ဒီအစိုးရကသာလျှင် ဒီပညာရေးစနစ်ကို စပြီးတော့ ပြုလုပ်ခဲ့တာ။ ညီမတို့ အဝေးသင်ပညာရေးစနစ်က စလုပ်ကတည်းက မအောင်မြင်တဲ့ ပညာရေးနစ်ပါ၊ ဘာလို့တုန်းဆို ညီမတို့ အဝေးသင်ပညာရေးစနစ်ကို၊ ညီမတို့ အဝေးသင်ပညာရေးစနစ်ထဲမှာပဲ ခြစားနေတာတွေ အများကြီးပဲပေါ့နော်၊ ဝန်ထမ်းတွေလောကမှာလည်း ခြစားနေတာတွေ၊ ဒီ Assignment အပ်တဲ့ကိစ္စတွေ၊ ကျောင်းအပ်တဲ့ကိစ္စတွေ ဒါတွေမှာလည်း အများကြီးကြုံတွေ့နေရတာမျိုးပါ။ အဝေးသင်စနစ်က အစကတည်းက ယိုယွင်းပျက်စီးနေပြီးသား၊ မအောင်မြင်တဲ့ ပညာရေးစနစ်တစ်ခု၊ ဒါကိုမပြုပြင်ဘဲနဲ့ ဒီလို စနစ်သစ်ပြောင်းတယ်ဆိုပြီးတော့ အနီးကပ် ၁၀ ရက်ကို ၅ ရက်စီခွဲလိုက်ရုံနဲ့တော့ ဒါ ကောင်းမွန်တဲ့ပညာရေးတစ်ခု ဖြစ်လာမှာမဟုတ်ဘူး။ အဲဒီတော့ကျတော့ ဒီ အဝေးသင်ပညာရေးစနစ်က ဒီပုံစံနဲ့ဆက်ပြီးသွားနေရင် ဒီအတိုင်းပဲ ဆက်ပြီးဖိနှိပ်ခံနေရဦးမှာပဲ။ ညီမတို့အလုပ်သမားတွေအနေနဲ့လည်း ဒီလိုမျိုး သူတို့ ဒီစနစ်ပြောင်းလိုက်လည်း ညီမတို့အဝေးသင်တွေက အဆင့်မမီပါဘူးဆိုတဲ့ပုံစံမျိုးနဲ့ပဲ ဆက်ပြီးပြောခံနေရဦးမှာပါပဲ။

မေး ။ အဝေးသင်ပညာရေးကို ကမ္ဘာ့အဆင့်မီ ပညာရေး ဖြစ်လာအောင် ဘယ်လို့လုပ်မလဲ။

ဖြေ ။ ။ ညီမအနေနဲ့ပေါ့နော် ကျောင်းတွေမှာပေါ့၊ ဒါကျက်ဒါဖြေစနစ်ဆိုတာ အကုန်လုံး သိကြပါတယ်။ ညီမတို့ အငယ်တန်းတွေကနေပြီးတော့ အထက်တန်းကျောင်းသူဘဝပြီးလာတယ်၊ တက္ကသိုလ်ရောက်တဲ့အထိ ညီမတို့ ဒါကျက် ဒါဖြေစနစ်နဲ့ သွားလာခဲ့ရတာမျိုး။ ဒါကိုကျက်၊ ဒါကိုဖြေ။ ဆရာမက ဒီ့ထက်ပိုပြီး ကွန့်ပြီးတော့ မေးလို့မရတဲ့ စာသင်စနစ်ပေါ့နော်၊ အဲ့လိုစနစ်မျိုးနဲ့လာရတဲ့ ကျောင်းသူကျောင်းသားတွေက ဘယ်လိုနည်းနဲ့မှ အဲ့ဒီပညာရေးစနစ်က ကောင်းမွန်လာမှာမဟုတ်ပါဘူး။ ညီမတို့ University တွေမှာဆို ပိုဆိုးတယ်။ အခု ညီမတို့ အဝေးသင်ကျောင်းသားကျောင်းသူတွေပေါ့နော် အဓိက ညီမတို့ အဝေးသင်ကျောင်းသူကျောင်းသားတွေဆိုလို့ရှိရင် ညီမတို့ ပုံမှန်ဆို ခွင့်က တစ်လကျော်ယူရတယ်၊ ကျောင်းတက်ဖို့အတွက်။ ဒီ ကျောင်းတက်ဖို့ ခွင့်တစ်လကျော် ယူရတဲ့အချိန်မှာ ဒီ ခွင့်တစ်လကျော်ယူရတာချင်းအတူတူ ဘာလို့ ညီမတို့က ကျောင်း ၁၀ ရက်ပဲတက်ပြီးတော့ ဘာလို့ကျူရှင်တက်နေရတာလဲ အပြင်မှာ။ ဒါက ဒီပညာရေးစနစ်ရဲ့ ယိုယွင်းချက်ကြောင့်ပဲ။ တကယ်လို့သာ ညီမတို့ကို တစ်လလုံးကျောင်းတက်ပြီးတော့ကျတော့ သေချာ စာကို ဖိဖိစီးစီးသင်ပြီးတော့ ညီမတို့ကို စာမေးပွဲဖြေခိုင်းဖို့နိုင်ဆိုရင်ရော မဖြစ်နိုင်ဘူးလား။ ဒီထက်ပိုပြီး ကောင်းမွန်တဲ့ ပညာရေးနစ်တစ်ခုကို၊ လမ်းကြောင်းတစ်ခုကို သွားလို့ရပါတယ်။ ကမ္ဘာမှာလည်း Distance Education တွေ၊ အွန်လိုင်းပညာရေးစနစ်တွေနဲ့ သွားနေတဲ့တက္ကသိုလ်တွေ အများကြီးရှိပါတယ်။ အွန်လိုင်းပေါ်ကနေ ဒီပလိုမာတွေပေးနေတဲ့ University တွေလည်း အများကြီးရှိပါတယ်။ သူတို့တွေတောင်မှ အွန်လိုင်းပေါ်ကနေ ဒီပလိုမာပေးပြီးတော့ ပညာရေးအဆင့်အတန်းကို အဆင့်မီအောင်လုပ်နိုင်လို့ရှိရင် ညီမတို့ မြန်မာနိုင်ငံကရော ဘာလို့မလုပ်နိုင်ရမှာလဲ။ အဲဒီတော့ ဒါ ပညာရေးစနစ်တစ်ခုလုံးအတွက် ကောင်းမွန်ဖို့အတွက်ဆိုလို့ရှိရင် ညီမတို့ အဘက်ဘက်ကနေကြိုးစားပြီး ကျောင်းသားထုရဲ့ဆန္ဒကို မဖြစ်မနေခံယူရပါလိမ့်မယ်။ ကျောင်းသားတွေက ဒီပညာရေးစနစ်ကို လက်ရှိသင်ကြားနေတာဖြစ်တဲ့အတွက် ကျောင်းသားထုရဲ့ဆန္ဒက အရမ်းအရေးပါပါတယ်။ ညီမတို့အဝေးသင်တွေအနေနဲ့လည်း ကျောင်းသားထုမပါတဲ့ ပညာရေးစနစ်ကို အလိုမရှိဘူးလို့ ပြောတာပါ။ အဲဒီအတွက် ကျောင်းသားထုဆန္ဒပါ ပါဝင်လာခဲ့မယ်ဆိုရင် ပညာရေးစနစ်က အများကြီးကောင်းမွန်တဲ့ပညာရေးနစ်တစ်ခု ဖြစ်လာမယ်လို့ ညီမကတော့ ထင်ပါတယ်။

မေး ။ ။ နိဂုံးချုပ်ဘာဖြည့်ပြောချင်ပါလဲ။

ဖြေ ။ ။ အဓိကကတော့ပေါ့နော်၊ ညီမတို့ ဒီ ဖဲကြိုးနီလှုပ်ရှားမှု ဦးဆောင်ကော်မတီအနေနဲ့ပေါ့နော်၊ အဝေးသင်ကျောင်းသူကျောင်းသားတွေရဲ့ လက်ရှိဖြစ်နေတဲ့ ၅ ရက် ၂ သုတ်ခွဲတက်ရတဲ့ ကိစ္စအပြင် နောင်တစ်ချိန်မှဖြစ်လာမယ့် အဝေးသင်ပညာရေးစနစ်၊ အဲဒီပညာရေးစနစ်ကို ဒီထက်ပိုပြီးကောင်းမွန်လာအောင် ညီမတို့ ဘယ်လိုဆက်ပြီးသွားမလဲ၊ ညီမတို့ ကျောင်းသားထုရဲ့ဆန္ဒတွေကိုလည်း ညီမတို့ အခုလက်ရှိပေါ့နော် Data collecting လုပ်ပြီး ကောက်ခံနေပါတယ်။ အဲ့လိုကောက်ခံနေတော့ ဒီထက်ပိုပြီး ကောင်းမွန်တဲ့ပညာရေးစနစ်၊ အဝေးသင်ပညာရေးစနစ်ကို ဘယ်လိုကောင်းမွန်တဲ့ပညာရေးစနစ်တစ်ခုဖြစ်အောင် သွားမလဲဆိုတာ ညီမတို့ အကုန်လုံး ကျောင်းသူ ကျောင်းသားထုတွေ အဖြေရှာကြီးတော့ ညီမတို့ အထက်ကိုလည်း တင်ပြမယ်၊ ဒါကို လက်ခံပြီး စဉ်းစားပေးမယ်ဆိုလို့ရှိတော့ ညီမတို့ ဒီအဝေးသင်ပညာရေးစနစ်ကလည်း နိုင်ငံတကာနဲ့ အဆင့်မီတဲ့ပညာရေးတစ်ခုဖြစ်လာမယ်လို့ ညီမကတော့ ယုံကြည်ပါတယ်။

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

khitthitnews.com

Related Posts

khitthitnews.com