Editorial political news

မဟာသီယာကို စံနမူနာယူ၍ တရုတ်၏ မြစ်ဆုံစီမံကိန်းကို ဒေါ်အောင်ဆန်းစုကြည် ထာဝရ ဖျက်သိမ်းရပ်ဆိုင်းပါ

အယ်ဒီတာ့အာဘော်

အာဆီယံနိုင်ငံတစ်ခုဖြစ်တဲ့ မလေးရှားနိုင်ငံအစိုးရက တရုတ် China Communication Construction (CCC) နဲ့ ဆောင်ရွက်ဖို့ အရင် အစိုးရဟောင်းနဲ့ စာချုပ်ချုပ်ဆိုထားတဲ့ အမေရိကန်ဒေါ်လာ ၂၀ ဘီလီယံ တန်ဖိုးရှိ East Coast Rail Link ရထားလမ်းစီမံကိန်းကို ဖျက်သိမ်းမယ်လို့ ဇန်နဝါရီလ ၂၅ ရက်နေ့မှာ ကြေညာလိုက်ပါတယ်။

မလေးရှားနိုင်ငံကို စီးပွားရေးအင်အားတောင့်တင်းတဲ့ နိုင်ငံတစ်ခုဖြစ်အောင် စွမ်းဆောင်နိုင်ခဲ့တဲ့ သက်တော်ရှည် ဝန်ကြီးချုပ် ဒေါက်တာမဟာသီယာမိုဟာမက်ဟာ ၂၀၁၈ ခုနှစ် မေလ တကျော့ပြန် အာဏာပြန်လည် ရရှိလာချိန်မှာ ဝန်ကြီးချုပ်ဟောင်း နာဂျစ် အကျင့်ပျက်ခြစားခွင့်ပြုခဲ့တဲ့ စီမံကိန်းတွေ အားလုံးကို ပြန်လည်စိစစ်မယ်လို့ ကြေညာခဲ့ပါတယ်။

သေချာစိစစ်မှုတွေ ဆောင်ရွက်ပြီးချိန်မှာတော့ မလေးရှားနိုင်ငံတော်ကြီး အကြွေးနွံနစ်နိုင်တဲ့ စီမံကိန်းတွေအနက်မှ တရုတ်နိုင်ငံ CCC ကုမ္ပဏီက ဆောင်ရွက်ဖို့ရှိနေတဲ့ ဒေါ်လာ ဘီလီယံ ၂၀ တန် ရထားလမ်းစီမံကိန်းကို ရဲရဲဝံ့ဝံ့ ရပ်ဆိုင်းဖျက်သိမ်းဖို့ မလေးရှားဝန်ကြီးချုပ်က ဆုံးဖြတ်လိုက်ပါတယ်။

တကယ်လို့သာ ဒီတရုတ်စီမံကိန်းကို မလေးရှားနိုင်ငံက ဆက်လက်ဆောင်ရွက်ခဲ့မယ်ဆိုရင် တစ်နှစ်ကို အတိုးနှုန်း တစ်ခုတည်းတင် အမေရိကန်ဒေါ်လာ သန်း ၁၂၀ မလေးရှားက တရုတ်ကို ကုန်ကျပေးဆောင်ရမှာဖြစ်ပါတယ်။

ဒါ့အပြင် ဒီစီမံကိန်းတွေနဲ့ပတ်သက်ပြီး သေချာ ပြန်လည် လေ့လာဆန်းစစ်တဲ့အခါမှာ ဝန်ကြီးချုပ်ဟောင်း နာဂျစ်ဟာ အကျင့်ပျက်ခြစားမှုတွေကျူးလွန်ကြောင်း သံသယရှိတယ်ဆိုတဲ့အချက် ပေါ်ထွက်လာပြီး လာဘ်စားမှုနဲ့ တရားစွဲဆိုမှုတွေကိုလည်း ဒေါက်တာမဟာသီယာအစိုးရသစ်က လုပ်ဆောင်နေပါတယ်။

၁၉၈၁ ခုနှစ်ကနေ ၂၀၀၃ ခုနှစ်အထိ မလေးရှားနိုင်ငံကို ဖွံ့ဖြိုးတိုးတက်အောင် စွမ်းဆောင်ခဲ့ပြီး အနားယူနေတဲ့ မလေးရှားနိုင်ငံခေါင်းဆောင် မဟာသီယာမိုဟာမက်ဟာ သူ့တပည့် ဝန်ကြီးချုပ်နာဂျစ် လာဘ်စားမှုတွေနဲ့ နိုင်ငံတော်ကို ရောင်းစားချိန်မှာတော့ အနားယူ မနေနိုင်တော့ဘဲ နိုင်ငံရေးလောကထဲကို ပြန်ဝင်လာပြီး ၂၀၁၈ ခုနှစ်မှာ ရွေးကောက်ပွဲမှာ အနိုင်ရရှိခဲ့တာပါ။

ရဲရင့်ပြတ်သားတဲ့ မဟာသီယာဟာ အရင်အစိုးရလက်ထက်က လုပ်ဆောင်ခဲ့တဲ့ စာချုပ်မို့လို့ သိက္ခာကျမှာစိုးလို့၊ နိုင်ငံနဲ့ အစိုးရကို လုပ်ငန်းရှင်တွေ မယုံကြည်မှာစိုးလို့ ဆိုတဲ့ အကြောင်းပြချက်တွေ မပေးခဲ့ပါဘူး။ တိုင်းပြည်နဲ့ လူမျိုး အကျိုးရှိမယ့် ဆုံးဖြတ်ချက်ကို ရဲရဲဝံ့ဝံ့ဆုံးဖြတ်ပြီး ဒေါ်လာ ဘီလီယံ ၂၀ တန် စီမံကိန်းကို လုံးဝဖျက်သိမ်းရပ်ဆိုင်းပစ်လိုက်တာပါ။

ဝန်ကြီးချုပ်မဟာသီယာက မလေးရှားအစိုးရအနေနဲ့ ဒီအကုန်အကျများတဲ့ ရထားလမ်း စီမံကိန်းအတွက် ငွေကြေးမတတ်နိုင်လို့ တိုင်းပြည် အကြွေးနွံမနစ်စေဖို့အတွက် ခပ်ပြတ်ပြတ်ပြောပြီး စီမံကိန်းကို သတ္တိရှိရှိ ရပ်ဆိုင်းပစ်ခဲ့တာပါ။

မလေးရှားနိုင်ငံအစိုးရဟာ နိုင်ငံငယ်လေးတစ်ခုပေမယ့်လည်း စစ်ရေး၊ စီးပွားရေးအင်အားကြီးနေတဲ့ ကမ္ဘာ့ထိပ်တန်း တရုတ်နိုင်ငံကို မကြောက်မရွံ့ တွန်းလှန် ပြသခဲ့ပါတယ်။ ဝန်ကြီးချုပ် မဟာသီယာက “တရုတ်ကို ကြောက်နေရပါတယ်” လို့ မညဉ်းညူ ခဲ့သလို အရင်အစိုးရဟောင်းက လာဘ်စားပြီး ခွင့်ပြုခဲ့တာလို့လည်း အပြစ်မတင်တော့ဘဲ ပြည်သူက ရွေးကောက်တင်မြှောက်ထားတဲ့ တိုင်းပြည်ခေါင်းဆောင်တစ်ဦးအနေနဲ့ နိုင်ငံနဲ့ လူထုကို ပြောင်မြောက်စွာ ဦးဆောင်ပြသွားပါတယ်။

မလေးရှားနိုင်ငံရင်ဆိုင်နေရတဲ့ အခြေအနေမျိုး မြန်မာနိုင်ငံမှာလည်း ရင်ဆိုင်နေရပြီး တရုတ်စီမံကိန်း များစွာကြောင့် အကြွေးနွံနစ်နေပါတယ်။ စီမံကိန်း အများစုဟာ အရင်အစိုးရအဆက်ဆက်က အကျင့်ပျက်ခြစားမှုများစွာနဲ့ ခွင့်ပြုခဲ့တဲ့ တရုတ်စီမံကိန်းတွေဖြစ်ပြီး တိုင်းပြည်နဲ့ ပြည်သူလူထု အကျိုးဖြစ်ထွန်းမှုက မရှိသလောက် နည်းပါးနေတဲ့ စီမံကိန်းတွေလည်းဖြစ်ပါတယ်။

တိုင်းပြည်ခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ မလေးရှားဝန်ကြီးချုပ် မဟာသီယာကို စံနမူနာထား အတုယူသင့်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ စီမံကိန်းတွေဟာ အရင်အစိုးရ ခွင့်ပြုခဲ့လို့ သိက္ခာမဲ့မှာစိုးလို့၊ အယုံအကြည်မရှိမှာစိုးလို့ ဆိုတဲ့ အကြောင်းပြချက်တွေနဲ့ ခေါင်းမရှောင်သင့်ပါ။ အရင်လူများ အကျင့်ပျက်ခွင့်ပြုခဲ့လို့ ဆိုပြီး အပြစ်မတင်သင့်တော့ပါ။ နိုင်ငံတော်အာဏာဟာ မိမိလက်ထဲမှာ ရှိနေပြီး မိမိက ဦးဆောင်ရချိန်မှာ တိုင်းပြည်ကို ပြတ်ပြတ်သားသား သတ္တိရှိရှိနဲ့ မဟာသီယာကဲ့သို့ ရဲရဲရင့်ရင့် ဦးဆောင်ပြဖို့လိုနေပါတယ်။

သမ္မတဦးသိန်းစိန်အစိုးရလက်ထက်မှာ ပြည်သူ့ဆန္ဒတွေနဲ့ ရပ်ဆိုင်းထားတဲ့ မြစ်ဆုံစီမံကိန်းကို ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ မဟာသီယာထုံးနှလုံးမူပြီး အပြီးသတ် ထာဝရရပ်ဆိုင်းပေးလိုက်ဖို့လိုပါတယ်။

မြစ်ဆုံစီမံကိန်းကို အရွယ်အစားသေးအောင် လုပ်မယ်၊ နေရာရွှေ့ပြောင်းမယ်၊ အခြားစီမံကိန်း အစားထိုးပေးမယ်ဆိုတာမျိုးတွေလည်း ဆင်ခြင်တွေပေးမနေဘဲ ” မြစ်ဆုံစီမံကိန်းကို NLD အစိုးရက လူထုဆန္ဒအတိုင်း ပြတ်ပြတ်သားသား ထာဝရ ရပ်ဆိုင်းပါတယ်” လို့ ကြေညာဖို့ အချိန်ရောက်ရှိနေပြီလည်းဖြစ်ပါတယ်။

တိုင်းပြည်ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ နိုင်ငံနဲ့ လူမျိုးအကျိုးအတွက် မဟာသီယာ လုပ်ဆောင်ခဲ့သလို မြစ်ဆုံစီမံကိန်းကို ပြတ်ပြတ်သားသား ဖျက်သိမ်းခဲ့မယ်ဆိုရင် လူထုဟာ ဖြစ်ပေါ်လာတဲ့ အကျိုးဆက်တွေကို အစိုးရနဲ့အတူ ခါးစည်းခံဖို့ အဆင်သင့်ရှိနေကြပါတယ်။

အဲဒီလိုမဟုတ်ဘဲ မြစ်ဆုံစီမံကိန်းကို တစ်နည်းနည်းနဲ့ ခွင့်ပြုခဲ့မယ်ဆိုရင် ခွင့်ပြုခဲ့တဲ့ အာဏာရှိသူတွေကို လာမယ့် ရွေးကောက်ပွဲတွေမှာ လူထုက တိုင်းပြည်အကျိုး မကြည့်တဲ့သူတွေအဖြစ် သေချာပေါက် ဒဏ်ခတ်မှာဖြစ်တဲ့အပြင် စီမံကိန်း ခွင့်ပြုခဲ့သူတွေအနေနဲ့ သမိုင်းပုံရိပ်ဆိုး တွင်ကျန်ရစ်ခဲ့မယ်ဆိုတာ သတိမူ သတိချပ်စေလိုပါကြောင်း။

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

khitthitnews.com

Related Posts

khitthitnews.com