All News Local News

အတိုင်ပင်ခံ ညွှန်ကြားချက်ဖြင့် ကချင်ဝန်ကြီး ဦးHလအောင်နှင့် ဝန်ကြီး ၂ ဦး အတင်းအကျပ် ရာထူးမှ ဖယ်ရှားမှု အရပ်ဘက်အဖွဲ့အစည်း ၃၇ ခုက မေးခွန်းထုတ်

ရန်ကုန်၊ ဇန်နဝါရီ ၂၂

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်၏ ညွှန်ကြားချက်ဖြင့် ကချင်ပြည်နယ်မှ ဝန်ကြီး ဦးHလအောင်အပါအဝင် ဝန်ကြီး ၂ ဦးကို ရာထူးမှ အတင်းအကျပ်ဖယ်ရှားခဲ့မှုအပေါ် အရပ်ဘက် အဖွဲ့အစည်း ၃၇ ဖွဲ့က မေးခွန်းထုတ်လိုက်သည်။

အရပ်ဘက်အဖွဲ့အစည်း ၃၇ ဖွဲ့က ပေးပို့သော စာတွင် ဝန်ကြီး ၃ ဦးကို အတိုင်ပင်ခံ အမိန့်ဖြင့် အတင်းအကျပ် နုတ်ထွက်စေခြင်းကို ပြည်သူလူထုက လွန်စွာအံ့သြထိတ်လန့်မိကြောင်း၊ ယခုအချိန်သည် ပြည်တွင်းငြိမ်းချမ်းရေးနှင့် အမျိုးသားပြန်လည်သင့်မြတ်ရေးအတွက် အကောင်အထည်ဖော်နေချိန် ဖြစ်သောကြောင့် ယခုအဖြစ်အပျက်သည် အစိုးရအပေါ် ပြည်သူလူထု၏ ယုံကြည်မှု ပျက်ပြားစေကြောင်း၊ ဝန်ကြီး ဦး Hလအောင်သည် တာဝန်များကို ကျွမ်းကျင်စွာ စီမံခန့်ခွဲဆောင်ရွက်နေသူ ဖြစ်ပြီး ဝန်ကြီးကို မည်သည့်အကြောင်းအရင်းတို့ကြောင့် နုတ်ထွက်စေလိုသည်ကို သိရှိလိုကြောင်း၊ ကချင်ပြည်နယ်ဝန်ကြီးချုပ်အနေဖြင့် အများပြည်သူကို ပွင့်လင်းမြင်သာစွာ ရှင်းလင်းစေလိုကြောင်း ဖော်ပြထားသည်။

နိုင်ငံတော်သမ္မတရုံးက ကချင်ပြည်နယ်အစိုးရ စိုက်ပျိုးမွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးမြသိန်း၊ ပြည်နယ်အားကစားနှင့်ကျန်းမာရေးဝန်ကြီး ဒေါက်တာသင်းလွင်နှင့် ပြည်နယ်သယံဇာတနှင့်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဦးHလအောင်ကို ရာထူးမှဖယ်ရှားကြောင်း ဇန်နဝါရီလ ၂၁ ရက်နေ့ နေ့စွဲဖြင့် အမိန့်ကြေညာချက်ထုတ်ပြန်ခဲ့သည်။

Kachin Peace Network မှ ဒေါ်ခွန်ဂျာက” ဒေါက်တာခက်အောင် ကထုတ်တာလား ၊ ဘယ်သူက ထုတ်တာလဲ အခုထိ သိသိကျကျ မသိရသေးဘူးပေါ့ ကျမတို့အနေနဲ၊ ဒါကြောင့်မို့ သိချင်တယ်။ ဘယ်သူက ဘယ်လိုထုတ်တာလဲ။ ကျာမတို့ နားလည်သလောက်က လူမှုရေးဝန်ကြီးကိုတော့ တိုင်ကြားထားတဲ့ အချက်တွေ ရှိတာပေါ့။ ဒါကို ကျမတို့ နားလည်တယ်။ ဒါပေမယ့် ဒေါက်တာခက်အောင်ကတော့ အခုလောလောဆယ် မာတာ( MATA) နဲ့သော်လည်းကောင်း ၊ ကျောက်မျက်ရတနာလုပ်ငန်းနဲ့ ပတ်သက်ပြီး မြန်မာကျောက်စိမ်း ၊ ကျောက်မျက်ဥပဒေနဲ့သော်လည်းကောင်း ၊ မူဝါဒနဲ့ ပတ်သက်၍ သော်လည်းကောင်း လုပ်ဆောင်တဲ့နေရာတွေမှ ဦးH လအောင်ကတော့ အမြဲတမ်း ပုံမှန်ပါဝင်နေတယ်။ သူလုပ်ဆောင်ရမယ့် သူလုပ်ငန်းတွေကို ကောင်းကောင်းမွန်မွန်လုပ်ဆောင်နေတဲ့ Performance ကောင်းကောင်းတွေကို ကျမတို့ အတူလုပ်ဆောင်နေတဲ့သူတွေက သိကြတယ်။ ဘယ်လိုအကြောင်းပြချက်နဲ့ ထုတ်တာလဲ” ဟု မေးခွန်းထုတ်သည်။

နိုင်ငံတော်အတိုင်ပင်ခံက ဝန်ကြီး ၃ ဦးကို နုတ်ထွက်ခိုင်းမှုသည် အခြေခံဥပဒေအရလွဲနေမှားကြောင်းလည်း ၎င်းကဆိုသည်။

“နောက်တစ်ခုက ဒါနဲ့ ပတ်သက်ပြီးတော့ လုပ်ထုံးလုပ်နည်းအရ ဆိုရင် နိုင်ငံတော် သမ္မတ၊ ပြည်နယ်ဝန်ကြီးချုပ်ကနေ ညွန်ကြားချက်ထုတ်ပြန်ပြီး ထုတ်ပိုင်ခွင့်ရှိတယ်ဆိုပြီး အခြေခံဥပဒေအရ သိရသည်။ အခုကျတော့ နိုင်ငံတော်အတိုင်ပင်ခံကနေ ဒီပြည်နယ်ဝန်ကြီးချုပ်ကို ဖိအားပေးပြီးတော့ တစ်ခါတည်း Hope to resign ပုံစံနဲ့ဆိုရင် အခြေခံဥပဒေနဲ့ လွဲနေတယ်လို့ ထင်တယ်။ အဲဒါကြောင့် နိုင်ငံရေးပါတီတွေ ၊ ပါတီခေါင်းဆောင်တွေ ၊ လွှတ်တော်အမတ်တွေကော ဘယ်လိုများ နားလည်သဘောပေါက်ထားလဲ။အကယ်၍များ အခြေခံဥပဒေကို ကျော်လွန်ပြီးလုပ်နေတာလား ဒါကိုလည်း သိချင်တယ်” ဟု ၎င်းက ဆိုသည်။

ဝန်ကြီးဦးHလအောင်ကို မည်သည့်အကြောင်းကြောင့် ရာထူးမှဖယ်ရှားသည်ကို အမြန်ဆုံး ထုတ်ပြန်သင့်သည်ဟု Kachin Women Union ဒါရိုက်တာ ဒေါ်ခေါန်နန်က ဆိုသည်။

” ဦး H လအောင်နဲ့ ပတ်သက်ပြီး သူရဲ့ မှားယွင်းတာတွေက တိုင်ကြားတာတွေ မရှိဘူး။ ဒါပေမယ့် ဘယ်လိုမျိုးနဲ့ ဒီလိုမျိုးနုတ်ထွက်ခွင့် လုပ်လိုက်လဲ ၊ ထွက်စာပေါ့ ရေးခိုင်းလိုက်တာ ၊ အဲ့တာမျိုး ရေးခိုင်းလိုက်တာ ကျမတို့က ရုတ်တရက်ကြားလိုက်ရတော့ နည်းနည်းတော့ လန့်သွားတာပေါ့ ။ နည်းနည်းတော့ စိတ်ပူပန်မှုတော့ ရှိသွားတယ်။ အံသြထိတ်လန့်မှုတွေကို အဖွဲ့အစည်းတွေက ဖြစ်ခဲ့တယ်လို့ ပြောချင်တယ်” ဟု ၎င်းက ဆိုသည်။

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးဒါရှီလဆိုင်းက အစိုးရ တစ်ရပ်အနေဖြင့် ဝန်ကြီးများဖယ်ရှားသည်ဟု ထင်မြင်ကြောင်း ပြောဆိုသည်။

“ဖွဲ့စည်းပုံအခြေခံဥပဒေ ပြန်လေ့လာကြည့်မယ်ဆိုတော့ ဒါက အုပ်ချုပ်ရေး ပုဒ်မ ၂၆၄ မှ ပါတဲ့ အတိုင်းသာ သူတို့ဆောင်ရွက်တယ်လို့ ထင်မိတယ်။ ဒါကတော့ အစိုးရတစ်ရပ်က အစိုးရဘက်ကတော့ သူတို့လုပ်ဖို့ကိုင်ဖို့ အပိုင်းကဏ္ဍမှ ပြောမယ်ဆိုရရင် အစီအစဉ်တစ်ခုရှိလို့ ဖြစ်ကောင်းဖြစ်နိုင်မှာပေါ့။ အစီအစဉ်တစ်ခုဆိုတာ ဘယ်လိုကြောင့် ဘယ်လိုအစီအစဉ်လဲဆိုတာ ကျနော်တို့ မသိဘူးလေ။ ဒါကတော့ လုပ်လေ့လုပ်ထရှိတဲ့ အစိုးရရဲ့ဆောင်ရွက်ချက်တစ်ခုလို့ ထင်တာပေါ့” ဟု ဦးဒါရှီလဆိုင်းက ပြောသည်။

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

khitthitnews.com

Related Posts

khitthitnews.com