All News Local News

အစိုးရခေါင်းဆောင်များအနေဖြင့် “လ” လို ကျင့်ကြရန် ဒေါ်အောင်ဆန်းစုကြည်ပြော

ရန်ကုန်၊ ဇန်နဝါရီ ၁၁

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်က အစိုးရခေါင်းဆောင်များအနေဖြင့် လကဲ့သို့ ကျင့်သုံးရမည်ဖြစ်ကြောင်း ဇန်နဝါရီလ ၁၀ ရက်နေ့ မြစ်ကြီးနားမြို့ စီတာပူရပ်ကွက် မနောဝင်းအတွင်း ကျင်းပသည့် (၇၁)နှစ်မြောက် ကချင်ပြည်နယ်နေ့ အခမ်းအနားတွင် ပြောဆိုလိုက်သည်။

လသည် သစ္စာရှိပြီး အလင်းရောင်ပေးစွမ်းနိုင်ကြောင်း၊ နေ တိုက်ရိုက်ထိုးလျှင် မသက်သာကြောင်း၊ လကိုအားကိုးမှုနှင့် နေကိုအားကိုးမှု မတူညီကြောင်း ၎င်းက ပြောဆိုသည်။

“နိုင်ငံတော်အစိုးရဖြစ်စေ၊ ပြည်နယ်အစိုးရဖြစ်စေ၊ အစုအဖွဲ့တွေကခေါင်းဆောင်တွေပဲဖြစ်စေ ဦးဆောင်မှုပေးတဲ့ ပုဂ္ဂိုလ်တိုင်းဟာနေ၊ လကဲ့သို့ ကျင့်သုံးရမယ်ဆိုတဲ့ အဆိုလည်းရှိပါတယ်။ နေဆိုတာ မနက်ထွက်လာတဲ့အခါ အလင်းရောင်ပေးတယ်။ အလင်းရောင်ပေးလို့ ရှေးခေတ်လူသားတွေက နေကိုပဲမျှော်ပြီးနေကြရတယ်။ တစ်ညတာပြီး သွားရင် အလင်းရောင်မှ လာပါ့မလားဆိုပြီ းစိုးရိမ်ပူပန်ကြရတယ်” ဟု ဒေါ်အောင်ဆန်းစုကြည်က ဆိုသည်။

ခေါင်းဆာင်များသည် လကဲ့သို့ နှလုံးသွင်းရန်လိုအပ်ကြောင်းလည်း ဒေါ်အောင်ဆန်းစုကြည်က ရှင်းပြသည်။

“နေထွက်လာတယ်ဆိုတာ အလင်းရောင်ရတယ်။ ရာသီဥတုချမ်းအေးတဲ့နေရာတွေမှာဆိုရင် အနွေးဓာတ်ရတယ်။ ဒါပေမယ့် နေကတိုက်ရိုက်ထိုးနေရင်တော့ မသက်သာဘူး။ ဒါကြောင့် ဦးဆောင်မှုပေးတဲ့လူတွေကနေလို လလိုကျင့်သုံးရမယ်ဆိုတာ နေလိုကျင့်သုံးတဲ့နေရာမှာ အလင်းရောင်ပေးဖို့၊ နွေးထွေးမှုပေးဖို့ဖြစ်တယ်။ တိုက်ရိုက်ကြီးထိုးပြီး မျက်စိမသက်မသာဖြစ်အောင် လုပ်ဖို့မဟုတ်ဘူး။ ဒါကိုဦးဆောင်မှုပေးတဲ့သူ အားလုံးက နှလုံးသွင်းဖို့လိုပါတယ်။ လလိုကျင့်သုံးရမယ်ဆိုတာ နေမရှိတဲ့အခါမှာ၊ နေဝင်သွားတဲ့အခါမှာ ရှေးလူသားတွေဟာ လကိုအားကိုးရတယ်။ လကိုအားကိုးတော့ လနဲ့နေမတူတာက လကနေ့တိုင်း ထွက်တာမဟုတ်ဘူး။ နေကလည်း နေတိုင်းထွက်တယ်ဆိုပေမယ့် မိုးအုံ့တဲ့အခါ၊ နှင်း တွေသိပ်သည်းတဲ့အခါ နေရောင်ခြည်ကို ရတာမဟုတ်ဘူး။ လကျတော့ လကွယ်ရက်၊ လပြည့်ရက်၊ ကြားရက်တွေရှိတယ်။ ဒါပေမယ့် ဘယ်တော့မဆို လကိုအချိန်မှန်မှန် ပြန်ပြီး ပေါ်ထွက်လာမယ်ဆိုပြီး လူသားတွေကမှန်းလို့ရတယ်။ လဆိုတာ တဖြည်းဖြည်း ဆန်းလာတယ်၊ နောက်ပြီး လကြီးက ပြည့်လာတယ်၊ ပြည့်ပြီးတော့ တဖြည်းဖြည်းဆုတ်လာတယ်၊ ဆုတ်ပြီးတော့ ကွယ်သွားတယ်။ ကွယ်ပြီးရင်လည်းပြန်ပြီးတော့ ပေါ်လာတယ်။ လူသားတွေ က ခန့်မှန်းနိုင်တဲ့အခါ လကသစ္စာရှိတယ်လို့ ဆိုလို့ရတယ်။ လရဲ့သစ္စာကို ယုံကြည်ကြတယ်” ဟု ဒေါ်အောင်ဆန်းစုကြည်က ရှင်းပြသည်။

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် ကချင်ပြည်နယ်ခရီးစဉ်အဖြစ် မြစ်ကြီးနား၊ ပူတာအို ဒေသများသို့ သွားရောက်ခဲ့သည်။

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

Related Posts