All News Local News

အင်အားနည်းပါးမှုနှင့် ရဲဘော်များ၏ အသက်ကယ်တင်ရန် တိုက်ပွဲများတွင် တပ်မတော်က ရဟတ်ယာဉ်သုံးဟု NLD CEC ဒေါက်တာမျိုးညွန့်ပြော

ရန်ကုန်၊ ဇန်နဝါရီ ၁၄

တိုင်းရင်းသားလက်နက်ကိုင်များနှင့်တပ်မတော်တို့အကြား ထိတွေ့သည့် တိုက်ပွဲတွင် တပ်မတော်ကရဟတ်ယာဉ် အသုံးပြုခြင်းသည် အင်အားနည်းပါးမှု ကြောင့် စခန်းရှိ ရဲဘော်များ၏ အသက်ကို ကယ်တင်နိုင်ရန် အတွက် လိုအပ်သော အင်အား အသုံးပြုခြင်းဟု နားလည်ယူဆကြောင်း အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်(NLD) ၏ ပြောခွင့်ရပုဂ္ဂိုလ်လည်းဖြစ်၊ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်လည်းဖြစ်သူ ဒေါက်တာမျိုးညွန့်က ပြောသည်။

ရန်ကုန်ခေတ်သစ်သတင်းဌာနက ရခိုင်တပ်မတော် AA နှင့်တိုက်ပွဲတွင် သမ္မတရုံးက လိုအပ်လျှင် ရဟတ်ယာဉ် အသုံးပြု နိုင်သည်ဟု တပ်မတော်သို့ ညွှန်ကြားချက်ထုတ်ပြန်မှုနှင့်ပတ်သက်၍ တိုင်းရင်းသားများဝေဖန်နေကြသည့်အပေါ် သဘောထားမှတ်ချက်ပေးရန် မေးမြန်းရာတွင် ဒေါက်တာမျိုးညွန့်က အထက်ပါအတိုင်းဖြေကြားခြင်း ဖြစသ်ည်။

“တိုင်းရင်းသား လက်နက်ကိုင်တွေနဲ့ ဖြစ်တဲ့ကိစ္စတွေမှာ လေယာဉ်သုံးတာတွေရှိပါတယ်။ ဒါကတော့ တပ်မတော်က လုပ်ထုံးလုပ်နည်းတွေအရ လိုအပ်လို့ သုံးတယ်လို့ပဲ ကျနော်တို့သိပါတယ်ခင်ဗျ။ တားမြစ်ချက်ရှိတယ်လို့ မသိပါဘူး။ အင်အားက ကိုယ့်ဘက်က အင်အားနည်းပြီး တစ်ဖက်က အင်အားများနေတဲ့အခါမှာ လိုအပ်တဲ့ အင်အားအတွက် လေကြောင်းအကူ၊ တပ်အကူ ဒါတွေသုံးတယ်လို့ ယူဆပါတယ်။ ဒါမှလည်း ကိုယ့်စခန်းမှာ ရှိတဲ့ ရဲဘော်တွေရဲ့အသက်ကို ကယ်တင်ဖို့ လိုအပ်တဲ့အင်အားကို သုံးတယ်လို့ပဲယူဆပါတယ်” ဟု ဒေါက်တာမျိုးညွန့်က ဆိုသည်။

တပ်မတော်သည် အခြေခံဥပဒေအရ လုံခြုံရေးဆိုင်ရာ ကိစ္စရပ်များတွင် လွတ်လပ်စွာ စီမံခန့်ခွဲပိုင်ခွင့်ရှိပြီး သမ္မတ၏ ညွှန်ကြားချက် စောင့်ဆိုင်းရန် မလိုအပ်ကြောင်း၊ သမ္မတရုံးက AA နှင့်တိုက်ပွဲတွင် ရဟတ်ယာဉ် သုံးရန် ညွှန်ကြားမှုအပေါ် မှတ်ချက်မပေးလိုကြောင်း ပြောဆိုသည်။

“လုံခြုံရေးဆိုင်ရာ ကိစ္စရပ်များအားလုံးကို လွတ်လပ်စွာ စစ်ဆေးစီရင်ဆုံးဖြတ်ပိုင်ခွင့်ရှိသည်ဆိုတဲ့အတွက်ကြောင့် သမ္မတကနေပြီးတော့ ညွှန်ကြားချက်မလိုအပ်ပါဘူး။အရင်ကလည်း ဘယ်တုန်းကမှ တောင်းခဲ့တဲ့ ထုံးစံမရှိပါဘူး။ အဲဒီတော့ ဒီသတင်းက မမှန်ကန်ဘူးလို့ ဆိုချင်ပါတယ်။ ဒါကတော့ သမ္မတ ညွှန်ကြားချက်ကို ဘာမှ မပြောလိုပါဘူး။ ကျနော်တို့သိတာက ဖွဲ့စည်းပုံအုပ်ချုပ်ပုံအရ တပ်မတော်က လုံခြုံရေးကိစ္စ အားလုံးကို လွတ်လပ်စွာ စစ်ဆေးစီရင်ဆုံးဖြတ်ပိုင်ခွင့်ရှိသည်ဆိုတဲ့အတွက်ကြောင့် လေယာဉ်(ရဟတ်ယာဉ်) သုံးစွဲခွင့်က သမ္မတဆီက ခွင့်ပြုမိန့်တောင်းရတယ်လို့တော့ ကျနော်တို့မသိပါဘူး” ဟု ဒေါက်တာမျိုးညွန့်က ဆိုသည်။

သမ္မတ ဦးဝင်းမြင့်က ဇန်နဝါရီလ ၄ ရက်နေ့ AA ရခိုင်တပ်မတော်က ရဲကင်းစခန်း ၄ ခုကို ဝင်ရောက်စီးနင်းပြီးနောက် တပ်အင်အားပိုသုံးရန်နှင့် လိုအပ်ပါက ရဟတ်ယာဉ်သုံးရန် တပ်မတော် သို့ ညွှန်ကြားချက် ထုတ်ပြန်ပေးခဲ့ပြီး တပ်မတော်ကလည်း ရဟတ်ယာဉ်များ သုံး၍ AA ကို တိုက်ခိုက်မှုများ ဆောင်ရွက်လျက်ရှိသည်ဟု AA တပ်ဖွဲ့က မကြာခဏဆိုသလို သတင်းထုတ်ပြန်သည်။

ဓာတ်ပုံ- ရဟတ်ယာဉ်ဖြင့် စစ်ရေးပြနေသည့် တပ်မတော်လေတပ်ဖွဲ့။

Photo Credit- တပ်မတော်လေ

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

Related Posts