All News interview

“အကောင်းဆုံး အဖြေကတော့ ၂၀၂၀ မှာ ညွန့်ပေါင်းအစိုးရ ရအောင်ဖွဲ့၊ အဲဒါ အသေချာဆုံးအဖြေပဲ”

By သာလွန်ဇောင်းထက် ( ရန်ကုန်ခေတ်သစ်)

နိုင်ငံရေး အကဲခတ်၊တမ္ပဒီပ အင်စတီကျု ဒါရိုက်တာ ဒေါက်တာခင်ဇော်ဝင်းနှင့်တွေ့ဆုံခြင်း အပိုင်း ၂

၂၀၁၈ ခုနှစ်ကုန်ဆုံး၍ ၂၀၁၉ ခုနှစ်သို့ ကူးပြောင်းချိန် ကုန်လွန်ခဲ့သော နှစ်တစ်နှစ်အတွင်းမြန်မာနိုင်ငံအနေဖြင့် ကြုံတွေ့ခဲ့ရသည့်နိုင်ငံတကာ ဆက်ဆံရေးအခြေအနေများကိုပြန်လည်သုံးသပ်ခြင်း ဖြင့် ၂၀၁၉ ခုနှစ်တွင် ဖြစ်ပေါ်လာနိုင်သည့် မြန်မာနှင့် နိုင်ငံတကာ ဆက်ဆံရေးအခြေအနေ ကို သုံးသပ်တွက်ဆနိုင်ရေးအတွက် နိုင်ငံရေး အကဲခတ်၊တမ္ပဒီပ အင်စတီကျု ဒါရိုက်တာ ဒေါက်တာခင်ဇော်ဝင်းကို ရန်ကုန်ခေတ်သစ်က တွေ့ဆုံမေးမြန်းထားပါသည်။

မေး ။ ။ အစိုးရကဖွဲ့ထားတဲ့ ရခိုင်စုံစမ်းရေးကော်မရှင်ဆိုတာရှိတယ် ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီးက ဥက္ကဌလုပ်တယ်ပေါ့နော် ၊ ဒီဟာကရောနိုင်ငံတကာနဲ့ပူးပေါင်းဆောင်ရွက်တာလား

ဖြေ ။ ။ မိုးကြိုးပစ်တာကို ထန်းလက်နဲ့ကာသလိုဖြစ်နေတာပေါ့။ ဒီလူတွေကို ကိုယ့်အနေနဲ့က ပုဂ္ဂိုလ်ရေးအရ ဘာမှမပြောချင်ပါဘူး။ ဒါပေမယ့် ကိုဖီအာနန်ကော်မရှင် လာခဲ့တယ် ခုတော့ မရှိရှာတော့ပါဘူး။ အပြည်ပြည်ဆိုင်ရာ အချက်အလက်ရှာဖွေရေးကော်မရှင် မနှစ်က လာမယ်ဆိုတဲ့အခါကျတော့ လက်ခံလိုက်ပါလို့ ကိုယ်ကတိုက်တွန်းတာ လက်မခံဘူး။ နိုင်ငံတကာက ပေါ့သေးသေး သေးသေးလူတွေမဟုတ်ဘူး၊ သူတို့ရဲ့စကားက တော်တော်လေးကို ခရီးသွားတယ်။ ဆိုတော့ ဒီ ဖိလစ်ပိုင်၊ အာရှမှာရှိတဲ့ ဖိလစ်ပိုင်နိုင်ငံခြားရေး ဝန်ကြီးဟောင်းတစ်ယောက်အနေနဲ့ ရှိတဲ့ကော်မရှင်ဆိုလို့ရှိရင် ခုနလူတွေကို ချိန်ခွင်ထဲမှာ ထည့်ကြည့်ပါ။ ဘယ်သူက အလေးသာတယ်ဆိုတာလေ။ ထည့်တောင်မှမတွက်ဘူး။ ဖြစ်နေတာပေါ့လေ။ အဲဒီလိုတွေ လုပ်လို့မရဘူးလေ။ ဒါ သိဖို့ကောင်းပါတယ်။

မေး ။ ။ အခုလုပ်ခဲ့တဲ့ သတ်ဖြတ်မှုတွေ လူ့အခွင့်ရေးချိုးဖောက်မှုတွေ အတွက်က ဆရာပြောသလိုဆို အရေးယူမှုကလာကိုလာမှာပေါ့။

ဖြေ ။ ။ လာမှာပဲ၊ ဘာလို့လဲဆိုတော့ ကုလသမဂ္ဂရဲ့ ယန္တရားလည်ပတ်ပုံက တစ်မျိုးပေါ့နော်။ အပြည်ပြည်ဆိုင်ရာ ရာဇဝတ်ခုံရုံးဆိုတာကလည်း သပ်သပ်နော်။ ဘယ်သူကမှ သူ့ကိုအမိန့်ပေး လို့မရဘူး။ သူက သူ့ပေါ်လစီနဲ့ သူ့ဆောင်ရွက်ချက်တွေလုပ်နေတယ်။ အဲဒီတော့ အဘက် ဘက်က အကုန်လုံးက ပြောနေပြီဆိုကာမှ သူ့အနေနဲ့က ရပ်တန့်ဖို့စရာ သိပ်အကြောင်း တော့မရှိဘူး။ အဲဒီဖြစ်လာမှ ယူပါကယ်ပါဖြစ်သွားမယ်။ ပြောမယ်ဆို ကိုယ့်ကို အချိန်ပေး နေတာ၊ တော်တော်လေးကို အချိန်ဆွဲနေပါတယ်။ ဒါကို ကိုယ့်အနေနဲ့က ဆောင်ရွက်သင့်တာ ဆောင်ရွက်ဖို့လိုနေပြီ။

မေး ။ ။ ICC ကသာတကယ်လို့စွဲချက်တင်လိုက်ပြီဆိုရင် အကျိုးဆက်ပေ့ါနော် ဘယ်သူတွေကိုထိမလဲ ဘယ်လိုအကျိုးဆက်တွေဖြစ်မလဲ။

ဖြေ ။ ။ လုပ်မယ်ဆိုလို့ရှိရင် ကုလသမဂ္ဂက အဆင့်မြင့်မြင့် ပုဂ္ဂိုလ်တစ်ယောက်ယောက်နဲ့ တွေ့ပြီးတော့ ရခိုင်မှာသွားပြီးတော့ လုပ်စရာရှိတာလုပ်ပါ။ တကယ်လို့များ ဒုက္ခသည်တွေ ကိစ္စကို ကိုယ့်အနေနဲ့က ထိထိရောက်ရောက် ဆောင်ရွက်နိုင်မယ်ဆိုလို့ရှိရင် ကျူးလွန်ခဲ့တဲ့ ရာဇဝတ်မှုတွေက မေ့ကောင်းမေ့နိုင်တယ်။ မမေ့ချင်တဲ့လူတွေတော့ အများကြီးရှိပါ တယ်ပေါ့လေ။ ဆိုတော့ အခုက ရာဇဝတ်မှုကျူးလွန်ထားတာ အထောက်အထားတွေက ရှိနေပြီ၊ ဒါတွေကလည်း ဘာမှမတတ်နိုင်ဘူး။ ဟိုလူတွေပြန်လာဖို့လည်း သူတို့အနေနဲ့ ဘာမှမဆောင်ရွက်ဘူး။ သွားသာခေါ်တာပဲ၊ ဟိုလူတွေတောင်းတဲ့ဟာတွေကို သူတို့လည်း မလိုက်လျောနိုင်ဘူးလေ။ ဒါတွေကို ကိုယ်တွေအနေနဲ့က တစ်ခုမှ ပြေပြေလည်လည် မဆောင်ရွက်နိုင်ဘူးဆိုရင်တော့ ကိုယ့်ဘက်ကသွားရမယ့်လမ်းက ရှိကိုမရှိတော့ဘူးလေ။ အဆိုးချည်းပဲ။ အဲဒီတော့ နိုင်ငံခြားရေးဝန်ကြီးလုပ်နေပြီ၊ သူ့အောက်မှာဆိုလို့ရှိရင် တကယ်ကို ခေါင်းခေါက်ပြီးတော့ သံအမတ်ဟောင်းတွေ ရွေးထားတာပဲ။ ဒီလူတွေက မပြောရဲတာလား၊ မပြောတတ်တာလား၊ မသိတာလား။

MOFA က ဝန်ထမ်းတစ်ယောက်က ပြောဖူးပါတယ်၊ ဟာ ဒီသံအမတ်ကြီးတွေ အရင်ကဆိုရင် စစ်အစိုးရလက်ထက်ကဆိုရင် ရှေ့ကနေ မားမား မတ်မတ် ရပ်ပြီး စစ်အစိုးရကို ကာကွယ်ခဲ့တာ၊ အခုလည်း ဘာထူးလဲ၊ ဒီမိုကရေစီ အစိုးရကို ကာကွယ် ပေးနေတာပဲလေ။ ပြောမယ်ဆိုလို့ရှိရင် မြန်မာပြည် သွားရမယ့်လမ်းကြောင်းက နောက်ထပ် ၃ နှစ်၊ ၅ နှစ်၊ ၁၀ နှစ်နဲ့ ပြီးသွားမှာမဟုတ်ဘူး။ ဒီမိုကရေစီကို တိုက်ခိုက်ပြီးတော့ ရခဲ့တဲ့ဟာ တွေကို စွဲစွဲမြဲမြဲ မြတ်မြတ်နိုးနိုး ဆုပ်ကိုင်ထားချင်တယ်၊ ဒီအစိုးရတစ်ဦးတက်၊ နောက်အစိုးရ တစ်ဦးတက်၊ ပြီးတဲ့အခါ သူတို့ကောင်းဖို့ပဲဆိုတာပဲ မလုပ်နိုင်ဘူး။ ပေးထားရတဲ့ဟာတွေက သွေးတွေ၊ ချွေးတွေ၊ ဘဝတွေက နည်းတာမဟုတ်ဘူး။ ဆိုတော့ ဒါတွေကို ထည့်စဉ်းစားပါ။ ဒီအစိုးရမြဲဖို့အတွက်၊ စစ်အစိုးရ နောက်ထပ်တက်ဖို့အတွက်၊ စစ်အစိုးရမြဲဖို့အတွက်လောက်နဲ့ မပြီးနိုင်ဘူး။ ပြတ်ပြတ်ပြောရတော့မှာပဲ။ ဒီလိုပြောလို့မှ သူ့အနေနဲ့ နားမထောင်နိုင်ဘူးဆိုရင် ၂၀၁၉ ကတော့ ဆိုးလိမ့်မယ်။ အဲ့ဒီလိုပြောရတော့မှာပဲ။ မကယ်နိုင်ဘူး သူတို့ကို။

အဲဒါကတော့ ကိုဖြေဖူးပါတယ်၊ လက်နက်ကိုင်အဖွဲ့တွေ ထိမှာပဲ။ ပြောမယ်ဆို စစ်တပ်နဲ့ ရဲပေါ့။ နေပြည်တော်က ပြောနေတာ ဘာလဲဆိုတော့ မြန်မာပြည်က ICC မှာ လက်မှတ်ထိုး ထားတာမဟုတ်ဘူးတဲ့၊ သူတို့အနေနဲ့ မြန်မာပြည်ကိုဝင်ရောက်ပြီး ဖမ်းဆီးနိုင်ခွင့်မရှိပါဘူး။ သို့သော် ဒီပုဂ္ဂိုလ်တွေက အဲဒီ ICC လက်မှတ်ထိုးထား တဲ့နိုင်ငံတွေကိုသွားလို့ အန္တရာယ်များ လိမ့်မယ်။

မေး ။ ။ ဆိုလိုတာ စစ်ခေါင်းဆောင်ဆိုတော့ ခုလက်ရှိမှာ တပ်မတော်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် သူပါနိုင်လားဆရာ။

ဖြေ ။ ။ သူ့နာမည်က လက်ရှိမပါသေးဘူး၊ ဒါပေမယ့် လော်ဘီလုပ်တဲ့သူတွေက သူ့နာမည်လည်း တင်နေတယ်။ နောက်ပြီးတော့ အတိအကျတော့ မမှတ်မိပါဘူး၊ ကနေဒါတို့၊ US တို့ကလည်း နောင်ဆိုရင် ထည့်ရင့်ထည့်လိမ့်မယ်။ EU က နှစ်ကြိမ်ရှိပြီနော်။ ပထမအသုတ် ၂ ဦးလား သူတို့သတ်မှတ်လိုက်တယ်၊ နောက်တစ်သုတ် ထပ်ပြီးတော့ ၇ ဦး သတ်မှတ်လိုက်တယ်။ ဒါတွေက ဆက်သွားနေဦးမှာပဲလေ။ အဓိကအချက်ပြောချင်တာ ဘာလဲဆိုတော့ ခုနပြောသလို မြန်မာပြည်ထဲကိုဝင်ရောက်ပြီးတော့ ဖမ်းလို့မရဘူး၊ သို့သော် သူတို့ရဲ့နာမည်က သွားပြီ၊ ဒီလိုလူမျိုးတစ်ယောက်က၊ ICC ကနေ စွဲချက်တင်ထားတဲ့လူတစ်ယောက်က မြန်မာပြည်မှာ သမ္မတမှန်းလို့ ဖြစ်မလား။
အဲဒီလိုလည်း ပြောလို့ရတာပေါ့လေ။ သူက ပြောမယ်ဆိုရင် အဲဒီလမ်းကြောင်းမှာ ရှေ့ဆုံးကရောက်နေတာကို။ ကိုယ် အဲ့ဒါကြောင့်ပြောတာ၊ ၂၀၁၆၊ ၂၀၁၇ အထိဆိုလို့ရှိရင် သူ့အတွက်က လမ်းကြီးကိုဖြူးနေတာ၊ ဒ ခုနောက်ပိုင်း သတင်းကြားရတာတော့ အရပ်ဘက်ခေါင်းဆောင်တွေနဲ့ စစ်ဘက်ခေါင်းဆောင်တွေနဲ့ ညှိနှိုင်းမှုက အရမ်းကိုညံ့ဖျင်းတယ်လို့ ကြားတယ်။ အဲဒီကနေ လွဲချော်သွားတယ်။ ဟိုတပ်မမှူး၊ ပြီးတဲ့အခါမှ နကစ မှူးကို သွားပြီးတော့ အပြစ်ယူလို့မရဘူး၊ တပ်တွေအားလုံးကို ထိပ်ဆုံးကနေရှိတဲ့ ပုဂ္ဂိုလ်ကနေပြီးတော့မှ တာဝန်ယူရတယ်။ ဆိုတဲ့အခါ Image ပေါ့နော်၊ Image က သွားပြီ။ ခုန တိုင်းပြည်နဲ့ အစိုးရကို ရိုက်ခတ်မယ့်ပုံရိပ်ထက် ပိုဆိုးလိမ့်မယ်။ တစ်သက်လုံးတော့ ပြောမယ်ဆိုရင်တော့ ကိုယ့်အိမ်ထဲမှာ ပုန်းနေရုံပဲ ရှိတော့မယ်လေ။ ဒါကို မဖြစ်စေချင်ဘူးဆိုရင်တော့ အခုကတည်းကကို ဒါကိုဖြေလျှော့ဖို့ လုပ်စရာတွေက ရှိပါတယ်။ ခက်တာက အရင်တုန်းက စစ်အစိုးရကိုလက်ညှိုးထိုးခဲ့တာပေါ့၊ အခု အရပ်သားအစိုးရလည်း အဲဒီလိုမျိုးဖြစ်နေတာ။ နိုင်ငံတကာပြောတာတွေကို စေတနာနဲ့ပြောရင် လက်မခံဘူး၊ ငါတို့သိတယ်၊ ငါတို့တတ်တယ်ဆိုတဲ့ပုံစံမျိုးက အရမ်းချိုးတာ။ အဲဒါတွေကမှားတယ်။ ကိုယ့်ကိုယ်ကိုယ် ဘဝင်ကလည်း နှိမ့်ရမှာပဲ။ ဟုတ်လှချည်ရဲ့လို့ ထင်မနေနဲ့။ ဒီလူက သာမန်လူပဲ၊ ဒီလူပြောနေတာ ဟုတ်လားဆိုတာ နားထောင်ရဦးမယ်။ အခုဟာက ဒီမိုကရေစီမှမဟုတ်ပဲ၊ ငါ့ကို မဲထည့်လိုက်ပြီဟဲ့၊ ငါခေါင်းဆောင်ဖြစ်ပြီဟဲ၊ သွားကြစမ်းဆိုတာမျိုးဖြစ်နေတာ။ မှားတယ်နော် အဲဒီဥစ္စာ။

မေး ။ ။ အဲ့ဒီလိုမျိုးဖြစ်စဉ်တွေ ကျနော်တို့သမိုင်းမှာ ဖြစ်ခဲ့လား။

ဖြေ ။ ။ ဦးနေဝင်းတောင်မှ ဒီလောက်အထိ ဆိုးဆိုးရွားရွားမဖြစ်ဘူး။ ပြောမယ်ဆိုရင်တော့ ၈၈ တုန်းက သူ ရာထူးကဆင်းပေးတာပဲ။ နောက်ပြီးတော့မှ စစ်အစိုးရဖြစ်ကုန်တာလေ။ အခုကျမှ ဒီလိုတွေဖြစ်ကုန်တာ။ တပ်နဲ့အရပ်ဘက်နဲ့ကလည်း မတည့်၊ တစ်ယောက်နဲ့တစ်ယောက် ခြေထိုးနေကြတာ။ ဖြစ်လာကာမှ အရပ်ကူပါ လူဝိုင်းပါဆိုပြီးတော့ ဖုံးဖိနေကြတာ။ လူထုနဲ့ ပရိသတ်က ဒီထက်ပါးသေးတယ်၊ အရင်ခေတ်က နလပိန်းတုံးတွေ မဟုတ်တော့ဘူး။ အခုက အင်တာနက်ခေတ်၊ Social Media ခေတ်လေ၊ ဟုတ်တယ်မလား။ သူတို့က ပြတ်ကျန်ခဲ့တာ၊ သူတို့က ပြတ်ကျန်ခဲ့ပြီ၊ အဲဒီလိုဖြစ်နေတာ။

မေး ။ ။ ၂၀၂၀ မှာ နိုင်ငံအတွက် ပြည်သူတွေက ဘယ်သူ့ကို အားကိုးရမလဲ။

ဖြေ ။ ။ အကောင်းဆုံးကတော့ ကိုယ့်ကိုယ်ကိုယ်အားကိုးတာ အကောင်းဆုံးပဲလေ။ ပြောမယ်ဆိုရင်တော့ အကုန်လုံး ခေါင်းဆောင်ဖြစ်ရမယ်လို့တော့ မဟုတ်ပါဘူး။ ကိုယ် အစောကြီးကတည်းကပြောတယ်၊ နှစ်ပါတီစနစ်နဲ့တော့ မရဘူး၊ နောက်ပြီးတော့ ဒီမိုကရေစီပါတီတစ်ခုတည်းကိုပဲ အားမကိုးနဲ့။ အကောင်းဆုံး အဖြေကတော့ ၂၀၂၀ မှာ ညွန့်ပေါင်းအစိုးရ ရအောင်ဖွဲ့၊ အဲဒါ အသေချာဆုံးအဖြေပဲ။ သူတို့လည်းပါမယ်၊ နောက်လူတွေလည်းပါမယ်၊ ငါတကောကောလို့ မရဘူးနော်။ ဆိုတော့ အင်မတန်ကို လူထုက အရင်စစ်အစိုးရကိုလည်း ရွံ့မုန်းလို့ သူတို့ကို ၂၀၁၅ ခုနှစ်က ဒီလောက် မဲပေးခဲ့ကြတာ၊ တိုင်းရင်းသားတွေ အပါအဝင်။

အခု ၃ နှစ်တောင်ပဲရှိပါသေးတယ်၊ အဲဒီအခြေအနေက သွားပြီ။ ဒါကိုတောင်မှ မသိဘူးလား။ ကြားဖြတ်ရွေးကောက်ပွဲကို နိုင်မယ်တောင်ထင်နေသေးတာ။ ကြားဖြတ်ရွေးကောက်ပွဲက အဖြေပဲ။ ပြောမယ်ဆိုရင် ဒါ ခေါင်းလောင်းသံပဲလေ၊ ဟုတ်တယ်မလား။ ကိုယ်က နိုင်ငံခြားရေးဝန်ကြီးလုပ်နေတာ၊ သွားနေတဲ့ အနေအထားတွေ၊ သွားနေတဲ့ Direction တွေ လာရားတွေကိုမှ ကိုယ်က သေချာမဆုပ်ကိုင်နိုင်ဘူးဆိုရင်တော့ တော်တော်လေးကို ကိုယ့်အနေနဲ့ကတော့ ညံ့ဖျင်းလို့ပဲ၊ ညံ့ဖျင်းလို့ပဲ။ ကိုယ့်ရဲ့ခေါင်းဆောင်အရည်အချင်းကို ဒီမှာပြနေတာနော်၊ အလကားမဟုတ်ဘူး။ အရင်တုန်းကဆိုလို့ရှိရင်တောင်မှ အဲဒီတုန်းက တီဗီလည်းသိပ်ပြီးတော့မရှိသေးဘူးပေါ့ကွာ။ အင်တာနက်လည်းမရှိသေးဘူးဆိုတော့ လူတွေက မသိသေးတော့ လက်ခုပ်သြဘာ ပေးချင်ပေးမယ်။ အခုခေတ်က လူငယ်တွေရော၊ ပြည်သူရော မပေးတော့ဘူးနော်၊ အဲဒါစောင့်ကြည့်နေပေါ့။ ကိုယ့်အမြင်ပြောတာက တိုင်းပြည်က ဖရိုဖရဲဖြစ်ဖို့ အနေအထားကို မမြင်ပါဘူး။ ဒါပေမယ့် ပါတီတစ်ခု၊ ခေါင်းဆောင်တစ်ဦးတည်းကိုပဲ ပုံအပ်ပြီးတော့အားကိုးတာမျိုးတော့ မဖြစ်စေချင်တော့ဘူး။ ဒါလေးပြောင်းဖို့လိုတာပါ။ လွယ်လွယ်လေးပါ နော်။ ဆိုတော့ ညွန့်ပေါင်းတစ်ခု ရအောင်ကိုဖွဲ့။ ခက်တာကို တို့ယဉ်ကျေးမှုက ညွန့်ပေါင်းကို အားနည်းတယ်။ ငါမှငါဆိုတဲ့ဟာမျိုးလေ၊ သိတယ်မလား။ ၉၀ ခုနှစ်ရွေးကောက်ပွဲက စပြောခဲ့တဲ့စကားပါ။ မဲမကွဲရေးဆိုတဲ့စကား၊ အဲဒီစကားကို လုံးဝကိုလက်မခံပါနဲ့၊ မဲက ကွဲကိုကွဲရမယ်။ မဲကွဲမှ တကယ့်ကို ဗဟုဝါဒပေါ့၊ ပါတီစုံအနေအထားက ဖြစ်လာမှာ။ တစ်ခုတည်း၊ တစ်ဖွဲ့တည်း၊ တစ်ပါတီတည်းကိုပဲ သွားမဲပေးခဲ့တာက အခုက အကျိုးရလဒ်ပဲ။

မေး ။ ။ နိုင်ငံရဲ့အနာဂတ်က တချိန်မြန်မာနိုင်ငံ ဆိုလို့ရှိရင် မျိုးဆက်သစ်တွေလက်ထက်မှာ လူသတ်ကောင်တွေဆိုတဲ့ ခေတ်မျိုးကိုရောက်နိုင်လား။

ဖြေ ။ ။ ရခိုင်အရေးကို မကိုင်တွယ်နိုင်ဘူးဆိုရင်တော့ ဘယ်ပြောနိုင်မလဲ။ ပြီးတဲ့အခါကျတော့ ကုလသမဂ္ဂအဖွဲ့တွေက လာတာပါပဲ။ ဆိုတော့ ဒီဥစ္စာကို ပြန်ပြီးတော့ ဖြောင့်မတ်သွား နိုင်အောင် လုပ်ဖို့က အရေးကြီးနေပြီ။ ပြောမယ်ဆိုရင်တော့ ၂၀၁၆ က အခြေအနေမျိုးကို ပြန်ပြီးတော့ရောက်အောင်ပေါ့၊ Minus ကနေ Zero ပြန်တက်အောင်ကို မနည်းလုပ်ရဦးမှာ၊ ဟုတ်တယ်မလား၊ ဒါကိုလုပ်ပါ။ ဒါကို လျစ်လျူရှုပြီးတော့မှ ငါတို့အနေနဲ့ ငြိမ်းချမ်းရေး ကိုထူထောင်မယ်၊ ပြီးလို့ရှိရင် ရွေးကောက်ပွဲတစ်ခုတော့ လာဦးမှာပဲ။ အဲဒီအခါကျမှ အချိန်ကြာပြီဆိုတော့ လူတွေလည်း မေ့မေ့ပျောက်ပျောက်ရှိမှာပဲဆိုလို့ရှိရင်တော့ မှားလိမ့်မယ်။ တော်တော်လေးကို ဒီဥစ္စာ ကြိုးပမ်းရဦးမယ်။ အဲဒီတော့ အဓိကပြောချင်တာ ကတော့ အမှန်တရားကို သတ္တိရှိရှိ ကြည့်ပါ။ ခံယူချက်သတ္တိဆိုတာရှိတယ်လေ။ နောက်ပြီး တော့ ပွင့်လင်းပါ၊ အဲဒါလေးပဲ လိုအပ်တာပါ။ ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ အမှန်တရားကို ရဲရဲဝံ့ဝံ့ ကြည့်ရဲရမယ်၊ ပွင့်လင်းဖို့လိုတယ်။ ဖုံးလိုက်ဖိလိုက်နဲ့ ဟိုလူ့အားကို ဒီလူ့အားကိုးနဲ့ တံခါးကြီးပိတ်ပြီးတော့ ပုန်းနေလို့ကတော့ မရဘူး၊ ခေတ်ကပြောင်းသွားပြီ။

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

Related Posts