Local News political news

သိန်း ၁၅၀၀ ကျော်ဖြင့် ကား ၅ စီး ဝယ်မှုကြောင့် NLD ပါတီမှ အထုတ်ခံရသည့် ဧရာဝတီ လွှတ်တော်ဒုတိယဥက္ကဋ္ဌ ရာထူးတာဝန်ရုပ်သိမ်းရေး ဆက်လုပ်မည်

ရန်ကုန်၊ ဇန်နဝါရီ ၁၆

NLD ပါတီမှ ဇန်နဝါရီလ ၁၅ ရက်နေ့တွင် အထုတ်ခံလိုက်ရသည့် ဧရာဝတီတိုင်းလွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးစံမင်းအောင်ကို ဧရာဝတိုင်းလွှတ်တော်က စိစစ်အရေးယူမှုများ ဆက်လက်ဆောင်ရွက်မည်ဖြစ်ကြောင်း သိရှိရသည်။

၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ်တွင် ခွင့်ပြုရန်ပုံငွေဖြင့် တိုင်းလွှတ်တော်အတွက် ငွေကျပ် သိန်း ၁၅၈၀ ဖြင့် ကား ၅ စီးဝယ်ယူရာတွင် ကိုယ်ကျိုးစီးပွား ပါဝင်သည်ဆိုကာ တိုင်ကြားခံရမှုကြောင့် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်(NLD) မှ အထုတ်ခံရသည့် ဧရာဝတီတိုင်းဒေသကြီး လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးစံမင်းအောင်နှင့်ပတ်သက်၍ ဧရာဝတီတိုင်းလွှတ်တော်က ဆက်လက်စစ်ဆေး ကိုင်တွယ်သွားမည် ဖြစ်ကြောင်း NLD ပါတီထံမှ သိရှိရသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) ၏ ပြောခွင့်ရပုဂ္ဂိုလ်လည်းဖြစ် ၊ ဗဟိုအလုပ်အမှု ဆောင်လည်းဖြစ်သူ ဒေါက်တာမျိုးညွန့်ကို “ပါတီက ထုတ်ပယ်ထားသည့် ဧရာဝတီ တိုင်း လွှတ်တော်ဒုတိယဥက္ကဋ္ဌ ဦးစံမင်းအောင်ကို ဒုတိယဥက္ကဋ္ဌရာထူးတာဝန်မှ ပြန်လည်ရုပ်သိမ်းရန်ရှိပါသလား” ဟု ရန်ကုန်ခေတ်သစ်က ဆက်သွယ်မေးမြန်းရာ ဒေါက်တာမျိုးညွန့်က လွှတ်တော်က ဆက်လက်စစ်ဆေးကိုင်တွယ်ရန်ရှိကြောင်း ပြန်လည်ဖြေကြားသည်။

“အဲဒါ လွှတ်တော်က လုပ်ပါလိမ့်မယ်။ ပါတီက လုပ်လို့မရပါဘူး။ လုပ်ထုံးလုပ်နည်းတွေရှိပါတယ်ခင်ဗျ၊ သူတို့လည်း သူတို့လုပ်ထုံးလုပ်နည်းအရ ပြန်စစ်တာတို့ဘာတို့ ရှိပါတယ်။ စစ်ပြီးတော့မှ သူတို့တွေ့ရှိချက်အရ ဆက်သွားရမှာ။ ကားဝယ်တဲ့ကိစ္စနဲ့ ပတ်သက်လို့ပါ၊ ဟုတ်ပါတယ်။ သူ့မှာတာဝန်ရှိတယ်ဆိုပြီး အရေးယူတာပါ” ဟု ဒေါက်တာမျိုးညွန့်ကပြောသည်။
ဧရာဝတီတိုင်းလွှတ်တော်တွင် NLD ပါတီအမတ်အများစုပါဝင်နေသည့်အတွက် ဒုတိယ ဥက္ကဋ္ဌ ဦးစံမင်းအောင်နှင့်ပတ်သက်၍ အရေးယူမှုများအောင်မြင်လိမ့်မည်ဟုလည်း ဆိုသည်။

ဧရာဝတီတိုင်းလွှတ်တော်ဒုတိယဥက္ကဋ္ဌ ဦးစံမင်းအောင် ဦးဆောင်သည့် အဖွဲ့သည် ခွင့်ပြုရန်ပုံငွေ ကျပ်သိန်း ၁၅၈၀ဖြင့် ၁၅ ယောက်စီး EMD အံစာတုံးကား ၃ စီး၊ လိုက်ထရပ် ၁ စီး၊ Extracab ၁ စီး ဝယ်ယူခဲ့ပြီး အံစာတုံးကားများကို အစိမ်းရောင်မှ အဖြူရောင်ပြောင်းခြင်း၊ အဲယားကွန်းပေါက် ထပ်ဖောက်ခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

khitthitnews.com

Related Posts

khitthitnews.com