All News Local News

လွိုင်ကော်မြို့တွင် ဗိုလ်ချုပ်ကြေးရုပ်စိုက်ထူမှု ကရင်နီလူငယ်များ အပြင်းအထန်ကန့်ကွက် သပိတ်တိုက်ပွဲဝင်မည်ဟုကြေညာ

ရန်ကုန်၊ ဇန်နဝါရီ ၃၀

ကယားပြည်နယ်၊ လွိုင်ကော်မြို့၊ ကန္ဒာဟေဝန်ပန်းခြံတွင် ဗိုလ်ချုပ်အောင်ဆန်းကြေးရုပ်စိုက်ထူရန် ပြင်ဆင်နေမှုကို လာမည့်ရက်ပိုင်းအတွင်း ကရင်နီလူငယ်ထုက အပြင်းအထန် တိုက်ပွဲဝင် ကန့်ကွက်သွားမည်ဖြစ်ကြောင်း ကရင်နီလူငယ်ခေါင်းဆောင် ကိုမျိုးလှိုင်ဝင်းက ပြောသည်။

ကရင်နီပြည်သူလူငယ်များသမဂ္ဂ၊ ကရင်နီအမျိုးသားလူငယ်အစည်းအရုံး၊ ကယန်းမျိုးဆက်သစ်လူငယ်၊ ကယားပြည်နယ်ကျောင်းသားသမဂ္ဂ၊ ကယန်းအမျိုးသမီး အစည်းအရုံး၊ ကယားလီဖုလူငယ်၊ ကရင်နီပြည်တောင်သူလယ်သမားသမဂ္ဂ၊ ကယောလူငယ်၊ ကော်ယော်အမျိုးသားလူငယ်၊ မျိုးဆက်သစ် လူငယ်၊ မျိုးဆက်သစ်ကရင်လူငယ်၊ ကရင်နီMATA အဖွဲ့တို့က ဗိုလ်ချုပ်ကြေးရုပ် စိုက်ထူမှုကို ကန့်ကွက်လှုပ်ရှားမည်ဖြစ်ကြောင်း ဇန်နဝါရီလ ၂၉ ရက်နေ့ နေ့စွဲဖြင့် ကြေညာချက်ထုတ်ပြန်ထားပြီးဖြစ်သည်။

“အခုရက်ပိုင်းအတွင်းမှာကို ဗိုလ်ချုပ်ကြေးရုပ်စိုက်ထူတာနဲ့ပတ်သက်လို့ ကျနော်တို့ အပြင်းအထန် သပိတ်တိုက်ပွဲဝင်ဖို့ရှိပါတယ်။ ရက်အတိအကျ ပြောလို့မရပါဘူး။ ခွင့်ပြုမိန့်လည်း မတင်ပါဘူး။ ဒီကြေးရုပ်ကို ဖယ်ရှားတဲ့အထိ တိုက်ပွဲဝင်မှာပါ” ဟု ကိုမျိုးလှိုင်ဝင်းက ဆိုသည်။

၂၀၁၈ ခုနှစ် ဖေဖော်ဝါရီလ ၂ ရက်နေ့ကလည်း ဗိုလ်ချုပ်ကြေးရုပ် တည်ဆောက်ရေး ပြည်နယ်အစိုးရက စီစဉ်မှုအပေါ် ကရင်နီလူငယ်များက ကန့်ကွက်ခဲ့ကြပြီး အဆိုပါကန့်ကွက်ခဲ့ကြသော လူငယ်များမှာ ယခုတိုင် တရားရင်ဆိုင်နေရဆဲဖြစ်ကြောင်း၊ ၂၀၁၈ ခုနှစ် ဇူလိုင် ၇ ရက်နေ့တွင် ကယားပြည်နယ်ဝန်ကြီးချုပ် ဦးအယ်ဖောင်းရှိုက ပြည်သူလူထုသဘောထားမပါဘဲ ဗိုလ်ချုပ်ကြေးရုပ် မတည်ဆောက်ဟု ပြောဆိုခဲ့ကြောင်း၊ ယခု ဇန်နဝါရီလ ၂၉ ရက်နေ့ ညနေ ၂ နာရီ ၃၁ မိနစ်တွင် ဗိုလ်ချုပ်ကြေးရုပ် သယ်ယူလာပြီး ပြန်လည်တည်ဆောက်နေသဖြင့် ကန့်ကွက်သွားမည်ဖြစ်ကြောင်း ကြေညာချက်တွင် ဖော်ပြထားသည်။

ဓာတ်ပုံ- လွိုင်ကော်မြို့ ပန်းခြံတွင် ထားရှိမည့် ဗိုလ်ချုပ်ကြေးရုပ်ကို ပြင်ဆင်ထားစဉ်။
Photo Credit- နော်ဒွေးအယ်ခူ/ကန္တာရဝတီတိုင်းမ်

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

khitthitnews.com

Related Posts

khitthitnews.com