interview political news

“လုပ်ငန်းရှင်ကြီး တစ်ယောက်ဆိုရင်သိန်း ၂ သောင်းလောက်ပါသွား။ ပွင့်ပွင့်လင်းလင်း ပြောရရင် အစိုးရပိုင်းကနေပြီးတော့ အရာရှိကြီးတွေပါတယ်”

By အောင်သက်ဝိုင်း(ရန်ကုန်ခေတ်သစ်)

မင်္ဂလာဒုံမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်လှိုင်ဝင်းနှင့် ဆက်သွယ် မေးမြန်းချက်

သေနတ်ကိုင် ယောဂီမယ်တော်ကြီးဟု နာမည်ကြီးသည် ယောဂီနန္ဒမာလာကို ရန်ကုန်- မန္တလေးအမြန်လမ်းတွင် ဖမ်းမိခဲ့ပြီး ယင်းသို့ ဖမ်းမိစေရန်နှင့် သူလိမ်လည်သော ငွေကြေး မြောက်မြားစွာ အကြောင်း ဖော်ထုတ်သူတစ်ဦး ရှိနေသည်။ ထိုသူကား မင်္ဂလာဒုံမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်လှိုင်ဝင်းဖြစ်ပြီး ရန်ကုန်ခေတ်သစ်က ဦးအောင်လှိုင်ဝင်းကို ဆက်သွယ်မေးမြန်းထားပါသည်။

မေး ။ ။ ယောဂီနန္ဒမာလာ အဖမ်းခံထားရတဲ့ကိစ္စ နောက်ဆုံးဘာများသိထားလဲခင်ဗျ။

ဖြေ ။ ။ သူ ဝမရမ်းအထုတ်ခံထားရတော့ အဖမ်းခံထားရတာပေါ့။ မီဒီယာကို တင်လိုက် ကတည်းက ကျနော့်ဆီကို အနယ်နယ်အရပ်ရပ်က သူလိမ်ထား တယ်ဆိုတဲ့ လူတွေက ဆက်သွယ်ကြတယ်။ တော်တော်များတယ်။ ၁၀ ဦးကျော် လောက်ပေါ့။ နောက်ထပ် တိုးစာရင်းတွေလည်း ကျနော့်ဆီမှာရှိတယ်။ သူတို့ကတော့ မတိုင်ရဲဘူး အရင်ခေတ် တုန်းက။ ဘာလို့မတိုင်ရဲလဲဆိုတော့ အဲဒီတုန်းက အုပ်ချုပ်ရေးနဲ့ပိုင် တယ်ပေါ့နော်၊ အဲဒီလိုပုံစံမျိုးတွေ ခြိမ်းခြောက်တာတွေ၊ နောက်တစ်ခါ သူတို့ အပြောအရပေါ့၊ လူကြီး အိမ်တွေကနေပြီးတော့ လူကြီးကတော်တွေကိုယ်တိုင် အဲဒီလို ဖုန်းဆက်ပြီးတော့ သူတို့ ဒီ အလိမ်ခံထားရတဲ့သူတွေကို ပြန်ပြောတာတွေ ဘာတွေရှိတယ်လို့ ပြောပါတယ်။

ပြောတဲ့အခါကျတော့ သူတို့က မတိုင်ရဲဘူး၊ သွားတိုင်တော့လည်း ဘာမှမထိရောက်ဘူး ဆိုတော့ မတိုင်ခဲ့တာတွေရှိတယ်။ အဲဒါတွေ တိုင်ရင်ကောင်းမလားဆိုပြီး လာပြီး ဆွေး နွေး ကြတာတွေရှိတယ်။ တချို့ကတော့ အသိပေးရုံပဲပေးတာပေါ့။ မတိုင်တော့ဘူး၊ ဒီပိုက်ဆံ သိန်း ၅၀ လောက် ၁၀၀ လောက်နဲ့ မတိုင်တော့ဘူး ဆိုတဲ့လူတွေလည်း ရှိတယ်၊ ဂုဏ်သိက္ခာအရ မတိုင်တော့ဘူးပေါ့နော်။ အဲဒီလိုတွေ့ရတဲ့အခါ ကျနော် ကတော့ မတိုင်ချင်လို့တော့ မဖြစ်ဘူး၊ တိုင်တော့ တိုင်သင့်တယ်ပေါ့နော်။ ရှေ့နေ တွေဘာတွေငှားပြီးတော့ တရားစွဲဖို့တို့ မမိခင်တုန်းက အကြံပေးခဲ့တာတွေရှိတယ်။

မေး ။ ။ ဆရာ့ဆီကို လာပြီး အကြောင်းကြား တိုင်ထားတာ ဘယ် နှစ်ယောက် လောက်ရှိလဲ။
ဖြေ ။ ။ စုစုပေါင်းဆိုရင် ဦး ၂၀ လောက်တော့ရှိတယ်။

မေး ။ ။ ငွေကြေးအားဖြင့် ဘယ်လောက်လောက်ရှိလဲ၊ ဆရာ့ဆီရောက်တဲ့ အမှုပေါင်းရဲ့ ငွေကြေးက ။

ဖြေ ။ ။ ကျနော် ပထမပေါင်းထားတဲ့စာရင်းအရ ၊ တချို့ကလည်း မတိုင်ဘူး၊ မတိုင်ဘဲနဲ့ သူတို့ မိတ်ဆွေကနေပြီးတော့ ပါသွားတဲ့ဟာကို သူတို့ကိုယ်တိုင် နည်းနည်းပါတယ်၊ မိတ်ဆွေက များများပါတယ် အဲဒီလိုဟာတွေတိုင်တယ်။ ပထမစာရင်းအရ ပြီးခဲ့တဲ့ရက် က ပေါင်းထားတာ ငွေကျပ် သိန်း ၉ သောင်းရှိတယ်၊ ဟိုဘက်တစ်ရက်က တစ်ဖွဲ့က လာတိုင်တာကျတော့ သိန်း နောက်ထပ် ၁ သောင်းနဲ့ ၈ ထောင်လောက် ထပ်ပြီးတော့ လိမ်ခံရတာတဲ့။ လွန်ခဲ့တဲ့နှစ်ပိုင်းက အလိမ်ခံခဲ့ရတယ်လို့ သူက အဲဒီလိုတိုင်တယ်။ တိုင်တဲ့ အခါကျတော့ စုစုပေါင်းလိုက်တဲ့အခါကျတော့ လက်ရှိစာရင်းအရ သိန်းပေါင်း ၁ သိန်းကျော်လောက်ရှိတယ်။

မေး ။ ။ အဲဒီအချက်အလက်တွေကျတော့ ဖမ်းလည်းမိသွားပြီဆိုတော့ အာဏာပိုင် အဖွဲ့အစည်း ကိုပို့ဖို့ရှိလားဆရာ။

ဖြေ ။ ။ အဲဒါတော့ ကာယကံရှင်တွေကလေ တချို့ကျတော့ ကိန်းဂဏန်းတွေက သူတို့ ကိုယ်တိုင် ပြောပြတာမဟုတ်ဘူး၊ သူ့ရဲ့မိတ်ဆွေကနေပြီးတော့ တစ်ဆင့်ပြောတာ။ တချို့ကတော့ ပြောပြီးတော့ မပြောပါနဲ့ သူတို့ရဲ့အကြောင်းကို မဖော်ပါနဲ့နော်။ အကြောင်းမျိုးစုံကြောင့်ပေါ့နော်၊ သူတို့ရဲ့ဂုဏ်သိက္ခာအရပေါ့။ ဘာကြောင့်လဲဆိုတော့ တချို့စီးပွားရေးလုပ်ငန်းရှင်တွေက ဥပမာဆိုကြပါတော့ လုပ်ငန်းရှင်ကြီး တစ်ယောက်ဆိုရင် ၂ သောင်းလောက်ပါသွားပေမယ့် သူက သူ့လုပ်ငန်းအတွက်က မဖြစ်လောက်ပါဘူးပေါ့နော်၊ သူချမ်းသာတာနဲ့စာရင်။ ဒါပေမယ့်လို့ မယ်တော်ကြီးက ဒီလိုအလိမ်ခံ ရတာ မှန်းသာသိသွားရင် သူ့ထိခိုက်မှုက ပိုများမယ်ပေါ့၊ သူ့ဘက်က သုံးသပ်တာ ပေါ့နော်။ ဖုန်းလုပ်တဲ့လုပ်ငန်းရှင်ကြီးတစ်ယောက်က ကျနော်နဲ့တွေ့တဲ့အခါ အဲ့ဒီလိုပြောပါတယ်။ ဂုဏ်သိက္ခာအရပေါ့။

မေး ။ ။ အလိမ်ခံရတဲ့ ငွေကြေးပမာဏက သိန်းပေါင်း၁ သိန်းကျော်ရှိတယ်ဆိုတာ လွှတ်တော်ကိုယ်စားလှယ်တစ်ယောက်အနေနဲ့ အာဏာပိုင်ကို အသိပေးဖို့ရှိလား။

ဖြေ ။ ။ ပေးထားပါပြီ၊ အရင်ကတည်းကပေးထားလို့ ဒီလိုမျိုး နိုင်ငံတော်အဆင့် စီစဉ်ဆောင်ရွက်တဲ့ကိစ္စ လုပ်နိုင်တာပေါ့နော်။ ပေးထားပါတယ် အရင်ကတည်းက ပေးထားပါတယ်။ ဒါကတော့ ရဲကိုတော့မဟုတ်ဘူး၊ ဒီထက်မြင့်တဲ့ အဖွဲ့အစည်းကို ကျနော်ပေးထားပါတယ်။ နယ်မြေရဲစခန်းတွေကို ပေးတာမျိုးမဟုတ်ဘူး။

မေး ။ ။ အခု သူက တရားရင်ဆိုင်နေရပြီဆိုတော့ လိမ်ခံထားတဲ့သူတွေက အမှုတွေ ထပ်မဖွင့်ကြဘူးလား။

ဖြေ ။ ။ ကာယကံရှင်တွေကိုတော့ ကျနော်ကတော့ ပြောလို့တော့ ပြောထားတယ်။ တချို့ တိုင်မယ်၊ တရားစွဲမယ်ဆိုတဲ့ အုပ်စုကို။ ဒါပေမယ့် ကျနော်တို့က ဘာပြဿနာ တစ်ခုတက်လဲဆိုတော့ ဒီအလိမ်ခံရတဲ့လူတွေဟာ သက်သေ အထောက်အထားက မပြည့်စုံဘူးဗျ၊ ပွင့်ပွင့်လင်းလင်းပြောရရင်။ မပြည့်စုံဘူးဆိုတာက ဖြစ်သလို အရပ်စာချုပ်တွေနဲ့ ထိုးထားပြီးတော့ မယ်တော်ကြီးကလည်း မလိမ်ခင် ကတည်းက စနစ်တကျ ပြင်ဆင်ထားတာ။ သူ့လက်မှတ်ကိုလည်း မထိုးဘူး၊ မထိုးဘဲနဲ့ တခြားလက်မှတ်အတုလိုဟာမျိုး၊ ဥပမာ တံဆိပ်တုံးလိုဟာမျိုးတွေ ထိုးပေးပြီးတော့ အဲဒါတွေနဲ့ အလိမ်ခံလိုက်ရတာ။ တချို့ကျတော့လည်း လုံး၀ ပိုက်ဆံ ဒီတိုင်းကြီး အလွတ်ပေးလိုက်ရတာ။
အဲဒီအခါကျတော့ သူတို့ဘက်က ဥပဒေရှုထောင့်ကကြည့်ရင် တော်တော်အားနည်း နေတယ်ဗျ၊ အဲဒီပြဿနာကိုလည်း ကျနော်တို့က ရင်ဆိုင်ရဦးမယ်။ ဥပဒေဘက်က ကြည့်ရင် အားနည်းနေတယ်ဆိုတာက သူတို့ ရုံးမှာ တကယ်တမ်း မျက်နှာချင်း ဆိုင်ရှင်းကြရင် ဒါ အပြင်ပြောတဲ့စကားအရတော့ ဟုတ်ပြီ လိမ်တယ်ဆိုတာတော့ သေချာတယ်၊ ဒါပေမယ့် တရားရုံးမှာရှင်းတဲ့အခါကျရင် အခက်အခဲတွေ ကျနော်တို့က အများကြီး။ အဲဒါကြောင့် ကျနော်တို့သိထားတာ ဘာလဲဆိုတာ ကျနော်တို့က ထုတ်ပြောဖို့ မလွယ်သေးဘူးပေါ့။ သူတို့အတွက်ပါ။ ထုတ်ပြောလာရင် တစ်ဖက်က ဘာတွေသိထားလဲဆိုတာကို သိသွားတဲ့အခါ သူတို့က ပြင်ဆင်ဖို့ရသွားမယ်။ Level က ကျနော်တို့ ကစားတဲ့ Level က မညီဘူးဖြစ်နေတယ်။ သူတို့ဘက်က အသာစီး ရနေတယ်။ လက်ရှိကလည်း ငွေတွေက သူ့လက်ထဲမှာ အများကြီးရှိနေတာ ဆိုတော့ သူက အာမခံထုတ်တာမျိုး၊ အာမခံလျှောက်ထားတဲ့အခါမှာ ဘယ်လောက် သိန်းဘယ်လောက်တောင်းမလဲ၊ အဲဒါကို အာမခံနိုင် ပိုက်ဆံပေးပြီးတော့ အပြင်ကိုထွက်သွားနိုင်တယ်။

မေး ။ ။ မယ်တော်ကြီး လိမ်ထားတာက သိန်းပေါင်း ၁ သိန်းကျော်တယ်ဆိုတာ အာဏာပိုင်တွေ သိတယ်ပေါ့။

ဖြေ ။ ။ ရှိတယ်၊ အဲဒါကိုတော့ ကျနော်တို့ကတော့ အသိပေးထားတယ်။ ဒါကိုလည်း ကာယကံရှင်ကိုယ်တိုင်က မပြောပါနဲ့ဆိုပြီးတော့ ပြောတဲ့အမှုတွေကလည်း ရှိသေး တယ်။ အဲဒီတောံ လုပ်ငန်းပိုင်းမှာ သိက္ခာကျတဲ့ဟာတွေရှိတယ်ပေါ့နော်။ အဲဒီလိုမျိုး သူတို့ဂုဏ်သိက္ခာအရ၊ အမှုပြန်ပတ်မှာလည်း ကြောက်တယ်၊ ဘယ်လောက် အလိမ်ခံရလဲ၊ ဘယ်လောက်ပတ်သက်ခဲ့လဲ၊ ဘယ်ကရလဲပေါ့နော်၊ အဲဒီလိုမျိုးဟာ တွေနဲ့မို့ အဲဒါကို သူတို့က မပြောချင်ဘူး။ မပြောချင်တဲ့အခါကျတော့ အဲ့ဒီလိုမျိုး အခက်အခဲတွေလည်း ရှိနေတယ်။ သူက လိမ်တာတော့လိမ်တယ်။

တချို့ကတော့ ကျနော်ရေးတဲ့ ပထမဟာထဲမှာပါသလိုပေါ့နော်၊ တချို့ကလည်း ပွင့်ပွင့်လင်းလင်းပြောရရင် အစိုးရပိုင်းကနေပြီးတော့ အရာရှိကြီးတွေပါတယ်၊ ပါတဲ့အခါကျတော့ သူတို့ကကျတော့ ကျနော်နဲ့တော့ တိုက်ရိုက်မသိဘူး၊ သို့သော် သူတို့က အလိမ်ခံရတယ်ဆိုတာလောက်ပဲ ဝန်ခံတယ်။ ပိုက်ဆံပမာဏ အဲဒီလောက် အများကြီးကို သူတို့ဘယ်ကရလဲဆိုတာ သူတို့မှာလည်း ရှင်းဖို့က အခက်အခဲတစ်ခါ ပြန်ရှိနေပြန်ရော။ ဂုဏ်သိက္ခာပိုင်းအရ ယောဂီက သူက အစောကြီးကတည်းက တချို့ အချက်အလက်တွေ ကိုင်ထားတယ်၊ ကိုင်ထားတဲ့အခါကျတော့ သူ့ကို စွဲတာနဲ့ သူက အဲဒီဟာတွေကို ထုတ်ဖော်မယ်၊ ဘာတွေကိုင်ထားလဲဆိုတာတော့ ကာယကံရှင် တွေပဲသိမှာပေါ့၊ ကျနော်လည်း သိပ်မသိဘူး၊ အဲဒီလိုတွေလည်းရှိတယ်။ အဲဒါကြောင့် မို့လို့ သူတို့လည်း သိပ်မပြောတာ။

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

Related Posts