All News Local News

လားရှိုးနည်းပညာတက္ကသိုလ်ကျောင်းသားသမဂ္ဂဥက္ကဋ္ဌ ကိုစိုင်းကျော်ဇောဟန် ကို ကျောင်းဝင်းထဲအထိ ဝင်ရောက်ဖမ်းဆီး

ရန်ကုန်၊ ဇန်နဝါရီ ၁၅

လားရှိုးနည်းပညာတက္ကသိုလ်ကျောင်းတွင် အပိုငွေကြေးကောက်ခံမှု၊ ကျောင်းအုပ်ချုပ်ရေးအာဏာပိုင် များက ကျောင်းသားသမဂ္ဂဖိနှိပ်မှုကို အစာငတ်ခံ ဆန္ဒပြမှုများ ဆောင်ရွက်ခဲ့သည့် လားရှိုးနည်းပညာတက္ကသိုလ်ကျောင်းသားသမဂ္ဂဥက္ကဋ္ဌ ကိုစိုင်းကျော်ဇောဟန်ကို ယနေ့ တက္ကသိုလ်ဝင်းထဲအထိ အရပ်ဝတ်ရဲများက ဝင်ရောက်ဖမ်းဆီးသွားကြောင်း သိရှိရသည်။

“သူအရင်က ပုဒ်မ ၁၉ နဲ့ အမှုကျန်တာရှိတယ်။ အဲဒါ ကျောင်းထဲကို အတွင်းဝင်းဖမ်းတာ။ ဘယ်သူတွေလဲမသိဘူး။ ဖမ်းဝရမ်းပြဆိုတော့လည်း မပြနိုင်ဘူး။ အရပ်ဝတ်တွေနဲ့ ကားပေါ်ကို အတင်းဆွဲတင်သွားတာ။ အခု ဘယ်စခန်းကလဲဆိုတာ လိုက်နေတယ်” ဟု ကိုစိုင်းကျော်ဇောဟန်၏ မိတ်ဆွေဖြစ်သူ မနန်းမွေနွံလျန်းက ပြောသည်။

ကိုစိုင်းကျော်ဇောဟန်သည် နေပြည်တော် ပညာရေးဝန်ကြီးဌာနထိ ကျောင်းသားများ၏ လိုလားချက်ကို သွားရောက် တင်ပြတောင်းဆိုခဲ့ပြီး ပညာရေးဝန်ကြီးဌာနရှေ့တွင်လည်း ဆန္ဒပြခဲ့သည်။

“အရပ်ဝတ်တွေအပြင်ကားတွေနဲ့အတင်းအကျပ်ကိုလာဖမ်းခေါ်သွားတာပါ။ကျောင်းသားတစ်ယောက်ကိုကျောင်းဝင်းထဲထိ ဒီလိုအတင်းအကျပ်လာဖမ်းတာမျိုးကို တစ်ကြိမ်တစ်ခါမှမကြားခဲ့ဖူးပါဘူး။ ကျောင်းအုပ်ချုပ်ရေးအဖွဲ့ရဲ့ ခွင့်ပြုချက်မရဘဲ ဒီလိုကျောင်းဝင်းထဲလာဖမ်းခွင့်ရှိပါသလား။ ဒါမှမဟုတ် နည်းပညာတက္ကသိုလ် လားရိူး ကျောင်းအုပ်ချုပ်ရေးအဖွဲ့ကဘဲခွင့်ပြုနေသလားဆိုတာကိုလည်းသံသယဝင်မိပါတယ်။လူဆိုးသူခိုး ရာဇဝတ်မှုကျူးလွန်တဲ့သူတွေကိုကြိုးစားပမ်းစားဖမ်းတာမျိုးမတွေ့ရဘဲ အခုလိုကျောင်းသား တစ်ယောက်ကိုတော့ကြိုးစားဖမ်းစားလိုက်ဖမ်းနေတဲ့ ပြည်ထဲရေးနဲ့မြန်မာနိုင်ငံရဲတပ်ဖွဲ့ကိုလည်း အရမ်းကိုအံ့သြမိပါတယ်။အခုထိကိုကျော်စောဟန်ကို လာဖမ်းသွားသူတွေဟာ ဘယ်အဖွဲ့အစည်းကမှန်းသေချာမသိလို ဘယ်ကိုဖမ်းသွားလဲသေချာမသိဘူး” ဟု နန်းမွေနွ့လျန်းက ဆိုသည်။

ရန်ကုန်ခေတ်သစ်က လားရှိုးမြို့နယ်ရဲတပ်ဖွဲ့ထံ ကိုစိုင်းကျော်ဇောဟန် ဖမ်းဆီးခံရမှုနှင့်ပတ်သက်၍ ဆက်သွယ်မေးမြန်းသော်လည်း တာဝန်ခံ ဖြေဆိုမည့်သူမရှိပေ။

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

Related Posts