All News Local News

ရိုက်တာ သတင်းထောက် ၂ ဦး အယူခံမှု ဇန်နဝါရီလ ၁၁ ရက်နေ့ အမိန့်ချမည်

ရန်ကုန်၊ ဇန်နဝါရီ ၈

နိုင်ငံတော်လျှို့ဝှက်ချက်အက်ဥပဒေဖြင့် ထောင်ဒဏ် ၇ နှစ်ချမှတ်ခံထားရသော ရိုက်တာသတင်းထောက် ၂ ဦး၏ အမှုကို ဇန်နဝါရီလ ၁၁ ရက်နေ့တွင် အမိန့်ချမှတ်မည်ဖြစ်ကြောင်း ရန်ကုန်တိုင်းတရားလွှတ်တော်၏ ထုတ်ပြန်ချက်အရ သိရှိရသည်။

“ကျနော်ကတော့ သူတို့ နှစ်ဦးစလုံး ပြန်လွတ်လာမယ်လို့ မျှော်လင့်ပါတယ်။ အကောင်းဆုံးဖြစ်လာမယ်လို့ မျှော်လင့်တယ်” ဟု ရိုက်တာသတင်းထောက် ၂ ဦး၏ ရှေ့နေဖြစ်သူ ဦးသန်းဇော်အောင်က ပြောသည်။

ရိုက်တာသတင်းထောက်နှစ်ဦးအမှုတွင် တရားလိုပြသက်သေ ဒုရဲမှူးဟောင်း မိုးရန်နိုင်က ရဲမှူးချုပ်တင်ကိုကိုက ထောင်ချောက်ဆင် ဖမ်းဆီးကြောင်း ပြောဆိုခဲ့သော်လည်း တရားရုံးက အဆိုပါ သက်သေ ထွက်ဆိုချက်ကို ထည့်သွင်းပြောဆိုခဲ့ခြင်းမရှိပေ။

နိုင်ငံတော်သမ္မတဦးဝင်းမြင့်က ရိုက်တာသတင်းထောက် ၂ ဦး၏ အမှုကို ဥပဒေဘောင်အတွင်းမှ လုပ်ပေးနိုင်သမျှ စဉ်းစားပေးမည်ဟု မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီဝင်တချို့နှင့်တွေ့ဆုံစဉ် ပြောဆိုခဲ့ပြီး ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကမူ ရိုက်တာသတင်းထောက် ၂ ဦးအမှုတွင် တရားသူကြီး၏ ဆင်ခြင်တုံတရားနှင့် ရှေ့နေ၏ သက်သေပြနိုင်မှုပေါ်တွင် မူတည်ကြောင်း ပြောဆိုထားကြသည်။

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကမူ ရိုက်တာသတင်းထောက် ၂ ဦး၏ အမှုသည် သတင်းလွတ်လပ်ခွင့်နှင့်မသက်ဆိုင်ဘဲ ဥပဒေချိုးဖောက်မှုကြောင့်ဖြစ်သည်ဟု NHK သတင်းဌာနနှင့်တွေ့ဆုံမေးမြန်းခန်းတွင် ပြောဆိုထားသည်။

ရိုက်တာသတင်းထောက် ၂ ဦးဖြစ်သည့် ကိုဝလုံးနှင့်ကိုကျော်စိုးဦးတို့ကို နိုင်ငံတော်လျှို့ဝှက်ချက် အက်ဥပဒေ ချိုးဖောက်သည်ဟုဆိုကာ ၂၀၁၈ ခုနှစ်တွင် ထောင်ဒဏ် ၇ နှစ်ချမှတ်ခဲ့ခြင်းဖြစ်သည်။

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

khitthitnews.com

Related Posts

khitthitnews.com